ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


မတူညီသောကွာခြားမှုများ
November 13, 2006, 8:58 am
Filed under: My Opinion

သိပ်မကြာသေးခင်ကပါ။ ကျမ မြန်မာသံရုံးကို ကိစ္စရှိတာနဲ့ ခဏသွားရောက်ခဲ့ပါတယ်။ သံရုံးရှေ့မှာ ကပ်ထားသော

`အခွန်ခများ မတိုးသေးပါ။ တိုးလျင် အကြောင်းကြားပါမည်´ဆိုသော စာတန်းကိုမြင်တာနဲ့ အခွန်တွေ တိုးမှာလားဆိုတာ တွေးမိပါတယ်။ မြန်မာတွေလည်း အခွန်နဲ့ပိပြီးပြားနေပါပြီ။

သံရုံးကိုသွားတော့ ကျမက စာရွက်လေးတစ်ရွက်ပဲလာပြန်ပေးတာပါ။ ဘာမှ သူတို့နဲ့ ပြောဖို့ အကြောင်းမရှိခဲ့ပါဘူး။ အဲဒီစာရွက်လေးကို သူတို့ကိုပေးပြီး လက်မှတ်လေးထိုးပြီး ပြန်လာဖို့အရေးကို ဘယ်သူမှလည်းမရှိဘဲ ၂နာရီခွဲကျော်ကျော် စောင့်လိုက်ရပါတယ်။ ကျမက ` စာရွက်လာပေးတာပါရှင်´လို့ သွားပြောတော့ ခဏစောင့်အုန်းချည်း ပြောနေပါတယ်။ တကယ်ဆို မကြာသင့်ဘဲကြာနေတာပါ။ မြန်မာပြည်အတိုင်း အလုပ်လုပ်နေတဲ့ သူတို့ကိုကြည့်ပြီး စိတ်ပျက်မိပါတယ်။ ကျမလည်း စိတ်တိုတိုနဲ့ထိုင်စောင့်နေရပါတယ်။ တကယ်ဆိုရင် အားလုံးက အချိန်နဲ့သွားလာနေရတာပါ။ လူတွေကို အဆင်ပြေသက်သာအောင် သူများအစိုးရတွေက ဆောင်ရွက်ပေးနေချိန်မှာ နအဖနဲ့ ဆက်နွယ်သောရုံးတွေအားလုံးကတော့ လူတွေကို အမျိုးမျိုးစိတ်ရော လူရော ဒုက္ခပေးထားကြပါတယ်။ ဥပမာ – ပြန်အပ်ရသော စာရွက်စာတန်းတွေဆို SG ICA ရုံးတွေလို သက်ဆိုင်ရာ BOX တွေနဲ့ ထားရှိလိုက်ရင် လူတွေ ဘယ်လောက် အချိန်ကုန်သက်သာမလည်း။ အခုဆို သံရုံးလာရင် ဘာကိစ္စပဲဖြစ်ဖြစ် ထိုင်စောင့် အနည်းဆုံး ၂နာရီ။ ပြီးရင် သူတို့နဲ့ပြောပြီးရင် လိုချင်တဲ့ စာရွက်တို့ စာအုပ်တို့ရှီရင် ထပ်စောင့် ၂နာရီ။ ပြီးရင် လာခဲ့ ပါတာအကုန်ထုတ် အကုန်ဆက်သပေတော့။ အားလုံးလည်း ရင်ထဲမှာအမုန်း မျက်နှာမှာတော့အပြုံးလေးဆင်ထားရတာပေါ့။ ကောင်တာမှာလည်း တစ်ယောက်မှမထိုင်နေတော့ အဲဒီအချိန်မှာ မြန်မာပြည်သွားလည်ဖို့ဗီဇာလာယူတဲ့ အဖြူကောင် ၁ကောင်လည်း ယောင်တောင်တောင်ဖြစ်နေပါတယ်။ တကယ်ဆိုရင် ကောင်တာမှာ လူရှိနေသင့်တယ်လေ။ အခုတော့ ဟင်းလင်းပြင်ကြီးဖြစ်နေတယ်။ လူတွေကို သက်သက်နဲ့ ဒုက္ခပေးထားတာ။ နောက်တော့ ထိုင်စရာက ကျမဘေးက တခုံပဲရှိတာနဲ့ အဲဒီအဖြူကောင်လည်း ကျမနားလာထိုင်ပါတယ်။ နောက် ဘယ်သူမှမရှိဘူးလား ကျမကိုမေးပါတယ်။ ကျမလည်း ထမင်းစားချိန်လို့ ကြည့်ကောင်းအောင်ပြောလိုက်ပါတယ်။ တကယ်တော့ အချိန်က ၄နာရီလောက်ရှိနေပြီ။ လိမ်တာကလည်း သိသာတယ်နော်ဟိး။ သူက မြန်မာပြည်သွားလည်ဖို့ပြောပြတော့ ကျမလည်း နားထောင်နေလိုက်ပါတယ်။ နောက် မြန်မာငွေနဲ့ပတ်သတ် သိသင့်သလောက် ရှင်းပြပေးလိုက်တယ်။ သူလည်း မြန်မာပြည်နဲ့ပတ်သတ်ရင် ငဒူထင်ပါတယ်။ တော်တော်အံ့သြသွားတယ်။ သူ့ဘေးက အန်တီကြီးတစ်ယောက်ကပါ ကျမစကားကို ၀င်ထောက်ခံပြောပေးမှ သူက ယုံတော့တယ်။ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလိုပါပဲလေ။

နောက် ကျမလည်း သံရုံးကကိစ္စပြီးမှ အိမ်ပြန်ခဲ့ပါတယ်။ သံရုံးနဲ့ ကျမအိမ်ကလည်း တော်တော်ဝေးပါတယ်။ ကျမလည်း တနေကုန် သံရုံးသွားခဲ့တာရော ၊ ကျူရှင်တက်ခဲ့တာရော ပေါင်းပြီး ပင်ပင်ပန်းပန်း ဖြစ်နေခဲ့ပါတယ်။ သတိအတော်ရှိပြီး ဥစ္စာခြောက်လို့ ကျမကို သူငယ်ချင်းတွေသတ်မှတ်ထားခဲ့တာ အဲဒီနေ့မှာတော့ wallet ဘယ်နားကျန်ခဲ့မှန်းမသိအောင် ကျပျောက်ခဲ့ရော။ ကျမက အိမ်ရောက်ရောက်ခြင်း ဖုန်းနဲ့ပိုက်ဆံအိတ်ကို စစ်ဆေးလေ့ရှိတော့ ပျောက်မှန်းသိပြီး အတော်စိတ်ညစ်သွားခဲ့တယ်။ cash ကတော့ ၃၀လောက်ပဲ ပါသွားပါတယ်။ ကျန်တာတွေက ATM Card & Student Card & IC တွေဆိုတော့ အရေးကြီးသလို တခါပျောက်ရင် ဒဏ်ငွေဆောင်ရမှာတွက်ပြီး ကိုယ့်ရင်ဘတ်ကိုယ်ဖိထားရတယ်။ ဘဏ်ကဒ်တွေနဲ့ ပတ်သတ် ပြဿနာတွေက သိပ်ပေါ်လွန်းတော့ ကျမလည်း နောက်တစ်ရက် ဘဏ်သွားဖို့ စိတ်ကူးထားမိတယ်။ အိုင်စီ ပျောက်သွားတာတော့ ငယ်ထိပ်မိုးကြိုးပစ်သလိုပါပဲ။ အိုင်စီမရှိရင် ဒီမှာက ရေလည်ကွိုင်ပါပဲ။ ပါသွားတာကလည်း အဖေကဒ်တွေလည်းပါတော့ ကျမတော့ အဲဒီတုန်းက တော်တော်စိတ်ဓါတ်ပါကျသွားတယ်။ သိရင် အိမ်က ဘိုးတော် ကျမကို အိမ်ကကန်ချမှာသိနေတယ်လေ။ စိတ်ရှုပ်ရှုပ်နဲ့ စာပါကျက်မရဘဲ အဲဒီညက လူလည်း သက်ပြင်းပါခဏခဏချမိတယ်။ အိမ်ကိုတော့ အသိမပေးဘဲ ကျမဘာသာ အကုန်ပြန်၇အောင်လုပ်ဖို့ ဆုံးဖြတ်ပြီး အိပ်ယာဝင်ခဲ့တယ်။ မနက်မိုးလင်းတော့ ကျမလည်း ဘဏ်သွားဖို့ရေချိုးနေတုန်း အိမ်က အဒေါ်က Bukit Batok Police Station က ကျမကို ဖုန်းခေါ်တယ်လို့လာအော်တော့ ရုတ်တရက်ကျမကြောင်သွားတယ်။ အဒေါ်အပျိုကြီးကတော့ ကျမကို သံရုံးမှာ ဘာလုပ်ခဲ့လည်း ၊ နင်တော့ ရဲစခန်းကတောင် ခေါ်နေပြီ ဘုရား ဘုရားဆိုပြီး ဘာတွေအော်နေမှန်းမသိပါဘူး။ ကျမလည်း ပိုက်ဆံအိတ် ကိစ္စပဲထင်ပြီး ဖုန်းကိုအပြေးအလွှားသွားကိုင်တာပေါ့။ ထင်တဲ့အတိုင်းပါပဲ ကျမပိုက်ဆံအိတ်ကို လာရောက်ထုတ်ယူဖို့အတွက် ခေါ်တာပါ။ ကျမလည်း အရမ်းဝမ်းသာသွားပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ ပိုက်ဆံအိတ်ပျောက်ရင် ပြန်ရဖို့နေနေသာသာ ဘယ်နား အစသွားရှာရမှန်းတောင်မသိပါဘူးဆိုတာပါ တဆက်တည်းတွေးမိပါတယ်။ ကျမဆိုလိုချင်တာက သူများနိုင်ငံကို မြှင့်တင်ပြီး ကိုယ့်နိုင်ငံကို နှိမ့်ချပြောတာမဟုတ်ပါဘူး။ သူများနိုင်ငံရဲ့ လေးစားစရာလေးတွေကို ပြောခြင်းပါ။ ကျမ ပိုက်ဆံအိတ်ကို ကားသမားက တွေ့ပြီး နီးရာရဲစခန်းကို ၀င်အပ်ပေးခဲ့တာပါ။ ရဲစခန်းက ကျမအိုင်စီကနေတဆင့် ကျမ အိမ်ဖုန်းနာပါတ်ကို ရှာယူရတာလွယ်တော့ အိမ်ကို တန်းအကြောင်းကြားတာပါ။ ကျမ အံ့သြသွားတာက ကျမအိတ်ထဲမှာ ဘာမှ ပျောက်ရှခြင်းမရှိတာပါပဲ။ တော်တော်ကို အံ့သြမိတာပါ။ တစ်ပြားတစ်ချပ် တစ်ကဒ်တစ်လေမှ မလျော့တာကို အတော် အံ့သြမိတယ်။ ယူသွားလို့ရတဲ့ Cashcard တို့ ၊ Shopping Discount Card တို့ ဘာမှ မယူသွားပါဘူး။ ရဲစီကနေ လက်မှတ်ထိုးယူနေတဲ့အချိန်မှာ မှတ်မှတ်ရရ အဒေါ်က ဘာတွေသွားပြောလည်းမသိ။ အိမ်က အဖေ အလုပ်ကနေ ကျမနောက်လိုက်လာပြီးရဲစခန်းထဲ ၀င်လာပါတယ်။ သူ့အလုပ်ကနေဆို ရဲစခန်းကလည်း သိပ်မဝေးတော့ သူလည်း ရောက်လာတယ်။ကျမက ဘာမှမပြောမဆိုဘဲ ရဲစခန်းက ကိစ္စရှိလို့ဆိုပြီး ထွက်လာတော့ အဖေကို သွားပြောတယ်ထင်ပါတယ်။ ရဲစခန်းထိဆိုတော့ ဘာပြဿနာလည်းဆိုပြီး လိုက်လာပြီး အကြောင်းစုံလည်းသိရော မှတ်မှတ်ရရ အခေါက်ခံလိုက်ရသော နေ့ပါ။ အဆူလည်း အတော်ခံလိုက်ရပြီး အဖေ သူ့အတွေ့အကြုံလေးတွေပြောပြပါတယ်။

တခါတုန်းက အဖေက ရန်ကုန်ကိုပြန်ဖို့အတွက် Changi Airport ကို Cap နဲ့ သွားတဲ့အချိန်မှာ သူက Passport ကို ကားပေါ်မှာ ထုတ်စစ်ပြီး ပစ္စည်းတွေများကြားထဲ ပြုတ်ကျသွားတာ မသိလိုက်ပါဘူးတဲ့။ အဲဒီတုန်းက သူက ကျန်းမာရေးမကောင်းလို့ ပြန်လာချိန်ပါ။ ကားပေါ်ကနေသူဆင်းပြီး လေဆိပ်ဝင်းထဲမှာ ထိုင်ပြီးအနားယူနေရင်း ၀င်ချိန်ရောက်ခါနီးတော့ သူ့ Passport မရှိမှန်းသူသိလိုက်ရပြီး အတော်ကို လန့်သွားခဲ့တယ်။ သူလည်း ဘာလုပ်ရမှန်းမသိဘဲ သူ့အထုပ်တွေဖြေ ၊ လေဆိပ်ဝင်းထဲပဲ လိုက်ရှာနေမိတယ်။ အဲဒီအချိန်မှာ Terminal 2 ထဲက Speaker တွေကနေ တဆင့် သူ့နာမည်နဲ့ ကောင်တာမှာ ပါ့စ်ပို့လာပြန်ထုတ်ဖို့အတွက် အော်ခေါ်ပါတယ်။ အဖေလည်း အတော်ဝမ်းသာသွားပြီး စိတ်အေးပြီး သူ့ကိုယ်သူ အမြဲ တအားသတိထားဖို့အဲဒီအချိန်ကစ လေ့ကျင့်ခဲ့တာပါပဲတဲ့။ သူ့ passport ကို ကားသမားက အဝေးကြီးရောက်မှ ကျခဲ့မှန်းသိလို့ လာပြန်ပေးတာပါ။ မြန်မာပြည် Taxi ပေါ်မှာ ကျန်ခဲ့ရင်တော့ ပြန်ရဖို့နေနေသာသာ လေယဉ်ကွင်းကနေ လှည့်ပြန်ရမယ်ဆိုတာတော့ လူတိုင်းသိကြမှာပါ။ တဆက်တည်း Passport နဲ့ပတ်သတ် ကျမပြောချင်တာက သူများနိုင်ငံသားတွေ မတော်တဆ ပါ့စ်ပို့ပျောက်သွားခဲ့ရင် နီးစပ်ရာ သံရုံးကိုသွားပြီး အကြောင်းကြားရင် အခကြေးငွေအနည်းငယ်လေးနဲ့ ချက်ချင်းအဆင်ပြေအောင် သံရုံးကသူတွေက ဆောင်ရွက်ပေးကြတယ်။ မြန်မာနိုင်ငံသားများ ပြည်ပကသူများ ပါ့စ်ပို့ပျောက်ရင် ဘယ်လိုဘ၀ဖြစ်လည်း အားလုံးသိပါတယ်နော်။ အနည်းဆုံး ဒေါ်လာ ၁၀၀၀ ဆောင်ရပါလိမ့်မယ်။ နောက် သံရုံးကို မျက်နှာငယ်လေးနဲ့ တောင်းပန်ရမယ်။ နောက် ခဏခဏ သွားပြီး သံရုံးကို သွားတောင်းရမယ်။ ဒါက မထူးဆန်းသော အမိမြေက ရုံးတွေရဲ့ စနစ်တွေပါ။ ကျမ သူငယ်ချင်းတွေပြောသလိုပေါ့ `မကျေနပ်ရင် လူကိုပြောပါ။ မြန်မာပါ့စ်ပို့ကိုတော့ချမ်းသာပေးပါရှင်´တဲ့။


2 Comments so far
Leave a comment

U r very luck coz u get bak ur wallet. As for me, during 1 n half years in sg, my frd and I have never found our wallets.I dont know whether the police are busy or not coz of our report but my ph bill for that month is the highest. On top of them, my bike was stolen in mrt stand even it was locked.

Comment by Anonymous

By the way, I would like to inform you all that in Myanmar, applying for National Registration Card (NRC) takes over 5 years and I haven’t got my NRC. The red tape system used in Myanmar is so terrible.

Comment by Anonymous




Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: