ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


သူတို့တွေနဲ့ မတူချင် (နန္ဒာသိန်းဇံ )
January 5, 2010, 7:52 am
Filed under: Articles


ပင်လယ်ရေပြင်ကျယ်ကြီးနားရောက်တော့ လေပြင်းမုန်တိုင်းတွေ ၊ သင်္ဘောပျက်တာတွေကိုလည်း မြင်ယောင်ကြည့်ဖြစ်နေတယ်။ သဘောင်္ပျက်လို့ ဖောင်တစ်ခုပေါ်ရောက်နေတဲ့ လူတစ်စုအကြောင်းကိုလည်း အမှတ်ရပါရဲ့ ။ မသေမပျောက်ဘဲ ဖောင်ပေါ်ရောက်တဲ့အတွက် ကံကောင်းတယ်လို့ ယူဆရမှာလား .. ။

ဖောင်ပေါ်မှာက လူခုနှစ်ဦး .. ။ အဲဒီခုနှစ်ဦးထဲက တစ်ဦးကတော့ ကံကောင်းလို့ ဖောင်ပေါ်ရောက်နေတယ်လို့ မြင်ပုံမရဘူး။ သူက တစ်လောကလုံးကို အမြဲပဲအဆိုးမြင်နေတတ်တဲ့ အဆိုးမြင်ဝါဒီ Pessimist ဖြစ်တယ်တဲ့။ လောကမှာ ကောင်းမြတ်ပါပေတယ်ဆိုတဲ့ အရာတွေဟာ တကယ်တော့ လူကို ဒုက္ခပိုရောက်အောင် ဆွဲဆောင်လှည့်စားနေတာတွေဖြစ်တယ်။ ဒီတော့ .. ကောင်းမြတ်ပါပေတယ် ဆိုတာတွေဟာ တကယ်တော့ ကောင်းမြတ်တာတွေ မဟုတ်ဘူးလို့ သူကမြင်တယ်။ အခုလည်း သင်္ဘောပျက်ပြီး ဖောင်ပေါ်ရောက်နေတာဟာ ကံကောင်းလို့ ရောက်နေတာမဟုတ်ဘူး။ ဒုက္ခများများ လူမှာရောက်ဖို့အတွက် အချိန်ဆွဲထားတဲ့ သဘောပဲလို့ သူမြင်တယ်။

ဖောင်ပေါ်က နောက်တစ်ဦးကတော့ အတ္တဗဟိုပြုသမား Egocentric အတ္တဗဟိုပြုဝါဒီဖြစ်တယ်။ သူ့ရဲ့ လက်သုံးစကားကတော့ ဒီကနေ့မှာ ရနိုင်သမျှ ကာမဂုဏ်အာရုံတွေကို ခံစားသာယာပစ်လိုက်ဆိုတာပဲတဲ့။ အခုလို ဖောင်ပေါ်ရောက်နေတုန်းမှာလည်း သက်သက်သာသာလေး နေလို့ရရင် သက်သက်သာသာပဲ နေလိုက်မယ်လို့ သူက သဘောထားတယ်။ အတ္တသမားပီပီ ဖောင်ပေါ်မှာ သူ့အတွက် သက်သက်သာသာ နေလို့ရအောင် ၊ သူများတွေထက် နေရာကျယ်ကျယ်ရအောင် ၊ ထိုင်နိုင် အိပ်နိုင်အောင် ယူထားတယ်။

ဖောင်ပေါ်မှာ နောက်တစ်ဦးကတော့ အကောင်းမြင်သမား Optimist ဖြစ်တယ်။ သူက အကောင်းမြင်သမားပီပီ မိုးကုပ်စက်ဝိုင်းဆီ လှမ်းမျှော်ပြီး ကမ်းကိုမြင်ရတော့မှာပါလို့ ပြောနေတယ်။

ဖောင်ပေါ်က နောက်တစ်ဦးကတော့ စူးစမ်းလေ့လာရေးသမား Observer ဖြစ်တယ်။ စူးစမ်းလေ့လာရေးသမားပီပီ သူကတော့ ပင်လယ်ရဲ့ အနေအထား ၊ လှိုင်းလေတွေရဲ့ အတိုးအဆုတ် ၊ ဖောင်ပေါ်က လူတွေရဲ့ အပြုအမူ ၊ အစာငတ် ရေငတ်ဖြစ်နေကြပုံ ၊ ဖောင်ရဲ့ ပျက်စီးလုနီးနီး အခြေအနေ .. ဒါတွေကို မှတ်တမ်းတင်ဖို့ ကြိုးစားနေတယ်။

ဖောင်ပေါ်က နောက်တစ်ဦးကတော့ အများအကျိုး ဆောင်ရွက်တာကောင်းတယ်လို့ ယူဆတဲ့ ပရဟိတ၀ါဒီ Altruist ဖြစ်တယ်တဲ့ .. ။ ငါဟာ သူတစ်ပါးကို အကူအညီမပေးဘဲ မနေသင့်ဘူး။ သူတစ်ပါးအကျိုးကို ရွက်ဆောင်သင့်တယ်ဆိုတဲ့ အယူအဆ ခိုင်လုံဖို့အတွက် ဆင်ခြင်ဆင်လက်တွေကို သူကရှာနေတယ်တဲ့။

ဖောင်ပေါ်က နောက်တစ်ဦးကတော့ အဆိုးအကောင်းဟူသမျှကို ကြိတ်မှိတ်ပြီး ခံတတ်သူ Stoic ဖြစ်တယ်။ သူက ဘာကိုမှ မယုံကြည်ဘူး။ သူယုံကြည်တာက ပင်လယ်ထဲခုန်ချပြီး ဘ၀ကို မြန်မြန်အဆုံးစီရင်ပစ်လိုက်တော့မယ် .. ဆိုတဲ့စိတ်ဖြစ်လာတိုင်း ခုန်မချဖြစ်အောင် အဆုံးမစီရင်ဖြစ်အောင် ငြင်းဆန်နေတဲ့ သူ့ရဲ့ ငြင်းဆန်ချက်ကိုတော့ မှန်တယ်လို့ ယုံကြည်နေတာတဲ့ .. ။

