ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ

စင်္ကာပူတွင်ဖျော်ဖြေမည့် သီးလေးသီးအငြိမ့်ပွဲ
December 29, 2007, 12:55 pm
Filed under: News And Activities

၂၀၀၈ခုနှစ် ၊ ဇန်န၀ါရီလ ၁၉ရက်နေ့ (စနေနေ့) ည ၇နာရီမှ ၁၀.၃၀ထိ စင်္ကာပူနိုင်ငံမှာ ဖျော်ဖြေမည့် သီးလေးသီးအငြိမ့်ပွဲအတွက် လက်မှတ်များကို လမ်းပြကြယ်စာကြည့်တိုက်နှင့် မြနန္ဒာဆိုင်တို့မှာ ၀ယ်ယူရရှိနိုင်ပါပြီရှင်။ လမ်းပြကြယ်စာကြည့်တိုက်ဖွင့်ချိန်တွေကတော့ စနေနေ့ နေ့လည် ၂နာရီမှ ည ၉ နာရီထိ ၊ တနင်္ဂနွေနေ့ နေ့လည် ၁၂ နာရီမှ ည ၉ နာရီထိ ၊ ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီမှ ည ၉ နာရီထိ ဖြစ်ပါတယ်။ လက်မှတ်တစ်စောင်ကို $15, $20, $25 အသီးသီးဖြင့် ၀ယ်ယူနိုင်ပါတယ်ရှင်။ ကျင်းပမည့်နေရာကတော့ Lavender MRT အနီး ၊ Foo Chow Building ဖြစ်ပါတယ်။

သီးလေးသီးအငြိမ့်အဖွဲ့တွင် လူရွှင်တော် စိန်သီး၊ ပန်းသီး၊ ဇီးသီး၊ ကြယ်သီးနှင့် ဂေါ်ဇီလာ၊ မင်းသမီး ချောစုမျိုး နှင့် မြင့်သန္တာစိုး (စပယ်ငုံ) တို့ ပါဝင်ကပြဖျော်ဖြေပါမည်။ ပြည်သူ့အတွက် အနုပညာရှင်အစစ်ဖြစ်သော သီးလေးသီးအငြိမ့်အဖွဲ့ကို အားလုံးတက်ရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

မျိုးမစစ်တို့ဖျော်ဖြေပွဲ
December 29, 2007, 5:35 am
Filed under: Strongly Suggestion

စည်းလုံးကြပါ

2008 Jan 2 ရက်နေ့တွင် စင်္ကာပူနိုင်ငံ မြန်မာသံရုံးမှ Mandarin Hotel, Orchard တွင်ပြုလုပ်မည့် လွတ်လပ် ရေးနေ့ အထိမ်းအမှတ် ကပွဲ၌ Poly ကျောင်းသားဟောင်း/သစ်များ အပါအ၀င် န အ ဖ ကပ်ဖား ယပ်ဖား အောက်ဆွဲများ၊ မျိုးချစ်စိတ် ကင်းမဲ့သူများ ဖျော်ဖြေကပြ အသုံးတော်ခံရန် ရှိပါသည်။

န အ ဖ များကို ကပြဖျော်ဖြေမည့် အက၀ါသနာရှင်များ စက်တင်ဘာအရေးအခင်း အပါအ၀င် အရေးအခင်း တိုင်း မှာ ကျဆုံးသွားခဲ့သော ရဟန်း၊ ရှင်လူ ပြည်သူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ု န အ ဖ စစ်အာဏာရှင်တွေ ရဲ့ ရက်စက်ယုတ်မာမှုကို ဘယ်တော့မှမမေ့ပါနဲ့။

လူတွေအကုန်လုံး ကြေကွဲစွာ ခံစားနေရချိန်မှာ န အ ဖ လို ကျက်သရေ တစ်စက်မှ မရှိတဲ့ လူ့မိစ္ဆာတွေရဲ့ဖျော် ဖြေခိုင်းမှုကို လက်ခံခြင်းမှာ န အ ဖ ၏လုပ်ရပ်တွေကို ထောက်ခံနေတာနဲ့ အတူတူပါပဲ။

ဒီတော့ မိမိတို့ဟာ ဘာလဲ။ န အ ဖ အောက်ဆွဲတွေလား။ ဒါဆိုရင်လည်း ရှင်းပါတယ်။ ဒါမှ မဟုတ်ဘူးဆိုရင် တော့ မိမိတို့ ဘာလုပ်သင့်တယ်ဆိုတာ အချိန်မနှောင်းခင် သေသေချာချာစဉ်းစားဆုံးဖြတ်ပါ။ လူ့အသိုင်းအ၀ိုင်း က စက်ဆုတ်ရွံရှာရတဲ့သူ မဖြစ်ပါစေနဲ့။

န အ ဖ စစ်အာဏာရှင်အုပ်စုတွေရဲ့ ဒီပွဲကို မပျက်ပျက်အောင် ဖျက်ဖို့ ၊နအဖစစ်အာဏာရှင်အုပ်စုကိုမထောက် ခံကြောင်း ပြသဖို့အတွက် လွတ်လပ်ရေးနေ့ တိုက်ပွဲအနေနဲ့ မျိုးချစ်စိတ်ရှိသူတိုင်း မိမိတတ်နိုင်ရာနေရာကနေ ပါဝင်ဆောင်ရွက်ကြပါ။ မိမိဝန်း ကျင်မှာ ရှိသောလူများ ထိုဖျော်ဖြေပွဲကို တက်ရောက်ဖို့အစီစဉ်ရှိပါက မတက်ရောက်ဖို့ ၊ ပါဝင် ဆောင်ရွက်ခြင်း မပြုကြဖို့ အချင်းချင်း လက်ဆင့်ကမ်း တိုက်တွန်းပေးကြပါ။

ဖိတ်ကြားထားခံရသော စီးပွားရေးလုပ်ငန်းရှင်များ ၊ ကျောင်းသူကျောင်းသားများ မျိုးချစ်စိတ်ဓါတ် ရှိတယ်ဆိုရင် မထောက်ခံကြောင်းဆန္ဒပြသောအနေနဲ့ မတက်ရောက်ကြပါနဲ့။ အားလုံးဟာ တစ်သွေးတစ်သားတည်း ၊ စည်းလုံးမှုရှိကြောင်း ပြကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

စစ်အာဏာရှင်ကိုဆန့်ကျင်သူများ

သတ္တိရှိသူများ (ခ) သီးလေးသီးအငြိမ့်အဖွဲ့
December 28, 2007, 4:31 pm
Filed under: Videos

အငြိမ့်တွေကို ကြည့်ရတာဝါသနာမပါတဲ့ကျွန်မ လွန်ခဲ့တဲ့ရက်ပိုင်းကမှ ဆေးရောင်စုံအငြိမ့်ကို ကြည့် ဖြစ်လိုက်တယ်။ အစအဆုံး သေချာကြည့်ပြီးချိန်မှာ စိတ်ထဲမှာ သီးလေးသီးအဖွဲ့ကို အရမ်း လေးစား သဘောကျမိသလို စိတ်ထဲမှာလည်း မကောင်းဖြစ်မိတယ် ..။ ရင်ထဲရှိတာပြောခွင့်လေးတောင်မရတဲ့ မြန်မာ ပြည်ကြီးမှာ ရှိတဲ့ ကျွန်မအပါအ၀င် မြန်မာလူမျိုးအားလုံးအတွက် ရင်နာမိလို့ပါ။ သီးလေးသီးအဖွဲ့ရဲ့ပြောင် မြောက် တဲ့ အနုပညာအရည်အချင်းကို မှတ်တမ်းတင်ထားတဲ့အနေနဲ့ ကျွန်မဘလော့ခ်မှာ ဖော်ပြဂုဏ်ပြု ပေး လိုက်ပါတယ်။

သီးလေးသီးအဖွဲ့က မလေးရှား ၊ ထိုင်း နဲ့ စင်္ကာပူနိုင်ငံတို့မှာ မကြာခင် ဖျော်ဖြေမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ (၃၀) ရက်နေ့မှာ မလေးရှားတွင် ဖျော်ဖြေမည့် အငြိမ့်ပွဲကို ကွာလာလမ်ပူမြို့ရှိ ကိုတာရာယာ ကုန်တိုက်၌ နေ့လည် (၁၂) နာရီမှ ညနေ (၄) နာရီထိ ပြုလုပ်မည် ဖြစ်ပြီး တဦးလျှင် ၀င်ကြေး မလေးရှားငွေ (၂၅) ရင်းဂစ် သတ်မှတ်ထားပါတယ်။ ဇန်န၀ါရီ ၆ ရက်နေ့ပီနန်မြို့မှာ ဖျော်ဖြေမယ်လို့ ကြားသိရပါတယ်။ မလေးရှားက မြန်မာများ ရွှေမြန်မာများရပ်ဝန်းမှာ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ စင်ကာပူအငြိမ့်ပွဲကို ဇန်န၀ါရီလ ၁၉ ရက်နေ့ ၊ Lavendar MRT အနီးရှိ Foo Chow အဆောက်အဦ၌ ကပြမည်ဖြစ်ပြီး တဦးလျှင် ၀င်ကြေး စင်ကာပူ ဒေါ်လာ (၂၀) ခန့် ကောက်ခံရန်ယာထားပါတယ်။ အသေးစိပ် အချက်အလက်တွေကို သေချာသိပြီးသွားရင် ကျွန်မ update လုပ်ပေးပါ့မယ်။

‘ ပြည်သူ့အတွက်အနုပညာရှင်များ´စာရင်းထဲမှာ ပါဝင်တဲ့ သီးလေးသီးအငြိမ့်အဖွဲ့ကိုအားလုံး တက်ညီလက်ညီ အားပေးကြရအောင် လားရှင်။

နှစ်ဟောင်းတစ်ခု .. နှုတ်ဆက်ချိန်
December 28, 2007, 6:44 am
Filed under: Festival

ပြက္ခဒိန်အသစ်လေးတွေက တန်းစီပြီး ကြိုတင်ရောက်နေပြီ .. ။ နာရီမြည်သံလေးတွေကလဲ နှစ်သစ်ရောက်ဖို့ ရက်ကို တဖြေးဖြေး ချဉ်းကပ်လာနေပါပြီ .. ။ ဆောင်းရာသီဟု မ ပီပြင်စွာ ခေါ်ဆိုရမည့် ပူလွန်းလှသော နေရာမှာပဲ နှစ်သစ်ဆိုတာ ရောက်လာပါတော့မယ် ..။ နှစ်သစ်အတွက် ကျွန်မ အပါအ၀င် အားလုံး ဘာတွေ များပြင် ဆင်ပြီးပြီလဲ။ နှစ်ဟောင်းရဲ့အညစ်အကြေးတွေအားလုံး နှစ်သစ်ကိုတော့ မယူဆောင်သွားသင့်တော့ဘူး။ နှစ်သစ်မှာ စိတ်ကူးစိတ်သန်းအသစ်တွေနဲ့ မိမိကိုယ်ကို ပိုမိုကောင်းမွန်လာအောင် ပြုမူကျင့်ကြံ နေထိုင်ရပါမယ်။ တစ်နှစ်ကုန်သွားပြီးချိန်မှာ `ဒီနှစ် အတွက် ငါဘာတွေများလုပ်ခဲ့လဲ´ဆိုပြီး မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ဝေဖန်မိတယ်ဆိုရင်တော့ အကောင်းဆုံးပါ ..။ နှစ်သစ် အတွက် ဘာတွေ လုပ်ရမလဲ ဆိုတဲ့ စိတ်ကူးစိတ်သန်းလေးတွေကိုလည်း ကြိုတင်စဉ်းစားထားဖို့လဲ အကြံပေးချင်ပါတယ်ရှင်။ တစ်နှစ်ကုန်လို့ နောက်တစ်နှစ်ကူးပြောင်းသွားချိန်မှာ အားလုံးက အသက်တစ်နှစ်ပိုကြီးသွားပါတယ်။ အသက်က တစ်နှစ်ပိုကြီးသွားတာနှင့်အမျှ လုပ်ရပ်တွေကရော တိုးတက်လာသလား ၊ ဆုတ်ယုတ်သွားသလား အသေအချာဝေဖန်ပိုင်းခြားရပါ့မယ်။ လူတိုင်းက အချိန်နှင့်အမျှ အမြဲတမ်းအလုပ်ရှုပ်နေတာများပါတယ်။ နှစ်သစ်ရောက်ခါနီးမှာ အားလုံး အနည်းနဲ့အများ အားလပ်ရက်လေးတွေ ရကြမှာပါ။ ဒီရက်ပိုင်း တွေမှာ မိမိစိတ်ကို အစာကျွေးပြီး ၊ လူကိုလည်း ပင်ပန်းနွမ်းနယ်မှုတွေကနေ အားအင်အသစ်တွေ ပြန်ရအောင် ကြိုးစားရမှာပါ။

`အောင်မြင်ခြင်းနဲ့ရှုံးနိမ့်ခြင်း´ဆိုတာ လူတိုင်းအတွက် အမြဲတမ်းကပ်လျက်တွဲနေတဲ့ မရှိမဖြစ်အရာတစ်ခုပါ .. ။ အချို့ကလဲ ၂၀၀၇ခုနှစ်မှာ အောင်မြင်ခြင်းအသီးအပွင့်တွေကို စားသုံးခွင့်ရချင်ရလိမ့်မယ်။ အချို့ကတော့ မအောင်မြင်သေးခင် ကြားကာလနဲ့ ရှုံးနိမ့်နေခြင်းဆိုတဲ့ကာလမှာ ရှိကောင်းရှိနိုင်ပါတယ် ။ စိတ်ညစ်နေတာတွေပဲဖြစ်ဖြစ် ၊ စိတ်ပျက်နေတာတွေပဲဖြစ်ဖြစ် ၊ စိတ်ဓါတ်ကျနေတာတွေပဲဖြစ်ဖြစ် အစရှိတဲ့ ခံစားမှုတွေအားလုံးကို နှစ်ဟောင်းမှာပဲ ကျွန်မတို့အားလုံး စွန့်ပစ်ထားခဲ့ကြရမယ်ဆိုရင် ပိုမို သင့်လျော်ပါလိမ့်မယ် .. ။ နှစ်သစ်တစ်ခုကို ကြိုဆိုရမှာ စိတ်ရော ၊ လူရော ၊ မိမိနေထိုင်ရာ ပတ်ဝန်းကျင်ရော မလိုတာတွေမရှိဘဲ ရှင်းသန့်နေဖို့လိုပါတယ်။ နှစ်တစ်နှစ်ကုန်ဆုံးခါနီးမှာ ကျွန်မကတော့ တစ်အိမ်လုံးကို ချောင်ချိုချောင်ကြားပါမကျန် ပစ္စည်းတွေအကုန်ဆွဲထုတ်ပြီး မလိုအပ်တာတွေ စွန့်ပစ်ပါတယ် .. ။ လိုအပ်တာ တွေ ထပ်ဖြည့်ထားပါတယ် .. ။ အိမ်မှာ ပစ္စည်းအထားအသိုတွေကို မြင်ကွင်းအသစ်ဖြစ်အောင် အနေအထား အချို့ကို ရွှေ့လိုက်ပါတယ်။ စာကြည့်စားပွဲနဲ့စာအုပ်တွေ ၊ ပစ္စည်းတွေအားလုံးကို ခါတိုင်းထားနေကျလို မထားဘဲ ပုံစံအသစ်တစ်မျိုးနဲ့ ပြောင်းထားကြည့်လိုက်ပါတယ် . .။ စိတ်ကိုလည်း လန်းလန်း ဆန်းဆန်း ဖြစ်နေ အောင် မိမိလုပ်ချင်တာလေးတွေကိုလုပ် ၊ အိမ်မှာ နားနားနေနေ နေပြီး အပန်းဖြေလိုက်ပါတယ်။

