ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


နောက်တစ်ကြိမ်ကြိုးစားခွင့်
February 2, 2007, 9:20 am
Filed under: Articles

နောက်တစ်ကြိမ်ကြိုးစားခွင့်

မည်သူမဆို အမှားတစ်ခု ကျူးလွန်မိလျင် ထိုအမှားအတွက် အပြစ်ဒဏ်ကိုခံယူရလိမ့်မည်ဟူသည့် တင်းကျပ်သော ထုံးလမ်းစဉ်လာအောက်မှာ ကျွန်တော်ကြီးပြင်းခဲ့ရသည်။ အဲဒါသည်ပင် တရားမျှတမှုဟူသော အသိမျိုးဖြင့် ကျွန်တော်ရပ်တည်ခဲ့ပါသည်။

၁၉၂၁ ခုနှစ်တွင် ဆရာဝန်ပေါက်စဘ၀နှင့် နော့သမ်ဗာလင်းဆိုသည့် အစွန်အဖျားဒေသတစ်ခုရှိ ဆေးရုံတစ်ရုံမှာ ကျွန်တော်ကျန်းမာရေးအရာရှိအဖြစ် တာဝန်ယူခဲ့ရသည်။ ကျွန်တော်ရောက်ကာစ တစ်ခုသော ဆောင်းညချမ်းမှာ ဆေး၇ုံသို့ ဆုံဆို့နာရောဂါသည်တစ်ယောက် ရောက်လာသည်။ လူနာက အသက်ခြောက်နှစ်အရွယ် ယောက်ျားလေးတစ်ဦး။ ဆုံဆို့နာကြောင့် ဖြစ်သည့်ချွဲမြေးက အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့နေသဖြင့် ကလေးက မရှူနိုင် မကယ်နိုင်ဖြစ်နေသည်။ လည်ပင်းမှနေ အရေးပေါ်လေရှူပေါက် အမြန်ဆုံးဖောက်ပေးမှသာ ကံကောင်း ဘုန်းကောင်း အသက်ရှင်ချင် ရှင်နိုင်မည့်အနေအထား။

အဲသည်တုန်းက ကျွန်တော်ကလည်း အတွေ့အကြုံအလွန်နည်းသေးသည့်အချိန်။ အရေးပေါ် လေရှူပေါက် ဖောက်ခြင်းဆိုသည်မှာ လုပ်ရလွယ်သလောက် အလွန်လည်းထိရောက်သည့် ခွဲစိတ်မှုတစ်ခုဖြစ်သည်။ သို့သော် ကျွန်တော်တစ်ခုမှ မလုပ်ဖူးခဲ့။

မှန်မီးအိမ် အလင်းရောင်အောက် စစ္စတာအိုကြီးတစ်ယောက်နှင့် အလုပ်သင်စ သူနာပြုဆရာမတစ်ယောက်တို့ လူနာလေးကို ခွဲစိတ်စားပွဲပေါ်မှာ နေရာချကြသည်။ လူနာကောင်လေးက အသက်ကို ပင်ပင်ပန်းပန်း ရှူနေရသည်။ သူတို့လုပ်ကိုင်နေသည်ကို ရပ်ကြည့်ရင်း ကျွန်တော့်လက်ဖျားခြေဖျားတွေအေးကာ ကတုန်ကယင်ဖြစ်ချင်လာသည်။

စိုးရွံ့ပူပန်စွာနှင့်ပင် သူ့လည်ပင်းသေးသေးလေးကို ကျွန်တော်စခွဲလိုက်သည်။ ငါ မကျွမ်းကျင်ဘူးဆိုသော အသိကြောင့် လက်ကမရဲ။ သို့သော် တွန့်ဆုတ်တွန့်ဆုတ်လုပ်ရင်းကပင် သည်ကလေးအသက်ကိုရအောင် ကယ်ဆယ်လိုစိတ် ထက်သန်လာသည်။ ခွဲစိတ်မှအောင်မြင်မည်ဟူသော စိတ်ဓါတ်ဝင်လာကာ ပိုယုံယုံရဲရဲ ဖြစ်လာသည်။

