ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ

ဒီမိုကရေစီသင်ခန်းစာများ
April 22, 2009, 3:12 am
Filed under: E-Books

Lessons in Democracy ( Burmese Translation ) Lessons in Democracy ( Burmese Translation ) linletkyalsin

Publish at Scribd or explore others: Magazines & Newspape democracy lessons

ပင်စင်ရောဂါ
November 6, 2008, 4:32 pm
Filed under: E-Books, Essays And Stories
ဆရာကြီး မြသန်းတင့်ရေးသားသော `ပင်စင်ရောဂါ´၀တ္ထုတိုလေးကို ဖတ်ကြည့်ပြီးချိန်မှာ အဓိက ဇာတ်ကောင် ၂ဦးလုံးကို အပြစ်တင်ရက်ခြင်း မရှိလောက်အောင် အခြေအနေများကို စာနာမိပါတယ်။ ဒီဝတ္ထုထဲမှာ သရုပ်ဖော်ထားသော ဆရာဝန်ကို သူ့လုပ်ရပ်အတွက် စာဖတ်သူများ အပြစ်တင်ကြမှာလား ကျွန်မသိချင်မိပါတယ်။

ပင်စင်ရောဂါ

ဒီနေ့ညအဖို့ ပထမဦးဆုံးရောက်လာတဲ့ လူနာပဲ။ လူနာက အမျိုးသမီး ၊ အသက်သုံးဆယ်ကျော် လေးဆယ်တွင်းလောက်မှာပဲ ရှိဦးမယ်ထင်တယ်။ အသားဖြူဖြူ ခပ်၀၀ရယ် ၊ သိပ်အ၀ကြီးတော့ မဟုတ်ဘူးပေါ့လေ။ ခပ်ဖိုင့်ဖိုင့်လို့ ပြောရမှာပေါ့။ အရပ်
ကလည်း မနိမ့်မမြင့် ၊ မျက်လုံးမျက်ခုံးကောင်းကောင်းနဲ့။ အဲ .. နှာယောင်ကတော့ နည်းနည်းပြားတယ်လို့ ခေါ်ရမယ်ထင်တယ်။ နှာတံပေါ်တယ်လို့ မပြောနိုင်ဘူး။ သူ့လက်ထဲမှာ ဆွဲခြင်းကလေးတစ်ခု ဆွဲလာတယ်။ ခေါက်ထီးကလေးတစ်လက်လည်း ပါလာတယ်။

ပြီးတော့ လက်သုတ်ပ၀ါနဲ့ ပတ်ထားတဲ့ ထမင်းဘူးရယ်။ ဓာတ်ဗူးသေးသေးသလေး တစ်လုံးရယ်ပေါ့။ ကော်ဖီတို့ ဘာတို့ ထည့်မှာပေါ့။ ဒါကိုကြည့်ပြီး အမျိုးသမီးဟာ စနစ်တကျ ချွေချွေတာတာ ၊ စည်းကမ်းရှိရှိနဲ့ နေတတ်စားတတ်တဲ့ အမျိုးသမီးတစ်ယောက်လို့ ကျွန်တော်တွက်လိုက်တယ်။ အ၀တ်အစားကလည်း သန့်သန့်ပြန့်ပြန့်ပါပဲ။ ဆံပင်ကို နောက်တွဲကလေးရိုးရိုးထုံးထားပြီး အင်္ကျီလက်ရှည်အဖြူနဲ့ အကောင်းစားပါတိတ်တစ်ထည်ကို ၀တ်ထားတယ်။ သူ့ကိုကြည့်ရတာ လူနာတစ်ယောက်နဲ့ မတူဘူး။ ပကတိကျန်းမာနေတဲ့ ရုပ်မျိုးပဲ။ နှုတ်ခမ်းတွေက ရဲလို့။ အသားအရေကလည်း ကြည်လို့။

`ဆို ဘာဖြစ်တာလဲ´

ကျွန်တော်က ဆရာဝန်တွေ ဆေးခန်းဝမှာ နှုတ်ဆက်လေ့ရှိတဲ့ စကားနဲ့နှုတ်ဆက်လိုက်တယ်။

`ဘာမှတော့ မဖြစ်ပါဘူး ဆရာ။ အင်ဗေလစ်ပင်စင် တင်ချင်လို့ ဆရာ့ဆီက ထောက်ခံချက်ကလေး လာတောင်းတာပါ´

ကျွန်တော် မျက်ခုံးကို ပင့်လိုက်မိတယ်။ သူ့အရွယ်က အရွယ်ကောင်းတုန်း။ အလွန်ဆုံးရှိမှ အသက် ၄၀ပေါ့။ ဒီအရွယ်မှာ ဘာဖြစ်လို့ ဆေးပင်စင်ယူချင်ရတာလဲ။ ကျွန်တော့်ဆီကိုလာပြီး ဆေးပင်စင်အတွက် ဆေးလက်မှတ်လာတောင်းတဲ့ သူတွေ အများကြီးရှိပါတယ်။ တချို့က တကယ်အသက်ကြီးလာလို့ ကျန်တဲ့ တစ်နှစ် နှစ်နှစ်ကလေးကို ပင်စင်နဲ့သွားချင်တယ်။

တချို့က အသက်ငယ်ပေမယ့် တကယ့်ကိုနေထိုင်မကောင်းဖြစ်လို့ ပင်စင်ယူချင်တာ။ ဥပမာ တချို့အမျိုးသမီးတွေဆိုရင် အသက်သိပ်မကြီးသော်လည်း မီးယပ်စတဲ့ အမျိုးသမီးရောဂါတို့ ၊ သားအိမ်တို့ ၊ ရင်သားကင်ဆာတို့ဘာတို့ ဖြစ်လို့ ကောင်းကောင်းမကျန်းမာတော့တာနဲ့ပဲ ပင်စင်ယူချင်ကြတာ။ တချို့ကျတော့လည်း ၀န်ထမ်းအလုပ်ထက်ပိုပြီး ၀င်ငွေကောင်းတဲ့ အရောင်းအ၀ယ်လုပ်ငန်းတို့ ဘာတို့ကို လုပ်ချင်လို့ ဆေးပင်စင်လျှောက်ကြတာ။ နည်းနည်းပါးပါးလည်း ရောဂါလေး ဘာလေးတော့ ရှိတာပေါ့လေ။ ရောဂါမရှိဘဲနဲ့ ဆရာဝန်က ဘယ့်နှယ်လုပ်ပြီး ဆေးထောက်ခံချက်ပေးနိုင်ပါ့မလဲ။

Download Full Story From Mediafire

Download Full Story in Scribd

သခင်လေးပြန်လာပြီ
October 22, 2008, 12:00 am

The Return of Khoka BabuUpload a Document to Scribd

စာရေးဆရာကြီး ရာဝိန္ဒြာရာနတ် တဂိုး၏ ၀တ္ထုတိုများထဲမှ ကျွန်မနှစ်သက်သော ၀တ္ထုတိုတစ်ပုဒ်ဖြစ်ပါတယ်။ ဆရာကြီး မြသန်းတင့် ဘာသာပြန်ဆိုခဲ့ခြင်းများထဲမှ ကောက်နှုတ်ဖော်ပြထားခြင်းပါ။

သ၀န်တိုတယ်
September 21, 2008, 1:32 am

အခုတစ်လော ကျွန်မ အလုပ်များနေတာကြောင့် ရေးလက်စ စာတွေကို လက်စမသပ်နိုင် ဖြစ်နေတဲ့အတွက် ဒီလ အမှတ်တရ(၇)ရက်နေ့မှာ မဖော်ပြဖြစ်ခဲ့သော ၀တ္ထုတိုတစ်ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်ရှင်။ ကိစ္စသေးသေးလေးတွေမှာ စိတ်နုတဲ့အမျိုးသမီးသဘာဝအရ ပိုသ၀န်တိုတတ်လေ့ရှိပါတယ်။ သ၀န်တိုခြင်းဟာ ဘယ်လောက်ထိဖြစ်တတ်သလဲဆိုတာကို ခံစားဖတ်ရှုကြည့်နိုင်ပါတယ်။

သ၀န်တိုတယ်
လွန်းထားထား (ဆေးတက္ကသိုလ်)

သူ့ရဲ့ချစ်သူဖြစ်ခွင့်ရတဲ့အတွက်လည်း ကျွန်မအမြဲဂုဏ်ယူကျေနပ်ခဲ့ရပါတယ်။ ဘယ်သူ့ကိုမှ ကျွန်မထက်ပိုပြီး ချစ်မြတ်နိုးဦးစားပေးခြင်း မရှိခဲ့တဲ့ သူ့ကို ကျွန်မ မက်မက်မောမော ယုံယုံကြည်ကြည်နဲ့ပဲ လက်ထပ်ခဲ့ပါတယ်။

၁)
တကယ်ပါ .. ။ ကျွန်မ ဘ၀တစ်လျှောက်လုံးမှာ သူ့ကို အခုတစ်ကြိမ်လောက် ဘယ်တုန်းကမှ သ၀န်တိုငြူစူခြင်း မရှိခဲ့ဖူးပါဘူး။ ချစ်သူဘ၀တုန်းကတောင် သူ့ကို သ၀န်မတိုခဲ့ရပါဘူး။ သူကလည်း ကျွန်မကလွဲလို့ ဘယ်မိန်းမကိုမှ မျက်လုံးနဲ့တောင် မပြစ်မှားခဲ့သူလေ။ အဲဒီလောက် တည်ငြိမ်အေးဆေးခဲ့သူပါ။

ချစ်သူဘ၀တစ်လျှောက်လုံး ကျွန်မကလွဲလို့ ဘယ်သူ့ကို ဦးစားမပေးခဲ့။ ကျွန်မကို ဦးစားပေးလွန်းလို့ သူ့ သူငယ်ချင်းတွေနဲ့လည်း မကြာခဏ ပဋိပက္ခဖြစ်ခဲ့ရသူ .. ။ သူ့မိဘတွေနဲ့ ယှဉ်လိုက်ရင်လည်း ကျွန်မမှ ကျွန်မ။ ကျွန်မကတော့ အလိုလိုက်ခံရလွန်းတဲ့ ကလေးတစ်ယောက်လို သူ့အပေါ် အမြဲဗိုလ်ကျနွဲ့ဆိုး ဆိုးခဲ့သူပါ။

သူ့ရဲ့ချစ်သူ ဖြစ်ခွင့်ရခဲ့တဲ့အတွက်လည်း ကျွန်မ အမြဲဂုဏ်ယူ ကျေနပ်ခဲ့ပါတယ်။ ဘယ်သူ့ကိုမှ ကျွန်မထက်ပိုပြီး ချစ်မြတ်နိုးဦးစားပေးခြင်း မရှိခဲ့တဲ့ သူ့ကို ကျွန်မ မက်မက်မောမော ယုံယုံကြည်ကြည်နဲ့ပဲ လက်ထပ်ခဲ့ပါတယ်။

ကျွန်မနဲ့ သူ့ကို စံပြချစ်သူတွေအဖြစ် သတ်မှတ်ထားခဲ့ကြတဲ့ ကျွန်မရဲ့သူငယ်ချင်းတွေက ကျွန်မတို့ အိမ်ထောင်ရေးကိုလည်း စံပြအိမ်ထောင်ရေး ဖြစ်လာလိမ့်မယ်လို့ ကြိုတင်နိမိတ်ဖတ်ခဲ့ပါရဲ့။

တကယ်လည်း ကျွန်မတို့ နှစ်ယောက်ရဲ့ အိမ်ထောင်ဦးဘ၀ဟာ ပြောစရာ မရှိလောက်အောင် ပြီးပြည့်စုံ ခမ်းနားခဲ့ပါတယ်။ စားအတူ ၊ သွားအတူ အမြဲမခွဲဘဲ တတွဲတွဲရှိခဲ့ပါတယ် .. ။ မြင်သူတကာတိုင်းလည်း သိပ်ချစ်တတ်ကြတဲ့ ကျွန်မတို့နှစ်ယောက်ကို အမြဲချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

ကျွန်မတို့နှစ်ယောက်ကြားကို `သူ´ ရောက်လာခဲ့တဲ့ အချိန် မတိုင်ခင်အထိပေါ့လေ … ။

အပြည့်အစုံဖတ်ရှုရန် ဤနေရာတွင် ဒေါင်းလော့ခ်ဆွဲယူပါ။

ပို့စကတ်လေးတစ်စောင်
July 8, 2008, 4:48 pm

ဒီလ (၇)ရက်နေ့အတွက်တော့ အဆက်ဟောင်း ၊ အချစ်ဟောင်းတွေနဲ့ ပတ်သတ်၍ ဖြစ်တတ်သည့် ပြဿနာအချို့ကို ဖော်ပြထားသော ၀တ္ထုတိုလေးတစ်ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ် .. ။ အဆက်ဟောင်းပဲဖြစ်ဖြစ် ၊ အချစ်ဟောင်းပဲဖြစ်ဖြစ် .. ထိုသူတွေနဲ့ပတ်သတ်လာရင် အနည်းနှင့်အများ သ၀န်တိုကြ ၊ မကြိုက်ကြတာ လူ့သဘာဝပါပဲ .. ။ မည်သူမျှ ထိခိုက်နစ်နာခြင်း မရှိကြဘဲ စုံတွဲတိုင်း အဆင်ပြေစွာ ဖြေရှင်းနိုင်ဖို့ စာရေးဆရာမ မိုးမိုး(အင်းလျား)ရဲ့ စံနမူနာ ၀တ္ထုတိုလေးတစ်ပုဒ်ကို မျှဝေခံစားပေးလိုက်ပါတယ်။

ပို့စကတ်လေးတစ်စောင်

အဖြစ်ဟောင်းဟူသည် လူတိုင်းကိုယ်စီရှိကြစမြဲ ။ အချစ်ဟောင်းဆိုသည်မှာလည်း များသောအားဖြင့် ရှိခဲ့ကြစမြဲ။ ထို့ကြောင့်လည်း မောင့်တွင် အချစ်ဟောင်း ရှိခဲ့ဖူးသည်နှင့်ပတ်သတ်၍ ကျွန်မစိတ်မှာ အထူးအထွေ မဖြစ်မိ။ ကျွန်မတွင်လည်း ရှိခဲ့သည်သာ။

ငယ်ကအချစ် အနှစ်တစ်ရာဆိုသော်လည်း မောင်နှင့်လက်ထပ်ပြီးသည့် အချိန်မှစ၍ ကျွန်မသည် အချစ်ဟောင်းရော ၊ အချစ်နှောင်းပါမေ့ပြီတည်း။ ကျွန်မဘ၀တွင် မောင်သာရှိသည်။ ကျွန်မအချစ်သည် မောင့်ဆီမှာသာ တည်သည်။ မောင့်ကိုလည်း ထိုသို့ပင်ဖြစ်စေချင်သည်။ သို့သော် မောင်က သည်နှယ်မဟုတ်။

ကျွန်မတို့ လက်ထပ်ပြီးသည့်နောက် မောင့်အိမ်မှာပင် ကျွန်မလိုက်နေရသည်။ မောင့်အိပ်ရာ ၊ မောင့်စားပွဲ ၊ မောင့်စာအုပ်စင်တို့သည် ယခင်လူပျိုဘ၀အတိုင်း နေရာမပျက်ရှိနေသည်။ မောင့်ရည်းစားစာ တစ်ထပ်ကြီးကလည်း မောင့်စာအုပ်စင်မှ စာအုပ်ကြားတွင် နေရာမပျက်။ ကျွန်မစာများက အပေါ်ဆုံးမှာ ဆိုပါတော့။ နောက်ဆုံးရည်းစားစာပေကိုး။

ကျွန်မက ကျွန်မစာများမှလွဲ၍ ကျန်သောစာများကို ထီးနန်းချလိုက်သည်။ သွားလေရော အချစ်ဟောင်းများ ၊ သွားလေရော အဖြစ်ဟောင်းများ။ ကျွန်မတို့သည် အချစ်သစ်နှင့် ဘ၀သစ်ထူထောင်မည့်သူများ မဟုတ်ပါလား။ ကျွန်မ လုပ်သည်ကို မတရားပါဟု မည်သူပြောမည်နည်း။ မောင့်ဘ၀တွင် ကျွန်မခြယ်လှယ်ပိုင်ခွင့်ရှိပြီ။

သို့သော် ကျွန်မစိတ်ကို တစ်စုံတစ်ခုသည် အနှောင့်အယှက်ပေးလျက်ရှိသည်။ မောင့်စာများထဲတွင် အထင်ရှားဆုံး ၊ အများဆုံးနေရာယူထားသော စာရွက်ပြာပြာလေးများပါတည်း။ သူမကို မောင်အချစ်ခဲ့ဆုံး ထင်သည်။ သူမကလည်း မောင့်ကို အတော်လေးချစ်ခဲ့ပုံရသည်။ သူမ၏ လက်ရေးက လှပသည်။ အရေးအသားက ချွဲနွဲ့သည်။ သူ့အမည်က `စံပယ်´။ နာမည်ရင်းတော့ မဟုတ်တန်ရာ။ မောင်တင်စားပေးထားသော နာမည်ဖြစ်ကောင်းဖြစ်မည်။ မောင့်ကို ကျွန်မ ဘာမျှမမေး။ ကျွန်မတစ်ယောက်လုံး အနားမှာ ရှိလျက် အတိတ်ကချစ်သူကို တမ်းတသတိရစေမည့်အဖြစ်မျိုး ကျွန်မ မလိုလား။ ထို့ကြောင့် သတိရစရာအကြောင်းကို ကျွန်မဖန်တီးမပေး။ ဒါမျိုးဆိုတာ ကြာရင်မေ့မြဲ။ မေ့လည်း မေ့စေရမည်။ မမေ့ဘဲ ရှိနေသေးသည်ဆိုလျင်တော့ ကျွန်မညံ့လို့ပဲ။

`စာ ခင်ဗျ´

စာပို့လုလင်ထံမှ စာတစ်စောင်ကို ကျွန်မလှမ်းယူလိုက်သည်။ သို့သော် စာမဟုတ် ၊ ပို့စကတ်လေးတစ်ခုဖြစ်သည်။ မောင့်အမည်ကို လိပ်တပ်ထားသည်။ မှ ဟူသော ဘက်တွင် ဘာမျှမရေးထား။ သည်လက်ရေးကို မြင်ဖူးသည်။ ကျွန်မကောင်းကောင်းမှတ်မိသည်။ မောင့်ဆီမှာ အများဆုံးတွေ့ရသော စာရွက်ပြာပြာလေးများထဲမှ သည်လက်ရေး။ ရုပ်ပုံရှိရာဘက်သို့ လှန်၍ ကြည့်လိုက်သည်။ အမယ် အမယ် ၊ အဓိပ္ပါယ်ကလည်း အပြည့်အ၀ပါလား။ ပြာသောကောင်းကင်နောက်ခံတွင် သစ်ကိုင်းလေးတစ်ခု ထိုးကျနေသည်။ ရွက်ဝါလေးများ လေတွင် လွင့်ဝဲနေသည်။ သစ်ကိုင်းပေါ်တွင် ငှက်ကလေးတစ်ကောင်တည်းမှ တစ်ကောင်တည်း။ ဖော်ကွဲတဲ့ငှက်ငယ်အသွင်။

အတ္တရောင်ပြန်
June 7, 2008, 4:10 am
Filed under: E-Books

လတိုင်းရဲ့ ၇ ရက်နေ့တိုင်း တစ်ခုခုမှတ်သားစရာ စွဲကျန်ရစ်တတ်တဲ့ ၀တ္ထုတိုလေးတွေကို ကျွန်မ စာဖတ်သူတွေအတွက် ကြိုးစားဖော်ပြပေးခဲ့ပါတယ်။ တစ်ချို့ရသ၀တ္ထုတိုလေးတွေကတော့ ကျွန်မကိုယ်တိုင် ရေးဖြစ်သလို အချို့ဝတ္ထုတိုတွေကိုတော့ ကျွန်မနှစ်သက်ဖတ်ရှုမိတာတွေထဲကနေ ရွေးချယ်ဖော်ပြပေးခဲ့ပါတယ်။ အမှတ်တရဆိုတာလူတိုင်းမှာ ရှိစမြဲပါပဲ .. ။ (၇)ရက်နေ့တစ်ရက်ဟာ ကျွန်မအတွက် မေတ္တာရေးနှင့်ပတ်သတ် အမှတ်တရနေ့တစ်ခုဖြစ်တာမို့ ထိုနေ့တွေတိုင်းမှာ မေတ္တာရေးနှင့်ပတ်သတ် မှတ်သားဖွယ်အကြောင်းအရာကိုပဲ ကျွန်မရွေးချယ်ဖော်ပြပေးလေ့ရှိပါတယ် ။

ဒီတစ်လမှာတော့ ခါတိုင်းဖော်ပြနေကျ စာရေးဆရာတွေမဟုတ်ဘဲ လူကြိုက်များသလို မကြိုက်သူလည်းများတဲ့ စာရေးဆရာမ လွန်းထားထား(ဆေးတက္ကသိုလ်)ရဲ့ `အတ္တရောင်ပြန်´ ၀တ္ထုတိုလေးကို ဖော်ပြပေးလိုက်ပါတယ်။ ဇတ်လမ်းတွေရေးတိုင်း မိုးခေါင်နေအောင် မြင့်မြင့်မားမားတွေရေးတတ်တဲ့ ဆရာမလွန်းထားထားကို လူတိုင်းဝေဖန်လေ့ရှိပါတယ်။ ကျွန်မအတွက်က သိုင်းဝတ္ထုတွေကလွဲ ကျန်သောမြန်မာစာအုပ်များကို ဖတ်ရှုလေ့ရှိသူပီပီ စာရေးဆရာတစ်ယောက်ရေးသမျှထဲမှာ ကြည့်တတ်ရင် မှတ်သားစရာတွေရှိတာမို့ ဆရာမလွန်းထားထားရေးထားသည့်စာအုပ်များထဲမှ မှတ်သားဖွယ်အကြောင်းအရာလေးတွေကိုလည်း အားပေးဖတ်ရှုလေ့ရှိပါတယ်။ အစားထိုးလို့ရသည့် အရာနှင့် အစားပြန်ထိုးမရသည့် အရာများကို စဉ်းစားဆုံးဖြတ်ရင်း မေတ္တာနှလုံးသားများအားလုံး ဖူးပွင့်လန်းဆန်းပျော်ရွှင်နိုင်ကြပါစေရှင်။

အတ္တရောင်ပြန်

“သူ့လောကလေးထဲမှာ .. သူ့စာအုပ်တွေသာ ပထမ ၊ သူ့စာအုပ်တွေသာ ဒုတိယ ၊ သူ့စာအုပ်တွေသာ တတိယ ၊ အဲဒီလောက် သူမြတ်နိုးတန်ဖိုးထားတတ်တာလေ .. ။ အဲ .. သူမြတ်နိုးတန်ဖိုးထားရမယ့် အရာတစ်ခု ရှိရဦးမှာပေါ့ .. ။ ဟုတ်သားပဲ .. သိပ်မြတ်နိုးစရာကောင်းလှတဲ့ ဆံပင်ရှည်ရှည် ခန္ဓာပါးလျလျနဲ့ မာနကြီးပုံရတဲ့ မျက်နှာလှလှကလေးနဲ့ ကောင်မလေးပေါ့ .. ။ သူမကလည်း သူ့ရဲ့ကျဉ်းမြောင်းလှတဲ့ ကမ္ဘာလေးထဲမှာ အရေးပါ အရာရောက်တဲ့ သူ့ရဲ့အဓိပ္ပါယ်ကလေးတစ်ခုပေါ့ .. ။

သူမကို သူ ချစ်စကားပြောတဲ့နေ့တုန်းကဆို ဘယ်လောက်တောင် ရယ်မောဖွယ်ကောင်းသလဲဆိုတာ ၀တ္ထုတွေထဲကလို လက်ဖျားခြေဖျားတွေ အေးတာမျိုးလည်းမဟုတ်။ မျက်နှာပူနွေးတယ်ဆိုတာမျိုးလည်း မရှိဘဲ ရင်ထဲတရှိန်းရှိန်း တဖိန်းဖိန်းနဲ့ ဓါတ်လိုက်ခံရသလို ခံစားနေရတာလေ။ ရင်တွေခုန်ပြီး ချွေးတွေပြန်လိုက်တာလည်း အလွန်ပဲ။ အဲဒီတုန်းက လက်ထဲမှာ ဆရာအောင်လင်းရဲ့ `အရိုင်းစံပယ်´ ၀တ္ထုစာအုပ်ကို တင်းတင်းဆုပ်ပြီး အထဲက `မ´ကို သူမနဲ့တူစေချင်နေခဲ့မိတယ်။ ဒါပေမဲ့လေ သူမက `မ´ထက်ပိုပြီး မာနကြီးတယ်။ `မ´လို အေးဆေး ရောင့်ရဲတက်မှာ မဟုတ်တာလည်း သေချာတယ်။ စိတ်ကူးထက် လက်တွေ့ကို ပိုပြီးသဘောကျတဲ့ပုံပဲ။ ပြီးတော့ သူ့လက်ထဲကစာအုပ်ကိုကြည့်ပြီး

`ရှင့်ကြည့်ရတာ စာသိပ်ဖတ်မဲ့ပုံပဲနော်´

လို့စကားလွှဲပြောတယ်။ တကယ်တမ်း သူပြောနေတာက သူမကို ချစ်တဲ့စကားပဲ။ သူမဟာ သူဖတ်ခဲ့တဲ့ စာအုပ်တွေထဲက မိန်းကလေးတွေလို `အို´ခနဲ အော်ပြီး ခေါင်းလေးငုံ့ရှက်သွေးဖြာသွားတဲ့ အမူအရာမျိုး ဘာလို့ မလုပ်တာပါလိမ့်။ သူမကြည့်ရတာ ထမင်းစားရေသောက်စကားတစ်ခွန်းကို နားထောင်နေသလိုပဲ။ ရင်ခုန်ပုံလည်း မရပါဘူး။ ဘယ်လိုမိန်းမမျိုးပါလိမ့်။

ဒါပေမဲ့ သိတဲ့အတိုင်းပဲ။ သူက စာကြမ်းပိုးမဟုတ်လား။ သူဟာ စာအုပ်တွေအကြောင်းကို အမျှင်မပြတ် ပြောမိသွားတာ။ သူမကိုချစ်တဲ့အကြောင်းတွေ ပြောဖို့တောင် မေ့လျော့သွားတဲ့အထိပါပဲ။ ဓာတ်လိုက်သလို ခံစားရတဲ့ ရင်ခုန်မှုဆိုတာဟာလည်း ကြက်ပျောက်ငှက်ပျောက်။ နောက်ဆုံးမှာ သူမက

`ရှင့်ကြည့်ရတာ .. ကျွန်မထက် စာအုပ်တွေကို ပိုစိတ်ဝင်စားသလိုပဲနော်။ ဟုတ်လား´တဲ့။

အမယ်လေး။ သူ ကံကောင်းသွားတာက ယောင်ယမ်းပြီး ခေါင်းညိတ်လိုက်မိတော့မလို့ဗျို့။ သူ ရှက်ရယ်ရယ်ပြီး `မဟုတ်ပါဘူးဗျာ´လို့ လိမ်လိုက်ရတယ်။ သူမက မလိုတမာနဲ့ သူ့မျက်လုံးတွေထဲ ခပ်စူးစူးစိုက်ကြည့်နေတော့ သူ မနေတတ် မထိုင်တတ်ဖြစ်ပြီး လွှတ်ခနဲထွက်သွားတဲ့စကားက

`မမိုးရော ဘာစာအုပ်တွေကြိုက်တတ်လဲဟင်´ တဲ့လေ .. ။ သူမက နှုတ်ခမ်းတင်းတင်းစေ့ပြီး `ငြိမ်းကျော်စာအုပ်တွေ´လို့ ဖြေတယ်။ သူတို့ခပ်ငြိမ်ငြိမ် လမ်းလျှောက်လာခဲ့ကြပြီး လမ်းခွဲကြခါနီးမှာမှ သူမက

`ရှင် ကျွန်မကိုချစ်တာအမှန်ပဲလား´

`ဟာ အမှန်ပဲပေါ့´

သူ တက်တက်ကြွကြွ ဖြေလိုက်တယ်။ သူ ဖြေချင်တာက အမှန်တော့ အဲဒီစကားမဟုတ်ဘူး။ ငြိမ်းကျော်ဝတ္ထုတွေ အိမ်မှာ စီးရီးအစအဆုံး ရှိတဲ့အကြောင်း ဂုဏ်ယူဝင့်ကြွားချင်တဲ့စကားပဲ။ ဒါပေမယ့် သူမျိုသိပ်ထားလိုက်ရတယ်။ သူမ ကြည့်ရတာ သူ့စာအုပ်တွေကို သဲသဲလှုပ် စွဲလမ်းမက်မောတာကို သိပ်ကြည့်လို့ရတဲ့ ပုံစံမပေါ်ဘူး။ မိန်းကလေးတွေဟာ သ၀န်တိုတတ်တယ်လို့တော့ ကြားဖူးသား။ ဒါပေမယ့် အဓိပ္ပါယ် မရှိဘူး။ သူမဟာ စာအုပ်တွေကိုတောင် ဖက်ပြိုင်သ၀န်တိုနေပုံပဲ။ ရယ်စရာကောင်းလိုက်တာ။ မိန်းမတွေဟာ အတော်ရယ်စရာ ကောင်းတာပဲနော် ။ ဒါပေမဲ့ သူ မဝေဖန်ရဲဘူး …. “

အပြည့်အစုံဖတ်ရှုရန် ဤနေရာတွင် ဒေါင်းလော့ခ်ဆွဲယူပါ။

Follow

Get every new post delivered to your Inbox.