ပိုတိုးတက်တဲ့နိုင်ငံမှာနေတဲ့လူတွေက ပိုပြီး stress များပါတယ်။ ရာထူးကြီးလေလေ ၊ လုပ်ကိုင်ရတဲ့အလုပ်က များပြားလေလေ လူတစ်ယောက်ရဲ့တာဝန်တွေက ပိုများလာပါတယ်။ အဲဒီအခါမှာ လူတွေက စိတ်ပင်ပန်းနွမ်းနယ်မှုတွေအပြင် တစ်ခါတစ်ရံ လိုချင်သလောက်မရတဲ့အခါ ၊ ဖြစ်ချင်တာတွေ မဖြစ်လာတဲ့အခါ စိတ်ဓါတ်တွေလည်းကျလာကြပါတယ် .. ။ နှစ်သစ်ကိုပျော်ရွှင်စွာကြိုဆိုနိုင်ဖို့အတွက် မိမိမပျော်ရွှင်မှုရဲ့ အဖြေ ကို ရှာကြည့်လိုက်ပါ။ ရှင်းလို့မရတဲ့ ပြဿနာဆိုတာ မရှိပါဘူး။ မိမိကိုဒုက္ခပေးနေတာ တကယ်တော့ မိမိ ရဲ့စိတ်ပဲဖြစ်တဲ့အတွက် အဲဒီစိတ်မှ စိတ်ချမ်းသာမှုကိုရအောင် ကြိုးစားကျင့်ကြံပါ။ နှစ်သစ်မရောက်ခင် အနည်းဆုံးတစ်ရက်လောက် ဘယ်မှမသွားဘဲ အိမ်မှာ နားနားနေနေ နေကြည့်လိုက်ပါ။ အခုခေတ်က Shopping Mall ခေတ်ဖြစ်နေပါတယ်။ လူတွေအားလုံးက အိမ်မှာသိပ်မနေဘဲ အပြင်မှာချည်း လှိမ့်နေတာ များပါတယ်။ လူတစ်ယောက်ရဲ့စိတ်ရော ကိုယ်ရော လန်းဆန်းတက်ကြွဖို့အတွက် သက်သက်သာသာ အနား ယူခြင်း ဆိုတာ မရှိမဖြစ် လိုအပ်သောအရာတစ်ခုဖြစ်တဲ့အတွက် အပြင်မသွားဘဲ အိမ်မှာ သက်သက်သာသာ နားကြည့်လိုက်ပါ။

ရှေ့ဆက်ရမယ့် အနာဂတ်ခရီးလမ်းအတွက် ကြိုတင်ပြင်ဆင်စရာတွေကို အားလပ်ရက်မှာ စိတ်အေးအေးဖြင့် စဉ်းစားပုံဖော်ရင်း မိမိချစ်တဲ့မိသားစု (သို့မဟုတ်) ချစ်ရသူတွေအတွက် ပုံမှန်အချိန်ပေးတာထက် အနည်းငယ် ပိုပေးလိုက်ပါ။ အားလုံး စိတ်သစ် ၊ လူသစ် ၊ အကြံဥာဏ်သစ်တွေဖြင့် လန်းဆန်းတက်ကြွစွာ နှစ်သစ်ကိုကြိုဆိုနိုင်ပါစေရှင် .. ။

Pakistan’s Bhutto assassinated at rally
December 27, 2007, 3:48 pm
Filed under: News And Activities

Pakistan’s Bhutto assassinated at rally

Benazir Bhutto assassinated

ပါကစ္စတန်မှ ဒီမိုကရေစီခေါင်းဆောင် Benazir Bhuttoနှင့် အဖွဲ့ဝင် အနည်းဆုံး ၁၄ဦးခန့် အသေခံဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားခဲ့ပါပြီ .. ။ ဒီသတင်းကိုကြားကြားခြင်း ကျွန်မ တအားထိတ်လန့်ခြင်းနှင့်အတူ စိတ်မကောင်းခြင်းများစွာ ဖြစ်ပေါ်ရပါတယ်။ မယုံကြည်နိုင်စရာသတင်းတစ်ခုပါပဲ။ ဒါပေမယ့် မယုံလို့လဲမရတော့ဘူး။ သူမဟာ တကယ်ကိုသေဆုံးသွားခဲ့ပါပြီ။ သူမယုံကြည်တဲ့ လမ်းကြောင်းမှန်တစ်ခုနဲ့ ခံယူချက်အတွက် အသက်ကိုပေးပြီး ပေးဆပ်ခဲ့ပါပြီ။ အန္တရာယ်တွေ အမြောက်အမြားရှိနေတယ်ဆိုတာ သိလျက်နဲ့ သူမက ပါကစ္စတန်နိုင်ငံအတွက် လမ်းမှန်ကိုဆက်လက်လျှောက်ခဲ့ပါတယ်။ ဒီပုံစံအတိုင်းဆို ကျွန်မတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက်လဲ ပိုမိုအထူးပြုဂရုစိုက်ရပါတော့မယ်။