ဖောင်ပေါ်က နောက်ဆုံးတစ်ဦးကတော့ လောကကြီးအကြောင်း ဘာဆိုဘာမှမသိတဲ့ ကလေးငယ်ကလေးဖြစ်တယ်။ ဖောင်ရဲ့ မခိုင်ခံ့တော့တဲ့အဖြစ် ၊ ညအမှောင်ထု ဖုံးလွှမ်းလာတော့မယ့် အဖြစ်ကို စိုးရိမ်ရကောင်းမှန်းလည်းမသိ။ မုန်တိုင်းလာတော့မယ့် အတိတ်နိမိတ်တွေကိုလည်း ကလေးငယ်ဟာ ကြောက်ရကောင်းမှန်း မသိဘူး။ ကလေးငယ်အတွက်တော့ ဖောင်ပျက်ရင်လည်း ပျက်တဲ့အထဲပါမယ် ၊ ပင်လယ်ရေထဲကျမယ် ၊ ဒီအတွက် ကလေးငယ်ဟာ တွေးလည်းမတွေးတတ်ဘူး။ ဒီတော့ ကြောက်ရကောင်းမှန်းလည်း မသိဘူး။ စိုးရိမ်ထိတ်လန့်မှုလည်း မရှိဘူး။ အခြေအနေပေးရင်လည်း မိုးလင်းတဲ့အခါ ကမ်းခြေကို ဖောင်ဆိုက်မယ်။ ကလေးငယ်ဟာ ကမ်းပေါ်ရောက်မယ်။ ကလေးငယ်ရဲ့ ဘ၀ဟာ ၊ အခြေအနေတွေဟာ ဖန်တီးတဲ့အတိုင်း ဖြစ်မှာပဲ။

ဖောင်ပေါ်က လူခုနှစ်ဦးဟာ လောကမှာရှိတဲ့ လူတွေမှာ ဖြစ်တတ်တဲ့ သဘောထားခုနှစ်မျိုးကို ရည်ညွှန်းထားတာ ၊ လောကနဲ့ ဘ၀ကို အကောင်းမြင်တဲ့လူရှိတယ်။ အကောင်းမြင်ပေမယ့် လက်တွေ့မှာ ကောင်းတာ ၊ မှန်တာတွေကို မလုပ်နိုင်သူ မဖြစ်ဖို့လည်း လိုမှာပဲ။ လောနဲ့ဘ၀ကို အဆိုးဘက်က ကြည့်မြင်တဲ့လူလည်း ရှိတာပဲ။ အဆိုးမြင်ရာကနေပြီး စိတ်ဓာတ်တွေကျဆင်း ပြိုကွဲသွားသူမျိုး မဖြစ်ဖို့လည်း လိုလိမ့်မယ် .. ။ ပြီးတော့ လူ့လောကမှာ အတ္တဗဟိုပြုသမားတွေလည်း ရှိတယ်။ ဒီလူတွေကတော့ ဘယ်သူသေသေ ၊ ငါတေမာရင်ပြီးရော .. ဆိုတာလို သူတစ်ပါးတွေ ဘယ်လိုဒုက္ခတွေ ရောက်ရောက် ၊ ငါကောင်းစားချမ်းသာရင် ပြီးရောဆိုပြီး သဘောထားတယ်။ ဒီသဘောထားနဲ့ ကိုယ့်အကျိုး ကိုယ့်စီးပွားကိုပဲ ရှာရင်း လောကကြီးကို အရုပ်ဆိုးအောင် လုပ်ကြတယ်။

ပရသမားကတော့ အများအကျိုးသယ်ပိုးခြင်းဟာ ကောင်းတယ်လို့မြင်တယ်။ ဒါပေမယ့် ပရသမား အရေအတွက်ဟာ လူ့လောကမှာ အရေအတွက်အားဖြင့် သိပ်ကိုနည်းတယ်ဆိုတာ တွေ့နိုင်တယ်။

ဖောင်ပေါ်က ကလေးငယ်လို ဘာကိုမှ အလေးအနက်မသိသူ ၊ ဘာကိုမှ အလေးအနက်မထားသူ .. ဖြစ်သလို ကြုံသလို နေသူတွေလည်းရှိမယ်။ ဖြစ်ချိန်တန်ဖြစ် ၊ ပျက်ချိန်တန်ပျက် ၊ သူ့သဘော သူဆောင်သွားလိမ့်မယ်လို့ သဘောထားသူတွေလည်း ရှိမယ်။ အများကြီးရှိနေလိမ့်မယ်လို့ .. တွေးရင်း .. ဖောင်ပေါ်က လူအမျိုးအစား ခုနှစ်မျိုးထဲမှာ ငါ .. ဘယ်အမျိုးအစားမှာ ပါသလဲ .. လို့တွေးတယ်။ ဘယ်အမျိုးအစားထဲမှာမှ မပါချင်ဘူးလို့ စိတ်ထဲမှာ ပြောလည်းပြောလိုက်ရော .. ကျောက်ဆောင်ကို ရိုက်လိုက်တဲ့ လှိုင်းကနေ စင်လာတဲ့ ရေတွေက တစ်ကိုယ်လုံးကို တုပ်တုပ်နစ်အောင် ရွှဲစိုသွားတယ်။ ပြန်လှည့်ဆင်းသွားတဲ့ ပင်လယ်ရေရဲ့အသံဟာ တဟားဟားရယ်မောသွားသလိုပဲ … ။

နန္ဒာသိန်းဇံ ( အင်တာဗျူး ဂျာနယ် ၊ အမှတ်-၁၂၁ ၊ ၀၃-၀၄-၂၀၀၂ )

Typed By LLKS



"2010" New Year Countdown Show – The Float @ Marina Bay
January 1, 2010, 3:10 pm
Filed under: Festival, Lin Let Kyal Sin, Photos

လှပသော ဒီဇင်ဘာဟာ လူတိုင်းရင်ထဲက နှစ်တစ်နှစ်၏အဆုံးသတ်အဖြစ် လက်ပြနှုတ်ဆက်သွားပြီး နှစ်သစ် “၂၀၁၀”ခုနှစ် ရောက်ရှိသွားခဲ့ပြီ .. ။

သူများတွေ လွတ်လပ်စွာပျော်ရွှင်နေခဲ့သော ခရစ်စမတ်ကာလမှာ ကျွန်မအတွက် စာမေးပွဲကြီး ဖြေဆိုနေခဲ့ရတာ .. ဒီဇင်ဘာလ (၃၀)ရက်နေ့မှ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတယ် .. ။ ပင်ပန်းမှုတွေအားလုံးကို စာနာရင်း ချစ်သူက အလိုက်သိသိနဲ့ ဒီဇင်ဘာလ (၃၁)ရက်နေ့ည Marina Bay, The Float မှာကျင်းပသော “Celebrate 2010” နှစ်သစ်အကြို countdown show ပွဲကို လိုက်ပို့ပေးခဲ့ပါတယ် ။

ဒီနေရာဝန်းကျင်ဟာ အမြဲတမ်း ဖြတ်သန်းသွားလာဖြစ်ပေမယ့် နှစ်သစ်အကြိုညမှာ မီးရောင်စုံများစွာနဲ့ ရှုမြင်ကွင်းဟာ တမျိုးတဖုံ လှပနေတာကို သတိပြုမိပါတယ်။ အေးချမ်းလွတ်လပ်သော outdoor ကျင်းပမှုကို ကျွန်မပိုသဘောကျတယ်။ ပြည့်နှက်နေသော ပရိတ်သတ်တွေနဲ့ ထူးချွန်သော တေးဂီတရှင်များဖျော်ဖြေမှုအောက်မှာ ဒီဇင်ဘာရဲ့ နောက်ဆုံးညဟာ လှပစွာ အသက်ဝင်နေသလို ချစ်သူစုံတွဲများ ၊ မိသားစုများရဲ့ အပြုံးမျက်နှာလေးတွေကလည်း နှစ်သစ်မှာ ပိုမိုပျော်ရွှင်ပြည့်စုံစေကြဖို့ အားမာန်တွေသလား ထင်မှတ်ရပါတယ်။

နှစ်တစ်နှစ်ကူးပြောင်းတိုင်း .. လူတွေအားလုံး ကောင်းမွန်သော ရည်ရွယ်ချက်တွေ ၊ စိတ်ကူးတွေနဲ့ ပျော်ရွှင်စွာ သီကုံးကြပြီး လက်တွေ့လုပ်ဖြစ်မှုအခြေအနေတွေ ကျွန်မအပါအ၀င် လူအများစုဟာ အားနည်းကြတာကြောင့် မိမိဆန္ဒ ၊ ရည်မှန်းချက် ၊ စိတ်ကူးစိတ်သန်းတွေကို ခိုင်မာစွာ ထားရှိကြပြီး လက်တွေ့မှာလည်း မဖြစ်ဖြစ်အောင် ကြိုးစားလုပ်ဆောင်နိုင်ကြဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

မိခင်ကမ္ဘာမြေမှာ အေးချမ်းသာယာသော .. မင်္ဂလာရှိသော နှစ်သစ်ပေါင်းများစွာ အစဉ်အမြဲ ရှင်သန်တည်ရှိနေပါစေ .. ။

Happy New Year “2010” !!!







( A Beautiful & An Enjoyable Night Together )





( New Year Fireworks )


(၂၁)နှစ်ပြည့် မွေးနေ့မင်္ဂလာနှင့် လက်ထပ်ထိမ်းမြားခြင်း (၁)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည် .. နေ့ဆွမ်းကပ်လှူခြင်း
December 16, 2009, 10:15 am
Filed under: Lin Let Kyal Sin



၂၀၀၉ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့မှာ ကျွန်မရဲ့ (၂၁)နှစ်ပြည့် မွေးနေ့နှင့်အတူ လက်ထပ်ထိမ်းမြားခြင်း မင်္ဂလာနှစ်ပတ်လည် (၁)နှစ် ပြည့်သွားခဲ့ပါပြီ .. ။ နောက်တပတ်ထဲမှာ စာမေးပွဲနှင့် နောက်ငါးလလောက်ဆိုရင် ပြီးဆုံးတော့မည့် ပညာရေးတစ်ခုအတွက် အားသွန်ခွန်စိုက် လုပ်နေခဲ့ရင်း ဒီနှစ် မွေးနေ့မင်္ဂလာအတွက် စင်္ကာပူနိုင်ငံ ဓမ္မဥယျာဉ်ကျောင်းမှာ ရင်းနှီးသော မိတ်ဆွေအနည်းငယ်နှင့်အတူ ကျွန်မတို့ ဇနီးမောင်နှံ နေ့ဆွမ်းကပ်လှူခဲ့ပါတယ် .. ။ နောင်ဘ၀များစွာတိုင် .. သံသရာတစ်လျှောက်လုံး ချစ်ခင်စွာ ပြန်လည်ဆုံဆည်းချင်သည့် ဆန္ဒများဖြင့် … ကျွန်မတို့ဇနီးမောင်နှံ ဆရာတော်ထံ ၀တ္ထုကပ်လှူဒါန်း အမျှပေးဝေ ရေစက်အတူချခဲ့ပါတယ်။ မအားလပ်တာကြောင့် အချိန်မရသော ကျွန်မအတွက် စိတ်ထဲ ဖြစ်ချင်ခဲ့သော .. နေ့ဆွမ်းကပ်လှူရန်အတွက် အစစအရာရာ စီစဉ်ဆောင်ရွက်ပေးခဲ့သော ချစ်သူခင်ပွန်းကို ချစ်ခင်မြတ်နိုး ကျေးဇူးတင်မိသလို နေ့ဆွမ်းကပ်ချိန် ၀ိုင်းဝန်းပြင်ဆင်ပေးခဲ့ကြသော မိတ်ဆွေရင်းများကိုလည်း ကျေးဇူးတင်မိပါတယ် .. ။





ဓမ္မဥယျာဉ်ကျောင်းဆရာတော်က ကျွန်မအတွက် မွေးနေ့မင်္ဂလာဆုတောင်းစာပေးခဲ့ပြီး ကျွန်မတို့ဇနီးမောင်နှံ မင်္ဂလာနှစ်ပတ်လည်အတွက် နောင်ဘ၀များစွာတိုင်အောင် ဆုံဆည်းနိုင်မည့်နည်းလမ်းကို မြတ်စွာဘုရားရှင် ဟောကြားခဲ့သည့်တရားထဲမှ ကောက်နှုတ်ဟောကြားပေးခဲ့ပါတယ်။ ချစ်ခင်ရပါသော ဇနီးမောင်နှံများဟာ ဒီဘ၀တစ်ခုတည်းအပြင် နောင်ဘ၀များစွာဆုံဆည်းနိုင်သည့် နည်းလမ်းတရားကို ကျွန်မတို့ နှစ်သက်စွာ နာကြားရင်း မွေးနေ့နှင့် မင်္ဂလာနှစ်ပတ်လည်အစီစဉ်လေးဟာ အောင်မြင်လှပစွာ ပြီးဆုံးသွားခဲ့ပါတယ် .. ။

မနှစ်က ဒီအချိန်လေးဟာ ရင်ခုန်ကြည်နူးခြင်းများစွာဖြင့် အသက်ဝင်လှပခဲ့သလို ဒီနှစ် မင်္ဂလာနှစ်ပတ်လည်လေး အေးချမ်းလှပစွာ တည်ရှိနေခဲ့ပုံက စိတ်နှလုံးသားကို ပြုံးပျော်စေခဲ့ပါတယ် .. ။

ဘ၀မှာ မိတ်ဆွေလည်းဖြစ် ၊ ချစ်ရသူလည်းဖြစ် ၊ မိသားစုဝင်လည်းဖြစ်သော ကိုယ့်ရဲ့ ဘ၀လက်တွဲဖော်နှင့် ရင်ဆိုင်ဖြတ်သန်း ကြိုးစားတည်ဆောက်သမျှဟာ စာဖွဲ့သီကုံးပြဖို့ .. စကားလုံးတွေ ရှာမတွေ့တာကြောင့် ရင်ထဲခံစားရသမျှနှင့် တူညီသော သီချင်းလေးတစ်ပုဒ်ကိုပဲ ဖော်ကျူးလိုက်ပါတယ်ရှင် … ။

တွဲလက်များ




စင်္ကာပူနိုင်ငံ ပထမဦးဆုံးအကြိမ် စာပေဟောပြောပွဲ (၂၀-၁၂-၂၀၀၉)
November 29, 2009, 10:56 am
Filed under: Invitation

(ပုံများကို အကျယ်ချဲ့ကြည့်ရန် ပုံများပေါ်တွင် click ခေါက်ပေးပါ)

Speakers : Chit Oo Nyo, Nay Win Myint and Jue

Ticket price is S$15.

Purchase your tickets from:

Daw Than Than Nu [Tha Pyay Nu] (6336 7703, 6336 7601)
Ko Zaw Zaw Naing (9850 6046)
Ma Yin Htoo Htoo Naing (9450 2646)





စင်္ကာပူနိုင်ငံ ဓမ္မဥယျာဉ်ကျောင်း တန်ဆောင်တိုင် ကထိန်အလှူပွဲ (Sembawang )
October 28, 2009, 2:18 am
Filed under: Festival

(ပုံများကို အကျယ်ချဲ့ကြည့်ရန် ပုံများပေါ်တွင် click ခေါက်ပေးပါ)

အောက်တိုဘာလ (၂၅)ရက်နေ့ .. တနင်္ဂနွေနေ့ မနက်(၁၀)နာရီမှ ညနေ(၄)နာရီထိ စင်္ကာပူနိုင်ငံဓမ္မဥယျာဉ်ကျောင်းမှ ပြုလုပ်ကျင်းပသော ကထိန်အလှူပွဲကို ကျွန်မ သွားရောက်အားပေးခဲ့ပါတယ် .. ။ စင်္ကာပူနိုင်ငံ .. ကထိန်အလှူပွဲတွေကျင်းပတိုင်း အစားအသောက်ဈေးရောင်းပွဲအများစုကိုသာ တွေ့ကြုံဖူးလေ့ရှိသော ကျွန်မ .. ဒီနှစ် Sembawang မြန်မာဘုန်းကြီးကျောင်း ကထိန်အလှူပွဲမှာ မြန်မာ့ရိုးရာ အဆို ၊ အကလေးတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ထူးခြားစွာ တွေ့ကြုံခဲ့ရပါတယ် .. ။




(မြန်မာအစားအသောက်များ)


ဓမ္မဥယျာဉ်ကျောင်းဟာ Sembawang Park အနီးနားမှာ ရှိတာကြောင့် ကထိန်အလှူပွဲကို လွတ်လပ်ကျယ်ပြန့်သော Sembawang Park ထဲမှာ ကျင်းပခဲ့ကြပါတယ်။ မြန်မာ့ရိုးရာ အဆို ၊ အကများကို ဖျော်ဖြေတင်ဆက်ပေးသော အစီအစဉ်လေးက တက်ရောက်အားပေးကြသူများအားလုံးကို ပိုမိုစည်ကားစေပါတယ်။ အစီစဉ်တင်ဆက်ကြေငြာပေးသူများကလည်း ရယ်မောဖွယ် ပျက်လုံးလေးတွေကို ပိုင်နိုင်စွာ ဖျော်ဖြေကြတာကြောင့် ကထိန်အလှူပွဲက အသက်ဝင်နေသလို … တဖက်မှာလည်း အုန်းနို့ခေါက်ဆွဲ ၊ ကြာဇံဟင်းခါး ၊ အသုပ်စုံ ၊ ဆီချက်ခေါက်ဆွဲ အစရှိသော အစားအသောက်များကို ပေးလှူကျွေးမွေးနေသည့် အစီစဉ်ကလည်း စည်ကားအသက်ဝင်လှပါတယ် .. ။



(အလှူဒါနပြုနိုင်သည့် ပစ္စည်းများ)


အလှူဒါနပြုလုပ်ရန်အတွက် မိမိဆန္ဒရှိသလို ပေးလှူနိုင်ကြပြီး ဘုန်းကြီးကျောင်းမှာ ကိုယ်တိုင်သွားကပ်ကြရပါတယ်။ သင်္ကန်းပရိက္ခရာတစ်စုံ .. ကျွန်မတို့စုံတွဲ အလှူဒါနပြုခဲ့ရင်း ဓမ္မဥယျာဉ်ကျောင်းကို ပထမဆုံးအကြိမ် ကျွန်မရောက်ဖူးခဲ့ပါတယ်.. ။ ဒီကထိန်ပွဲကို ဘုန်းဘုန်းကိုယ်တိုင် ဦးစီးပြုလုပ်ပေးခြင်းဖြစ်ပါတယ်။ ပရိတ်သတ်များအတွက် ကံစမ်းမဲတွေကိုလည်း ပြန်လည်ဖောက်ပေးပြီး မြိုင်ဆိုင်သော တေးဂီတ ၊ အကများဖြင့် တန်ဆောင်တိုင်ကထိန်ပွဲဟာ Sembawang Park မှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတယ်။

( Dhamma Garden Buddhist Temple in Sembawang, Singapore )



( Our couple donation to Dhamma Garden Buddhist Temple, 25-Oct-2009 )


အလှူဒါန စေတနာထက်သန်သူများအတွက် ဓမ္မဥယျာဉ်ကျောင်းကိုလည်း တတ်နိုင်သမျှ လှူဒါန်းကြရန် စင်္ကာပူရှိ ရွှေမြန်မာများကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ရှင် .. ။

Dhamma Garden Buddhist Temple
No.2, Jalan Kerayong, Singapore 759300
Tel: (65) 6405 5322



Special Blood Donation event honouring 2nd anniversary of Saffron Revolution, Singapore, 27 Sep 09 (Sunday)
September 20, 2009, 1:50 am
Filed under: Invitation

Dear All

You are proudly invited to join in the special blood donation event honouring the second anniversary of Burma ’s Saffron Revolution.

The purpose is to make a point that we, Burmese in Singapore , remember, value and salute the effort and sacrifices of thousands of courageous monks, nuns and civilians for a noble aim of peaceful change and national reconciliation in Burma .

Together, we shall pay tribute to this venerable sangha movement, which is unprecedented in the history of Burma and Sasana as well, by donating our blood

The program details are as follow:

Date & Time: 27 September 2009, Sunday, 9:30 AM ~ 11:30 AM

Venue: Blood Bank , Singapore General Hospital (SGH), near Outram Park MRT

Transportation: Chartered Buses at Peninsular Plaza, 9:00 AM

Please contact in advance to:

(1) Ko Soe Tun (HP: 9487 4413)

(2) Ko Thiha (HP: 8157 2117)

(3) Ko Kyaw Htin Aung (HP: 9180 2933)

We, the people of Burma, shall always admire how our monks stand up — with courage, dignity & sanctity — for us, for peace, justice & freedom in this month of September, two years ago.

Best Regards,
Wunna (on the behalf of the organizers)
Contact: 9227 6490

Photo Credit ; http://i143.photobucket.com/albums/r147/Nitajk/november%2007/redcross.jpg



ဇူလိုင်မနက်ခင်း၏ … မိုးစက်များကြားမှ အလွမ်းသံစဉ်
July 22, 2009, 2:06 am
Filed under: Lin Let Kyal Sin, True Feelings

ဖုန်းလေးထဲမှ နာရီနှိုးစက်သံသီချင်းလေး ထွက်ပေါ်လာချိန်မှာ မနက်(၆)နာရီတိတိ။ ညက ချစ်သူ အလုပ်တွေမပြီးမချင်း မအိပ်နိုင်ချိန် .. ကိုယ်လည်း စာဖတ်လို့ ထိုင်စောင့်နေခဲ့တာကြောင့် မျက်လုံးတွေက ခပ်ကျိန်းကျိန်း။ ပုခုံးပေါ် လက်ကလေးလာတင်တဲ့ ချစ်သူကို ကျီစယ်ရင်း အိပ်ယာထသွားချိန်မှာ မနက်စာအတွက် ကိုယ်သွားပြင်ဆင် ၊ ချစ်သူရုံးသွားဖို့ အ၀တ်တစ်စုံကို မီးပူတိုက်ပေးလိုက်တယ်။ သွားခါနီးမှ ကိုယ်က မီးပူတိုက်တာ ပိုသဘောကျတာကြောင့် ကြိုတင်မီးပူတိုက်လေ့ မရှိဘူး။ ခေါက်ရိုးမပြန့်မှာ ၊ အနည်းငယ်ကြေမွသွားမှာ စိုးရိမ်တာ ကိုယ့်အကျင့်တစ်ခု။

ဒီရက်ပိုင်းတွေ မဖြစ်မနေ ချစ်သူ ရုံးသွားရမှာမို့ ကိုယ့်စိတ်ထဲမှာ ကြိုလွမ်းနေမိသေးတယ်။ တမိုးအောက်မှာ နှစ်ယောက်အတူရှိရင်း တစ်ယောက်က အလုပ်တွေလုပ် ၊ တစ်ယောက်က ကျောင်းစာနှင့် အိမ်အလုပ်တွေ လုပ်ကိုင်ရင်း ခွဲခွာရသော အချို့ရုံးသွားရမယ့်ရက်တွေ ၊ အစည်းအဝေးရှိသောရက်တွေ ၊ စင်မနာတက်ရသောရက်တွေ ၊ ကိုယ်ကျောင်းသွားရသော အချိန်ပိုင်းလေးတွေကလွဲရင် မခွဲမခွာ ကိုယ်တို့ အတူတည်ရှိခဲ့တာ ကိုယ်ဟာ ဖျောက်မရတဲ့ အကျင့်တစ်ခုဖြစ်နေခဲ့ပြီ။ မြင်လွှာအောက်မှာ မြင်နေရမှ ပျော်ရွှင်တတ်သော ကိုယ့်အကျင့်ကြောင့် ချစ်သူဟာ ကိုယ့်ကို အမြဲအလိုလိုက်ခဲ့ပါတယ်။ တနင်္ဂနွေတစ်ရက် ကိုယ့်အတွက် မိသားစုအချိန်အဖြစ် သီးသန့်ပေးရင်း .. အလုပ်ကိစ္စအတွက် ခရီးထွက်ရရင်လည်း ဘေးနားမှာ အမြဲရှိနေတဲ့ ကိုယ့်ကို အပြုံးမပျက် ဂရုတစိုက်ခေါ်ဆောင်မှုတွေကြောင့် ကိုယ်ဟာ အချိန်ပိုင်းကျောင်းတက်ဖို့ပဲ ဦးစားပေးစဉ်းစားခဲ့တယ်။

မနက်ခင်း မိုးသောက်နေရောင်ခြည်အောက်မှာ ကိုယ့်ဘ၀ရဲ့ “အိမ်ထောင်ရေး”ဆိုတာကို ကိုယ် အတွေးပြန့်ပွားနေမိတယ်။ ချစ်သူနဲ့လက်ထပ်ဖို့ မမောမပန်းပြင်ဆင်ခဲ့ရင်း ကိုယ်တို့ရဲ့ မင်္ဂလာအခမ်းအနား ၊ ဟန်းနီးမွန်းခရီးအားလုံးပြီးသွားချိန်မှ ကိုယ်တို့ရဲ့ “ချစ်ခြင်းမေတ္တာခရီးသစ်”တစ်ခု ထပ်မံဖွင့်လှစ်ခဲ့ရတယ်။ကိုယ့်ဘ၀ရဲ့ မင်္ဂလာဦးနေ့ရက်များမှာ ပျော်ရွှင်ခြင်းတစ်ဖက် ၊ ကြိုးစားခဲ့ရတဲ့ နားလည်မှုကတစ်ဖက် .. အမှန်အတိုင်းဝန်ခံရရင် ကိုယ် စိတ်အနည်းငယ်ပင်ပန်းခဲ့ရပါတယ်။ သိပ်ချစ်ကြတဲ့ နှစ်တွေချီ .. နားလည်ခဲ့ကြတဲ့ ချစ်သူနှစ်ဦးအတွက် .. အတူနေရမှ ပိုနားလည်ပေးရတဲ့ သေးသေးမွှားမွှားလေးတွေက ဒုနဲ့ဒေးဖြစ်ခဲ့တာမို့ ကိုယ့်အတွက် ပိုမိုရင့်ကျက်ပေးရတဲ့ နှလုံးသားတစ်စုံလည်း မွေးဖွားလာခဲ့ပါရဲ့။ တစ်ယောက် နေပုံထိုင်ပုံလေးတွေကို အပြန်အလှန် ဆွေးနွေးနားလည်ခဲ့ကြရင်း ကံကောင်းခြင်းတစ်ခုက ကိုယ်တို့က စိတ်ထဲမှာ ဒွိဟတွေ ထားခြင်းမရှိတာပဲ။

ကိုယ့်မှာ ချစ်သူကို သိပ်ချစ်တဲ့ ၊ အစွဲအလမ်းကြီးမားတဲ့ “နှလုံးသားတစ်စုံ”နဲ့ သင်ယူလေ့လာဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ “ဆုံးဖြတ်ချက်”တစ်ခုပေါင်းပြီး လက်ထပ်ခဲ့ချိန်မှာ ပထမဆုံး ကိုယ်အခက်အခဲဖြစ် ရင်ဆိုင်ခဲ့ရတာက “ချက်ပြုတ်ခြင်းအတတ်ပညာ”။ လက်မထပ်ခင် ကိုယ်အနည်းငယ် ကြိုတင်လေ့လာထားပေမယ့် လက်တွေ့မှာ ကိုယ်အတော်လေးကြိုးစားခဲ့ရပါတယ်။ ဆေးကြောသန့်စင် ၊ သိမ်းဆည်းခြင်းလောက်ကိုပဲ ၀ါသနာပါတဲ့ ကိုယ့်အတွက် ချစ်သူရဲ့ တောင်းဆိုမှုအောက်မှာ ချက်ပြုတ်ခြင်းစိတ်မပါတဲ့ ကိုယ့်အကျင့်က ချက်ချင်းပြောင်းလဲသွားခဲ့ပါရဲ့။ နေ့နေ့ညည ကိုယ်အစွမ်းကုန်ကြိုးစားရင်း (၁)လကြာတဲ့အချိန်မှာ သာမန်အရသာလောက် ကိုယ်နိုင်နင်းခဲ့တယ်။ “အလေ့အကျင့်”က လူကိုပြောင်းလဲစေခဲ့ရင်း စာရေးဖို့ပဲ စိတ်ဝင်စားတဲ့ ကိုယ့်လက်ချောင်းတွေက “မီးဖိုချောင်”ကိုလည်း စာအုပ်တွေလို ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ အမြဲတမ်း ကိုယ့်ဘေးနားမှာ အားပေးရင်း ၊ ကိုယ်ချက်သမျှ ကျေကျေနပ်နပ်စားရင်း .. ပိုကောင်းမွန်ဖို့ အမြဲအကြံပေးတဲ့ ချစ်သူကြောင့် ကိုယ်လုံးဝမအားသောရက်များ ၊ နေမကောင်းသောရက်များကလွဲ … နေ့စဉ်ချက်ပြုတ်ကြိုးစားသမျှ ကိုယ်တိုင်ကျေနပ်ခဲ့ရတယ်။

ကိုယ့်သူငယ်ချင်းတွေအားလုံး ကိုယ့်ကို “အိမ်ရှင်မကြီး”လို့ နောက်ပြောင်ကြပေမယ့် ကိုယ်ဟာ အရင်လို စိတ်မဆိုးဖြစ်တော့ဘူး။ ကိုယ်ပေးရတဲ့ ကြိုးစားမှုအချိန်တွေအားလုံးရဲ့ ရလဒ်အဖြစ် ကိုယ်ဟာ အရင်းနှီးဆုံးသော နှလုံးသားတစ်စုံကို အပြည့်အ၀ ပိုင်ဆိုင်ခဲ့ပြီလေ။ ကိုယ့်ရဲ့ငယ်ရွယ်စဉ်ဘ၀မှာ ဖခင်နဲ့ နှစ်ပေါင်းများစွာ ခွဲခွာရခြင်းတွေက “ဖခင်မေတ္တာ”ကို အနီးကပ်လိုအပ်သလောက် မရခဲ့တာကြောင့် ချစ်သူဟာ ကိုယ့်အတွက် “ဖခင်မေတ္တာ”ကိုလည်း သယ်ဆောင်လာပေးခဲ့ပါတယ်။ စိတ်မြန်တဲ့ ကိုယ့်အကျင့် ၊ စိတ်ကြီးတဲ့ ကိုယ့်ခံစားချက်တွေကို တော်တော်များများ သေချာနားလည်ပေးရင်း ဒေါသထွက်တတ်တဲ့ ကိုယ့်စိတ်နှလုံးသားကို အမြဲနှစ်သိမ့်ပေးခဲ့တဲ့ ချစ်သူကို စိတ်ဒေါသကြားက ပြန်သနားမိရင်း ကိုယ့်ကိုယ်ကိုယ် ပိုမိုထိန်းချုပ်သင်ကြားဖြစ်ခဲ့တယ်။

ကိုယ်လိုချင်သောအရာမှန်သမျှကို ချက်ချင်းမပေးနိုင်ရင်တောင် .. မဝေးသောအချိန်တစ်ခုမှာ ပေးတတ်တဲ့ ချစ်သူကြောင့် ကိုယ့်ရဲ့စိတ်ကြီးမှုတွေကို မိဘတွေကလည်း ချစ်သူဘက်မှ ဆုံးမပေးခဲ့တယ်။ ချစ်သူရဲ့ စရိုက်သဘာဝဟာ ကိုယ့်ထက်အများကြီး စိတ်ပိုကြီးပြီး ၊ သိပ် independent ဖြစ်လွန်းပေမယ့် ကိုယ့်အတွက် စိတ်အားလုံးလျှော့ပေးခဲ့တာ ကိုယ်တိုက်ရိုက် မပြောပေမယ့် စိတ်ထဲမှာ အမြဲတမ်း ကျေနပ်စွာ အသိအမှတ်ပြုပေးခဲ့ပါတယ်။ အလုပ်အကိုင် စီးပွားရေးတွေမှာ အသေးစိပ် လက်တွေ့ကျကျ ၊ ပြတ်ပြတ်သားသား အကောင်းဆုံးလုပ်ကိုင်တတ်တဲ့ ချစ်သူရဲ့ စိတ်နှလုံးသားဟာ “အချစ်”နဲ့ပတ်သတ်လာရင် မထင်မှတ်ထားစွာ နူးညံ့မှုကို ချစ်ခင်မြတ်နိုးတတ်တာ ၊ စိတ်နှလုံးသားတခုလုံး ရင်းနှီးမြုပ်နှံပြီး ပါရမီဖြည့်ပေးတတ်တာတွေက ကိုယ်အမြဲအတုယူရပါတယ်။ စကားအပြောအဆိုလေး ကိုယ့်အကြိုက် လှအောင်မပြောတတ်ပေမယ့် စိတ်နှလုံးသားဟာ ကိုယ်နဲ့ပတ်သတ်ရင် ပျော့ပျောင်းညင်သာစွာ ဆက်ဆံပုံကိုပဲ ကိုယ့်မှာ ကျေးဇူးတင်ရပါတယ်။

အသေးစိပ် ခံစားတတ်တဲ့ ကိုယ့်စိတ်နှလုံးသားဟာ အတတ်နိုင်ဆုံး စိတ်လျှော့ရင်း ကိုယ်တိုင် တည်ဆောက်ထားတဲ့ မိသားစုအိမ်လေးအတွက် အကောင်းဆုံးကြိုးစားခဲ့တာ “ချစ်သူ”ကလွဲရင် ဘယ်သူ့အတွက်မှ မဟုတ်ပါဘူးကွယ်။ စာတွေ့ ၊ လက်တွေ့ နှစ်ခုလုံး အရေးကြီးတာကြောင့် ချစ်ခြင်းမေတ္တာ ၊ အိမ်ထောင်ရေးအားလုံးနဲ့ပတ်သတ်တဲ့ စာအုပ်တွေကို နှစ်နှစ်သက်သက် လေ့လာဖတ်ဖြစ်ခဲ့ရင်း ကိုယ်အများကြီး သင်ယူရပါတယ်။ ခိုင်မြဲသော ချစ်ခြင်းတွေ အခြေခံအဖြစ် တည်မြဲစွာ ရှိနေပေမယ့် “မယိုင်နဲ့သော .. မပြိုကွဲသော အိမ်ကလေး”အမြဲတမ်း အသက်ဝင်နေဖို့အတွက် အရေးကြီးသော အချက်တွေအားလုံးကို ကိုယ်အမြဲသတိပြုနေထိုင်ခဲ့ပါတယ်။

ကိုယ်နားလည်တဲ့ သီအိုရီတစ်ခုက အိမ်ထောင်ရေးတစ်ခုမှာ ယောက်ျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ကို ချစ်ခင်မြတ်နိုးစွာ လက်ထပ်ထားပြီးရင် ထိုအိမ်ထောင်ရေး တည်တံ့ခိုင်မြဲဖို့ အချက်အလက် ၊ အနုပညာအားလုံးကို ဖန်တီး .. ထိန်းသိမ်းသွားဖို့ အခွင့်အရေးတွေအားလုံးက မိန်းမလက်ထဲမှာ အများဆုံးတည်ရှိပါတယ်။ ဒီအတွက် ကိုယ်တို့ကြားမှာ ကိုယ်ထင်ထားတဲ့ “မာန”တွေ မရှိခဲ့တာ အံ့သြခဲ့ရပါတယ်။ ကိုယ့်အကျင့်စရိုက် ၊ အကြိုက်အားလုံးကို လေ့လာပြီး ကြိုးစားဖြည့်ဆည့်ပေးတဲ့ ချစ်သူကို တခါတလေ ကိုယ်စိတ်အလိုမကျရင် အနည်းငယ်ခပ်ဆတ်ဆတ်ပြောမိတာလည်း မချစ်လို့ မဟုတ်ပါဘူးကွယ်။ ချစ်ခြင်းမေတ္တာတွေ ပေးလွန်းရင် .. ထုံသွားမှာ ၊ ရိုးသွားမှာစိုးလို့ ရံဖန်ရံခါ ခပ်အေးအေးနေရင်း ၊ လုပ်ချင်တာလုပ်နေတာလည်း မချစ်တော့လို့ မဟုတ်ပါဘူးကွယ်။

ချစ်သူနဲ့ပတ်သတ်ရင် ကိုယ့်အပေါ် ပါရမီဖြည့် ၊ ချစ်ခင်မြတ်နိုးမှုအရာအားလုံး စိတ်ကျေနပ်ပေမယ့် “စေတနာ”တစ်ခုကိုပဲ ကိုယ် မခံနိုင်သေးတာပါ။ ကိုယ့်ကိုဖြစ်ထွန်းစေချင်စိတ်တွေများတဲ့ ချစ်သူစေတနာတွေကို ကိုယ်ဟာ အမြဲခပ်လန့်လန့်နဲ့ “အဲဒီလောက် မဖြစ်နိုင်ဘူးနော် ကိုကို။ မီးမီးကို အများကြီးမျှော်လင့် မလုပ်ခိုင်းနဲ့”လို့ ကြိုတင်ကာကွယ်ထားရတယ်။ ကိုယ့်ကို အသိဥာဏ်ပညာတွေ ပိုမိုဖြစ်ထွန်းစေချင် ၊ ထူးချွန်ထက်မြက်အောင်မြင်စေချင် ၊ စိတ်ခံစားမှုတွေ ပိုမိုရင့်ကျက်စေချင် ၊ သူ့အပေါ်မှာလည်း ရင့်ကျက်မှုနှလုံးသားနှင့် သာယာပျော်ရွှင်ချစ်စဖွယ်ကောင်းတာတွေ ရှိစေချင် ၊ အချစ်နှင့် ပြုစုပျိုးထောင်သော ပါရမီဖြည့်ဖက် အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်စေချင် ၊ အနာဂတ်မှာရှိလာမယ့် သားသမီးတွေအပေါ်လည်း အချိန်ပေး ပြုစုပျိုးထောင်နိုင်မည့် မိခင်ကောင်းတစ်ယောက်ဖြစ်စေချင် အစရှိတာတွေနဲ့ “ဖြစ်စေချင်သော စေတနာ”တွေများလွန်းလို့ ကိုယ်လည်း မျက်ခုံးတွေ တော်တော်လှုပ်မိတယ်။

“အချစ်”ဆိုတာ ပြုစုပျိုးထောင်ရှင်သန်ရတာကြောင့် ချစ်ခြင်းအဆင့်လေးတွေလည်း လူသားတွေကြားမှာ ကွဲပြားနေတတ်ပါတယ်။ ကိုယ်နဲ့စတင်ခင်မင်သိကျွမ်းကတည်းက “ကိုယ်နဲ့တူသော သမီးလေးတစ်ယောက် လိုချင်မိတယ်”လို့ ရိုးသားစွာ ၀န်ခံကတည်းက ခပ်တင်းတင်းပုံစံကိုယ့်မှာ ခြေလှမ်းတွေတောင် မှားကုန်ခဲ့ရင်း ရင်ခုန်သံလေးတစ်ခု စတင်ဖြစ်ထွန်းခဲ့တယ်။ ဒီရင်ခုန်သံတွေ မပျောက်ဆုံးဖို့ … နှစ်တွေကြာလာရင် .. သံယောဇဉ်ကလွဲ ချစ်ခြင်းတွေ အေးခဲလို့ ကိုယ့်ဘ၀နဲ့ကိုယ် အလုပ်တွေရှုပ် ၊ ဖြတ်သန်းနေကြတဲ့ စုံတွဲစာရင်းထဲ ကိုယ်မပါဝင်ချင်တာကြောင့် လိုအပ်သော စိတ်ပိုင်းဆိုင်ရာ .. ရုပ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင်မှု ၊ ကြိုးစားမှုတွေကို ကိုယ်အသက်ရှင်နေသရွေ့ စိုက်ပျိုးသွားမှာပါ။

အတွေးလေးတွေကြားမှာ မိုးဖွဲဖွဲလေးတွေလည်း ကောင်းကင်တစ်ခုလုံးမှာ ညိုမှောင်ပြီး ရွာသွန်းလာပါရဲ့။ မိုးစက်တွေဟာ အလွမ်းတွေကို ပိုမိုဖြစ်ထွန်းစေတယ်ဆိုရင် … ဒီရက်ပိုင်းလေး မိုးမရွာပါနဲ့လားကွယ်။ ကိုယ့်အလွမ်းတွေကို ဖတ်မိသူတွေ မျက်လုံးနောက်ချင်နောက်နိုင်ပါတယ် .. ။ ဒါပေမယ့်လည်း … ရေမြေတွေခြား ခွဲနေသူတွေမှ လွမ်းခွင့်ရှိတာလားကွယ်။ ခေတ္တခဏလေး ခွဲခွာသူတွေလည်း လွမ်းခွင့်ရှိတယ်လို့ ကိုယ်ယုံကြည်တာကြောင့် …….. မြစ်နှစ်ခု၏ပေါင်းဆုံရာ သီချင်းလေးကို ခပ်တိုးတိုးညည်းဆိုရင်း ရောင်နီလာသော မနက်ခင်းမှာ အလွမ်းတွေက မိုးစက်တွေကြား ပြန့်ကျဲလျက် .. ။

မှတ်ချက်။ ဓာတ်ပုံများအား google မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။