ချွေးစတွေ မျက်စိထဲဝင်ပြီး မှုန်တုန်တုန်ဖြစ်နေသည့်ကြားမှ မီးအိမ်အလင်းရောင်အောက်မှာ လေပြွန်ကို ထင်ထင်ရှားရှားမြင်လာရသည်။ သည်ဟာကို ခွဲဟပေးလိုက်သည်နှင့် တစ်ပြိုင်နက် လေငတ်နေသော ကောင်လေးရင်ဘတ်ထဲသို့ သည်အပေါက်မှနေ လေတွေတစ်ရှူးထိုး တိုးဝင်သွားသည်။ အားကုန် မောဟိုက်နေသည့် ခန္ဓာကိုယ်လေးမှာ စွမ်းအင်အသစ်တွေ ပြည့်လျှမ်းလာတာကြည့်ပြီး ကျွန်တော့်ရင်ထဲ အကြီးအကျယ် ပေါ့ပါးသွက်လက်သွားကာ ၀မ်းသာအားရထအော်လိုက်ချင်စိတ်ပင် ပေါက်သွားသည်။ ထို့နောက် လေပြွန်ပေါက်မှာ ပိုက်တစ်ခုတပ်ပြီး ပြန်ပိတ်ချုပ်လိုက်သည်။ ရေနွေးငွေ့ရှူရအောင် ကာရံပေးထားသည့် ခုတင်တွင် လူနာလေးသက်သောင့်သက်သာရှိနေပြီးသည့်နောက် ကျွန်တော့်အခန်းရှိရာသို့ ပြန်ခဲ့သည်။ လူက အောင်မြင်မှုဖြင့် ရွှင်လန်းတက်ကြွနေသည်။

လေးနာရီခန့်အကြာ ညနှစ်ချက်တီးလောက်တွင် အခန်းတံခါးကို အသည်းအသန်လာခေါက်သဖြင့် ကျွန်တော် အိပ်ယာမှလန့်နိုးလာသည်။ သူနာပြုဆရာမလေး။

သူက လူနာခုတင်ဘေးမှာ စောင့်ရင်းအိပ်ငိုက်သွားသည်။ နိုးလာတော့ လေပြွန်ပေါက်မှာ တပ်ထားသည့် ပိုက်က ပိတ်ဆို့နေသည်။ သူခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ ဒရောသောပါး ပြေးချလာခြင်း ဖြစ်သည်။ “ဒေါက်တာ ဒေါက်တာ.. အမြန်လာပါ” သူ့မျက်နှာက ဖြူရော်နေသည်။ စကားတွေက အထစ်ထစ်အငေါ့ငေါ့။

စင်စစ် သူလုပ်ရမည်က ပိုက်မှာဆို့လာသည့် ချွဲမြှေးကိုဖယ်ရှားပစ်ဖို့ပဲ ဖြစ်သည်။ ဒါက သူနာပြုတို့အဖို့ ဘာမှ မကြီးကျယ်မခက်ခဲသည့် သမာရိုးကျအလုပ်တစ်ခု။ ယခု သူက လုပ်သင့်လုပ်ထိုက်တာကို မလုပ်ဘဲ မျက်ကလူးဆန်ပျာ ပြေးလာတော့ ခွင့်မလွှတ်နိုင်သည့် ဆိုးကျိုးရလဒ်ကြီး တစ်ခုဖြစ်ပေါ်ခဲ့ပြီ။

လူနာခန်းထဲ ကျွန်တော်ရောက်သွားသည့်အချိန်တွင် ကလေးက အသက်မရှိတော့။

အချည်းနှီးအလဟဿဆုံးရှုံးရလေခြင်းဟု နှမြောသော စိတ် ၊ လူ့အသက်တစ်ချောင်းကို သက်သက်မဲ့ ဖြုန်းတီးပစ်သည်ဟု ကြိမ်းမောင်းပစ်တင်ချင်စိတ်တို့ လွှမ်းမိုးလာသည်။ ကျွန်တော့်အတွက် ထူးထူးခြားခြား အမှတ်တရအောင်မြင်မှုတစ်ခုပေါ့ဆပြီး အကြောက်ကြီးသည့် သူနာပြုဆရာမတစ်ဦးကြောင့် ပျက်စီးခဲ့ရလေပြီဆိုသော အတွေးက အစူးရှအပြင်းထန်ဆုံးဖြစ်သည်။ ကျွန်တော့်ဒေါသက အရှိန်အဟုန်ပြင်းစွာ တောက်လောင်လာသည်။ သည်ကိစ္စကို ခရိုင်ကျန်းမာရေးဘုတ်အဖွဲ့သို့ တင်မည် ၊ သည်အမျိုးသမီးကို သည်အလုပ်က ထုတ်စေရမည်ဟု ကျွန်တော်ဆုံးဖြတ်လိုက်သည်။

ညနေဘက်တွင် အလွန်ပြင်းထန်သော အစီရင်ခံစာတစ်စောင် ကျွန်တော်ရေးသည်။ စာတွင် သူကျူးလွန်ခဲ့သော ပြစ်ချက်ကို ဖိဖိစီးစီးဖော်ပြသည်။ ထို့နောက် သူ့အား ရုံးခန်းသို့ဆင့်ခေါ်ကာ အစီ၇င်ခံစာကို လေသံပြင်းပြင်းနှင့်ပင် ကျွန်တော်ဖတ်ပြလိုက်သည်။

ကျွန်တော်ဖတ်ပြသမျှကို သနားစဖွယ် တိတ်ဆိတ်စွာပင် သူနားထောင်နေသည်။ စင်စစ်သူက ဝေလနယ်သူ ရိုးရိုးအအတစ်ယောက်ဖြစ်သည်။ လူကပိန်သည်။ သဏ္ဌာန်ဟန်ပန်ကလည်း သိပ်အချိုးမကျ။ အစာအာဟာရ မပြည့်ဝသဖြင့် လူကလည်း အားအင်သိပ်မရှိချင်။ သည်အထဲမှာ ရှက်တာရယ် ၊ ၀မ်းနည်းတာရယ် ကြောက်ရွံ့တုန်လှုပ်တာရယ် ပေါင်းလိုက်တော့ မူးချင်မေ့ချင်သလိုပင် ဖြစ်နေပုံရသည်။

သူ့ထံမှ ဘာအကြောင်းပြချက်တစ်ခုမှ မရသည့်အခါ ကျွန်တော်ပိုဒေါသထွက်လာသည်။ တကယ်ဆိုလျှင် သူ့အနေနှင့် အလုပ်တွေ ဆက်တိုက်ပင်ပန်းသွားသောကြောင့် ယခုလို မတော်တဆဖြစ်သွားရခြင်းပါ ဘာညာစသဖြင့် ဆင်ခြေဆင်လက်ပေးရနိုင်သည်။ ယခုတော့ ဘာမှမဆို။ “မင်းဘာတစ်ခွန်းမှ မပြောနိုင်တော့ဘူးလားကွ ၊ ဟေ” ကျွန်တော်ဒေါသနှင့် ဟောက်လိုက်မိသည်။

သူကခေါင်းခါသည်။ ထို့နောက်မှ ရုတ်တရက်မ၀ံ့မရဲလေသံနှင့် ဆိုသည်။

“ကျွန်မကို နောက်တစ်ကြိမ်ကြိုးစားခွင့်ပေးပါဆရာ”တဲ့။

ကျွန်တော်ရုတ်တရက်အမ်းသွားသည်။ ကျွန်တော့်ခေါင်းထဲမှာ အဲသည်စိတ်ကူးမျိုး လုံးဝမရှိခဲ့။ ကျွန်တော့်ကို လွှမ်းမိုးနေခဲ့သည့် တစ်ခုတည်းသော အတွေးက သူ့အပြစ်ဒဏ်ကို သူခံရမည်ဆိုတာပဲဖြစ်သည်။ ကျွန်တော် သူ့ကိုစိန်းစိန်းကြည့်နေမိသည်။ ပြီးမှ သွားတော့ဟု ပြတ်ပြတ်တောက်တောက်ပင် ပြောလိုက်သည်။ အစီရင်ခံစာကို လက်မှတ်ရေးထိုးပြီး ရုံးတံဆိပ်နှိပ်လိုက်သည်။

အဲသည်ည တစ်ညလုံးကျွန်တော်ကောင်းကောင်းအိပ်မရ။ “ကျွန်မကို နောက်တစ်ကြိမ် ကြိုးစားခွင့်ပေးပါ”ဆိုသည့် စကားသံက ခေါင်းထဲတွင်ပဲ့တင်နေသည်။ ကျွန်တော့်တရားစီရင်ချက်သည် တကယ်တရားမျှတသော စီရင်ချက်ဟုတ်ရဲ့လား ၊ ကနေဦးခေတ်လူသားတွေ လက်စားချေစိတ်နဲ့ တုံ့ပြန်ဒဏ်ခတ်မှုမျိုးများ ဖြစ်နေမလားဟူသော အတွေးများက ထပ်ပြန်တလဲလဲခြောက်လှန့်နှောင့်ယှက်နေခဲ့သည်။

သည်အတွက်နဲ့များ အိပ်မပျော်နိုင်ဖြစ်ရသလားဟု ကျွန်တော့်ကိုယ် ကျွန်တော်ဒေါသထွက်မိသေးသည်။ သို့သော် မနက်တွင်တော့ စင်ပေါ်တင်ထားသည့်စာကို ကျွန်တော်ပြန်ယူကာ အစီရင်ခံစာကို ဆုတ်ဖြဲပစ်ခဲ့သည်။

သည်က လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က အဖြစ်အပျက်ဖြစ်သည်။ အဲသည်တုန်းက လူနာလေးတစ်ယောက် အသက်ဆုံးရှုံးရအောင် မှားယွင်းချွတ်ချော်ခဲ့သည့် သူနာပြုဆရာမလေးသည် ယခုအခါ ဝေလနယ်ရှိ အကြီးဆုံးကလေးသူငယ် စောင့်ရှောက်ရေးဂေဟာတွင် သူနာပြုဆရာမအုပ်ကြီးအဖြစ် အောင်မြင်စွာ တာဝန်ထမ်းရွက်လျက်ရှိနေပေပြီ။ သူမကား သူနာပြုသက်တမ်း တစ်လျှောက်လုံးပင် မိမိအလုပ်တွင် ကိုယ်ရောစိတ်ပါ နှစ်မြုပ်လုပ်ကိုင်သူအဖြစ် သူတကာ စံနမူနာယူရသူတစ်ဦးဖြစ်ခဲ့သည်။

လွန်ခဲ့သောအပတ်က ကျွန်တော်ဓါတ်ပုံတစ်ပုံရပါသည်။ သူနာပြုဆရာမအုပ်ကြီး ၀တ်စုံဆင်မြန်းထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်။ သူမအနီးမှာ ကလေးတွေဝိုင်းရံလျက်။

ဓါတ်ပုံက ဗုံးခိုကျင်းတစ်ခုအတွင်းမှာ ရိုက်ထားခြင်းဖြစ်သည်။ သူမမျက်နှာမှာ စိုးရိမ်ပူပန်မှုနှင့် ပင်ပန်းနွမ်းနယ်မှု အရိပ်လက္ခဏာများ ထင်ဟပ်နေသည်။ သို့သော်သူမကို မော့ကြည့်နေကြသည့် ကလေးများမျက်နှာမှာတော့ ချစ်ခင်စိတ်အားကိုးယုံကြည်စိတ်တွေ အပြည့်နှင့်။

ဒီစာကို လင်းဘာလို့ဖော်ပြလည်းဆိုတော့ လူတွေက အမှားတွေအမျိုးမျိုး မတော်တဆဖြစ်စေ ၊ တမင်တကာဖြစ်စေ ကျူးလွန်တတ်ကြပါတယ်။ မိမိအမှားအတွက် သူများရှုံ့ချတာခံရမယ့်အစား မိမိကိုယ် မှန်ကန်သော လမ်းကြောင်းပေါ်မှာ သူများက ပြန်လည်အတုယူရတဲ့ စံပြလူတစ်ဦးဖြစ်အောင် ကြိုးစားသင့်တယ်လို့ ထင်မြင်ယူဆမိလို့ပါ။ အချို့လူတွေက ဟန်ဆောင်ထားတာပဲဖြစ်ဖြစ် ၊ လောဘနဲ့ တပ်မက်မှုကြောင့် အမှားလုပ်မိတာပဲဖြစ်စေ မိမိကိုယ်မိမိ အမှားကို ပြန်လည်ပြင်ဆင်ခွင့် ရှိပါတယ်။ ဒါကို မပြင်ဆင်ဘဲ မှန်ကန်သော လမ်းကြောင်းပေါ်ကလူတွေကို လိုက်တိုက်ခိုက်နေမယ်ဆို၇င်တော့ အမှားတွင်းထဲမှာ သေတဲ့အထိမြုပ်နေမှာပါ။ နအဖကတော့ “နောက်ဆုတ်မရသောလူယုတ်မာအသင်း”ဖြစ်နေတော့ သူတို့နဲ့ ပတ်သတ်သမျှလူတွေကိုတော့ ဒါမျိုးပြောလိုစိတ် မရှိတော့ပါဘူး။ သူတို့ကတော့ သေမှကျွတ်မယ့် လူစားမျိုးတွေဆိုတော့ သမိုင်းတွင်မယ့်ရာဇ၀င်လူယုတ်မာစာရင်းထဲပဲ ထည့်ထားလိုက်ပါတော့တယ်။

Advertisements

6 Comments so far
Leave a comment

ဆက်ဒမ်ဟူစိန်..ကြိုးပေးခံရတဲ့ဗီဒီယိုကို…
သူတို့လဲ..ကြည့်ရမယ်..ထင်တယ်နော်….

Comment by kzy1980

ဆက်ဒမ်ဟူစိန်..ကြိုးပေးခံရတဲ့ဗီဒီယိုကို…
သူတို့လဲ..ကြည့်ရမယ်..ထင်တယ်နော်….

Comment by kzy1980

Very Nice Post Nyima LLKS, Positive thought. 🙂

Comment by Tesla

Very Nice Post Nyima LLKS, Positive thought. 🙂

Comment by Tesla

Very nice post.

Comment by gulu

Very nice post.

Comment by gulu




Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: