ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


We do love our country
December 21, 2006, 10:43 am
Filed under: My Opinion

`အမိမြေကကျွေးတာစားပြီး အမိမြေပေါ်ကြီးပြင်းပြီး အမိမြေကို ပြန်မစော်ကားနဲ့´ဆိုသော စကားကို ကျမကို လာပြီး ဆုံးမတဲ့ တိုင်းပြည်ချစ်သော စစ်သားတစ်ဦးကို ဇဝေဇ၀ါနဲ့ပြန်ကြည့်မိပါတယ်။ အခုနောက်ပိုင်း မြန်မာတီးရှော့ဖိုရမ် ( နိုင်ငံရေးကိုစည်းနှင့်ဝေဖန်ဆွေးနွေးခွင့်ရသည်) ၊ ဘလော့ခ်တော်တော်များများကလည်း သူတို့ရင်ထဲမှာရှိတဲ့ မြန်မာပြည်နဲ့ပတ်သတ်တာတွေ ဖော်ထုတ်ရေးလာကြတာတွေ ၊ မြန်မာဆိုဒ်က လူတွေက ဒီဘလော့ခ်တွေ စာတွေကို လာရောက်ဖတ်ပြီး အားပေးဝေဖန်တာတွေ တအားများလာတော့ သူတို့ မီးခဲပေါ် ခုထိုင်မိသလို ဖြစ်နေလားတော့မသိဘူး။ ရေးတဲ့သူတွေကို ရေလည်ကွိုင်ရှာတာပဲ။ အဲဒီ ကွိုင်လောက်က ရိုးနေပြီ။

အမိမြေကိုစော်ကားတယ်ဆိုသော စကားကို ကျမတော်တော်လေး အံ့သြပါတယ်။ ဘာများ စော်ကားမိလို့ပါလိမ့်။ ကျမရေးခဲ့တဲ့စာတိုင်းကို ကျမအလွတ်ရပါတယ်။ ဒီလိုပဲ အကိုမျောက်၇ကောင် ၊ ကိုသက်နိုင် ၊ မမမေဓါဝီ ၊ ကဒေါင်းညင်သာ ၊ ကိုဂျန်နရေးရှင်းတို့ရေးတာတွေကလည်း ဘယ်တစ်လုံးမှ စော်ကားထားတာ မရှိပါဘူး။ ကျမတို့က စစ်အစိုးရအောက်မှာ ခံနေရတဲ့ ခံစားချက်တွေကို လွတ်လပ်စွာဖော်ပြထားခြင်းပါ။ အပိုတစ်လုံးမှ မရှိသလို လိုတောင်လိုနေပါသေးတယ်။ ကျမလည်း လွန်ခဲ့တဲ့ရက်ပိုင်းလေးကပဲ အသက်၁၈ပြည့်ပြီဆိုတော့ ဟိုမရောက်ဒီမရောက် အရွယ်ဆိုတော့ တော်တော်လေး ကိုယ့်ကိုယ်ကိုယ် စာရေးတာ ၊ ပြောတာ ဆိုတာ ပြန်ထိန်းကျင့်ယူနေရတယ်။

ကျမ မနေ့က အသိဟောင်းတစ်ယောက်နဲ့ ပြန်ဆုံတယ်။ သူ့ကိုမြင်တော့ ၀မ်းသာစွာနဲ့ နှုတ်ဆက်ဖြစ်တယ်။ စကားအေးဆေး ထိုင်ပြောဖြစ်တော့ မြန်မာပြည်က သူတို့တွေဘ၀ကို ကျမ နားထောင်ပြီး တော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ရတယ်။ အခုနေမှာ မြန်မာပြည်က ကျမ စထွက်လာတဲ့အချိန်နဲ့ ဘယ်လောက်ကြီးတောင် ကွာခြားနေပြီလည်းဆိုတာ ကျမတပ်အပ်မျက်လုံးနဲ့ကို ပြန်ကြည့်ချင်မိတယ်။ စိတ်နဲ့ခန့်မှန်း ပုံတွေမြင်ရတာထက် မျက်လုံးနဲ့ကိုယ်တိုင်မြင်ရခြင်း ခံစားချက်ကို ပိုစူးရှမှာပါ။ ကျမ အရင်တုန်းက အလယ်တန်းကျောင်းသူလောက်တုန်းက မြန်မာပြည်မှာ ကလပ်တွေ ၊ ကာရာအိုကေခန်းမတွေမှာ အလုပ်လုပ်တဲ့ မိန်းကလေးတွေကို လွန်စွာစက်ဆုပ်ခဲ့မိတယ်။ `မရှိရင် ဆီနဲ့စားပါလား´လို့တောင် စိတ်ထဲကပြောခဲ့သေးတယ်။ အဲဒီတုန်းက ကျမအမေက ကျမကိုဘာပြောလည်းဆိုတော့ `ဆီမရှိဘူး။ရေဆမ်းစားခိုင်းရမယ်”တဲ့။

နောင်တစ်ချိန်ရောက်မှ ကျမသဘောပေါက်လာတာတော့ မြန်မာမိန်းကလေးတွေပဲ သူများလိုပဲ အမြဲ တင့်တယ်စွာနဲ့ အေးအေးချမ်းချမ်းနေချင်ကြမှာပါ။ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေကြောင့် သူတို့တွေက သူတို့တွေရဲ့ဘ၀တွေကို မိသားစုဝမ်းရေးအတွက် စွန့်လွှတ်ပြီး ဒုက္ခခံခဲ့ကြရတယ်။ ကျမ ၁၀တန်းနှစ်တုန်းက ဆံပင်သွားညှပ်တော့ ကာရာအိုကေခန်းမတွေ ၊ မကောင်းတဲ့နယ်မြေတွေမှာ အလုပ်လုပ်တဲ့ မိန်းမတစ်ယောက်လည်း လာတယ်။ သူ့ကို ရပ်ကွက်ထဲမှာ တော်တော်များများသိနေကြတော့ ရှောင်ကြတယ်။ သူတို့အုပ်စုလိုက်နေတဲ့ အခန်းကိုဆို ယောင်လို့တောင်ဖြတ်မလျှောက်ကြဘူး။ သူနဲ့ဘေးချင်း ယှဉ်ထိုင်ရင်း စာအုပ်ကိုပဲစိုက်ကြည့်နေတဲ့ ကျမကို သူက စကားစပြောတယ်။ ရှပ်ပလာပုံစံနဲ့မဟုတ်ပါဘူး။ တည်တည်ငြိမ်ငြိမ်လေးပါပဲ။ `သမီးကဘယ်အတန်းရောက်ပြီလည်း´တဲ့။ ကျမက ကျောင်းစိမ်းဝတ်စုံလေးနဲ့ သွားမိတာကိုး။ ကျမလည်း ၁၀တန်းလို့ခပ်ပြတ်ပြတ်လေးပဲ ပြန်ဖြေလိုက်တယ်။ နောက် ကျမလည်း သိချင်လာတာနဲ့ သူ့ကို `အလုပ်မသွားရဘူးလား´လို့ ဗြောင်ပဲမေးလိုက်မိတယ်။ မသွားဘူးလို့ ဖြေးဖြေးချင်း ပြောတဲ့သူ့မျက်နှာအနေအထားကို ကျမယနေ့ထိ မြင်နေတုန်းပဲ။ နောက်ပိုင်း တခုခုဆို သိပ်သိချင်တဲ့ ကျမ အဲဒီမမနဲ့ မုန့်ဟင်းခါးဆိုင်တွေ ၊ လမ်းထိပ်တွေမှာ မြင်တိုင်း စကားပြောဖြစ်တယ်။ တဖြေးဖြေးနဲ့ ကျမ သဘောပေါက်လာတာက သူတို့တွေက မိသားစုအတွက် ဒီလိုဖြစ်နေတာပါလားလို့တွေးလာမိတယ်။ သူတို့ မိဘတွေကရော ကိုယ့်သားသမီးကို ဒီလိုဘယ်ဖြစ်စေချင်ပါ့မလည်း။ မိဘတွေအတွက် ၊ မိသားစုအတွက် ၊ ရန်ကုန်မှာ အလုပ်လာလုပ်နေကြတယ်ဆိုသော အမျိုးသမီးလေးတွေရဲ့ ရင်ထဲမှာတည်မြဲနေတဲ့ ဘ၀ဒဏ်ရာတွေကို ကျမတို့ဘာနဲ့အစားထိုးပေးကြမှာလည်း။ စိတ်ဆန္ဒတစ်စုံတစ်ရာ မပါဝင်တဲ့ ဘ၀အသက်မွေးဝမ်းကြောင်းပေါ်ကို အခြေအနေအလိုက် ရောက်သွားချိန်မှာ သူတို့လည်းနာကြဉ်းနေမှာပဲ။

လူတိုင်းက မိမိကိုယ်မိမိ အကောင်းဆုံးနဲ့အသန့်စင်ဆုံး အမြင့်မြတ်ဆုံး ဖြစ်ချင်ကြမှာပါ။ အမြဲတမ်း သင်းပျံ့စွာ ဖူးပွင့်နေတဲ့ ပန်းတစ်ပွင့်ဘ၀ကို မိန်းကလေးတိုင်းလိုလားကြမှာပါ။ ရန်ကုန်မှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေ ၊ အစိုးရကိုယ်တိုင်လုံလောက်တဲ့ အလုပ်တွေ မဖန်တီးနိုင်ချိန်မှာ မိန်းကလေးတွေဘ၀တွေလည်း ဘယ်လိုအခြေအနေတွေ ဖြစ်ကုန်ပြီလည်း။ သူတို့ရင်ထဲက နာကြဉ်းမှုတွေ ၊ အနာတွေကို ကျမတို့အားလုံးက ဘယ်လိုများ ပြန်လည်နှစ်သိမ့်ပေးကြမှာလည်း။

Advertisements

Leave a Comment so far
Leave a comment



Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: