ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


ငါးမူးတန်းမှာရုပ်ရှင်ကြည့်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း
April 21, 2007, 2:55 pm
Filed under: General AungSan

ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သတ်တာတွေကို အမျိုးမျိုးအဖုံဖုံရေးကြတာတွေကို ကျမ ဖတ်ရတာ သိပ်နှစ်သက်ပါတယ် .. ။ အဲဒီအတွက် ဘယ်သူ့မှာပဲဖြစ်ဖြစ် ကျမကြိုက်တဲ့ စာအုပ်တွေရှိရင် ကျမ ငှားယူဖတ်တာတွေ ၊ ပြန်ဝယ်တာတွေ လုပ်လေ့ရှိတယ် .. ။ ဆိုင်မှာမြင်ရင်လည်း ကျမတော်တော်များများ စုထားလေ့ရှိသလို ကျမ၀ါသနာကို သိတဲ့ အသိတွေက လက်ဆောင်ပေးရင်လည်း စိတ်ချမ်းသာကြည်နူးရပါတယ် .. ။ စာအုပ်တွေမြင်ရင် ချစ်သူကိုတောင် မေ့မေ့သွားတတ်လို့ ကိုကိုလည်း စိတ်ကြည်ရဲ့လားမသိ😀 ။

ဗိုလ်ချုပ်ရဲ့ စရိုက် ၊ နေထိုင်ပြုမူခဲ့ပုံတွေကို ရေးထားတဲ့ စာအုပ်တွေထဲက ကျမနှစ်သက်တဲ့ ဆောင်းပါးအချို့ကို ကျမရတဲ့အချိန်ထဲက စာပြန်ရိုက်ပြီး အားလုံးကိုဝေမျှလိုက်ပါတယ်။ ဒီဆောင်းပါးကတော့ တက္ကသိုလ်နေ၀င်း ရေးခဲ့တဲ့ အမှတ်တရဗိုလ်ချုပ်အောင်ဆန်း စာအုပ်မှ ကောက်နှုတ်ဖော်ပြထားခြင်းပါ။

ငါးမူးတန်းမှာရုပ်ရှင်ကြည့်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း

ထိုနေ့ကား ၁၉၄၆ ခု ၊ စက်တင်ဘာလ ၂၆ရက် ၊ ကြာသာပတေးနေ့ ဖြစ်ပါသည်။ ဗြိတိသျှနယ်ချဲ့တို့သည် မြန်မာနိုင်ငံအား မူလပုံစံအတိင်း သူတို့လက်အောက်ခံ ကျွန်နိုင်ငံအဖြစ် ဆက်ထားကာ ဆန်စပါး ၊ ကျွန်းသစ် ၊ ရေနံ ၊ သတ္တုစသော သယံဇာတပစ္စည်းများကိုလည်း ဆက်လက်အမြတ်ထုတ်ခေါင်းပုံဖြတ်ရန် ရည်ရွယ်လျက် စစ်ကြီးမပြီးမီကပင် စီမံချက်သဘော “စက္ကူဖြူ”စာတမ်းကို ရေးဆွဲထားပြီး ဖြစ်သည်။

သို့ရာတွင် ဒုတိယကမ္ဘာစစ်အပြီး နိုးကြားတက်ကြွလာသော မြန်မာတိုင်းရင်းသားလူထု တစ်ရပ်လုံးက ဗိုလ်ချုပ်အောင်ဆန်းနောက်မှ တခဲနက်ထောက်ခံအားပေးကာ လွတ်လပ်ရေးပေးရမည်ဟု ကြွေးကြော်လာသောအခါ ထိုအချိန်က ဗြိတိန်နိုင်ငံတွင် အာဏာရနေသော လေဘာပါတီ ခေါင်းဆောင်များက အခြေအနေမှန်ကိုသုံးသပ်ပြီးနောက် ရန်ကုန်မြို့ရှိ ဗြိတိသျှဘုရင်ခံအား “အောင်ဆန်းကို အုပ်ချုပ်ရေးအာဏာ ပေးလိုက်တော့”ဟု ညွှန်ကြားလိုက်တော့သည်။

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရအဖွဲ့အာဏာကို ဘုရင်ခံထံမှ လွှဲပြောင်းရယူခဲ့ပါသည်။

ထိုနေ့ကား ၁၉၄၆ခု၊ စက်တင်ဘာလ ၂၆ရက်နေ့ပင်တည်း။

ထိုအချိန်က မြန်မာနိုင်ငံသည် လွတ်လပ်ရေးမရသေး။ ဗြိတိသျှဘုရင်ခံအုပ်ချုပ်နေဆဲပင်ဖြစ်ရာ အစိုးရအဖွဲ့ ( ၀န်ကြီးအဖွဲ့ Cabinet )ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီဟု ခေါ်သည်။

သဘာပတိက ဘုရင်ခံဖြစ်ပြီး ဗိုလ်ချုပ်က ဒုတိယသဘာပတိအမည်ဖြင့် ၀န်ကြီးအဖွဲ့ကို ဦးစီးကွပ်ကဲရသည်။ သို့ရာတွင် ဘုရင်ခံသည် နာမည်ခံ “သဘာပတိ”သာဖြစ်ပြီး နိုင်ငံခြားရေး ၊ ကာကွယ်ရေး ၊ ၀န်ကြီးဌာနများကိုပါ ဗိုလ်ချုပ်အောင်ဆန်းကပင် ကွပ်ကဲရသည်။ တစ်နည်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ၀န်ကြီးချုပ်အာဏာကို ရရှိထားပြီးဖြစ်သည်။ တရားဝင်လွတ်လပ်ရေးမရသေး၍သာ ၀န်ကြီးအဖွဲ့ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီဟု ခေါ်ခဲ့ခြင်းဖြစ်သည်။

ထိုနေ့က အလုံလမ်း ဘုရင်ခံအိမ်တော်မှ တာဝါလိန်းက (ယခု နတ်မောက်လမ်းသွယ်)နေအိမ်သို့ ပြန်ရောက်ရောက်ချင်း ဗိုလ်ချုပ်သည် ကျွန်တော့်အားခေါ်၍ နှစ်ယောက်ချင်း ညွှန်ကြားချက် ပေးပါသည်။

“ဟေ့ကောင် ဒီနေ့ကစပြီး ငါဟာအစိုးရအဖွဲ့ခေါင်းဆောင်ဝန်ကြီးဖြစ်လာပြီ ၊ မင်းကလည်း ငါ့ရဲ့ပီအေ ( အပါးတော်မြဲအတွင်းဝန်)အဖြစ် တစ်ရက် နှစ်ရက်အတွင်း ပြန်တမ်းထွက်လာလိမ့်မယ်။ အစိုးရအဖွဲ့အနေနဲ့ ငါတို့မှာ အဆောင်အယောင် အခွင့်အရေးတွေလည်း ရလာလိမ့်မယ်။ ငါအခုပြောနေတာကို မင်းမြဲမြဲ မှတ်ထားစမ်း။ အာဏာရတယ်ဆိုရင်ပဲ ငါတို့ကို ချဉ်းကပ်အကူညီတောင်းတာတွေလည်း လာလိမ့်မယ်။ ဒီတော့ ငါ့ရဲ့ဆွေမျိုးတွေ ငါ့မိန်းမဘက်က အမျိုးတွေ ၊ ပြီးတော့ မင်းနဲ့ပတ်သတ်တဲ့ အပေါင်းအသင်းတွေအားလုံး ဘယ်သူ့ကိုမှ မတရားအခွင့်အရေးမပေးရဘူး။ သူတို့အကူညီတောင်းတာတွေကို လုပ်မပေးရဘူး။ မင်းတို့ ငါတို့ကလည်း ဘယ်သူ့ဆီကမှ အကူအညီမယူရဘူး။ အဲဒါအိမ်မှာ အားလုံးကိုပြောထားလိုက်။ ငါအခု ပြောတဲ့အတိုင်း မလိုက်နာရင် မင်းနဲ့ငါအသိပဲ”

ဤသို့လျှင် ဗိုလ်ချုပ်သည် ကျွန်တော့်အား တိကျပြတ်သားစွာ အမိန့်ပေးခဲ့ပါသည်။

ကျွန်တော်လည်း ဗိုလ်ချုပ်အမိန့်ပေးသည့်အတိုင်း လိုက်နာရပါသည်။ သူ့ဇနီးဒေါ်ခင်ကြည်ကိုလည်း

“မမကြည် အိမ်မှာချက်ဖို့ဆန်မရှိရင် ကျွန်တော့်ကိုပြောပါ။ ကျွန်တော်တို့ ရဲဘော်တွေ ကြံဖန်ရှာပေးပါ့မယ်။ ဆန်အိတ်တွေ ၊ ဆီပုံးတွေနဲ့ နောက်ဖေးပေါက်က အိမ်ပေါ်တက်လာမယ့် စီးပွားရေးသမားတွေကိုတော့ လုံးဝလက်မခံပါနဲ့။ ဗိုလ်ချုပ်ကဒီအတိုင်း ကျွန်တော့်ကိုပြောထားလို့ပါ”ဟု တိုးတိုးတိတ်တိတ် ပြောခဲ့ပါသည်။

ထို့နောက်မကြာမီ နတ်မောက်မှ ဗိုလ်ချုပ်တို့နှင့် ဆွေမျိုးတော်စပ်သူအချို့ ရန်ကုန်ကိုရောက်လာပါသည်။ အမှန်တော့ သူတို့သည် အင်္ဂလိပ်ခေတ်က “အောင်ဆန်းဟာ ထောင်နှုတ်ခမ်းလျှောက်နေတဲ့ ကောင်ပဲ”ဟု ပြောတတ်ကြပါသည်။ ယခုအစိုးရအာဏာရလာမှ အခွင့်အရေးရလိုရငြား လာကြခြင်းဖြစ်သည်။ ကျွန်တော်ကလည်း ဗိုလ်ချုပ်အမိန့်ပေးထားသည့်အတိုင်း ပြတ်ပြတ်သားသားပြောလိုက်တော့မှ လက်လျှော့ပြီး ပြန်သွားကြတော့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလိပ်စာ ၀ါသနာပါပြီး အထူးကျွမ်းကျင်အောင် လေ့လာထားသကဲ့သို့ ကျွန်တော်နှင့် စကားပြောလျှင်လည်း ရံဖန်ရံခါ အင်္ဂလိပ်လိုပြောတတ်သည်။

၂၆-၉-၄၆နေ့က ဘုရင်ခံအိမ်တော်မှအပြန် ကျွန်တော့်အား ညွှန်ကြားချက်ပေးပြီးနောက်

Remember that I practice what I preach! ဟုအင်္ဂလိပ်လိုအဆုံးသတ်ခဲ့ပါသည်။

အဓိပ္ပာယ်ကတော့ “ငါဟာ ငါ့တပည့်တွေရဲ့ ရဲဘော်တွေကို သွန်သင်သလို ငါကိုယ်တိုင်လည်း လိုက်နာတယ်ဆိုတာ မှတ်ထားပါ”ဟူ၍ပင်ဖြစ်ပါသည်။

ယင်းသို့ ၂၆-၉-၄၆နေ့က ဗိုလ်ချုပ် အင်္ဂလိပ်ပြောခဲ့သည်ကို နောက်တစ်လနီးပါးကြာမှ ပြန်လည်သတိရစေသည့် အကြောင်းကား ဤသို့ပါတည်း။

ထိုအချိန်၌ ဗိုလ်ချုပ်အောင်ဆန်းသည် အတွင်းဝန်ရုံးတွင် အစိုးရအဖွဲ့အကြီးအကဲအဖြစ် နေ့စဉ် ရုံးထိုင်နေပြီ ဖြစ်သည်။ ကျွန်တော်ကလည်း သူ့ရုံးခန်းကပ်လျက် သီးသန့်အခန်းငယ်တစ်ခုတွင် ထိုင်ရပါသည်။ ဗိုလ်ချုပ်က အလိုရှိ၍ လျှပ်စစ်ခေါင်းလောင်းနှိပ်လိုက်လျှင် ကျွန်တော်လည်း ဘေးပေါက်မှ သူထိုင်ရာစားပွဲဆီသို့ သွက်လက်စွာ ၀င်သွားရပါသည်။

တစ်နေ့ မွမ်းလွဲသုံးနာရီခန့်တွင် ဗိုလ်ချုပ်က လှမ်းခေါ်သဖြင့် ကပျာကယာပြေးဝင်သွားရာ

“ဟေ့ ဒီနေ့ညဘက် ငါတို့ချိန်းထားတဲ့ အစည်းအဝေးရှိသေးသလား။ တခြားဘာကိစ္စတွေရှိသလည်း” ဟု ဗိုလ်ချုပ်က မေးသဖြင့် ကျွန်တော်လည်း အသင့်ပါလာသော ဒိုင်ယာရီမှတ်တမ်းစာအုပ်ကို ကြည့်ပြီး ပြန်ဖြေလိုက်ရပါသည်။

“အစည်းအဝေးမရှိဘူး ဗိုလ်ချုပ်။ တခြားဘာကိစ္စမှလည်း မရှိဘူး။ ဒီနေ့ညအားပါတယ်”

“ဟုတ်လား။ ဒါဖြင့်ဟန်ကျတာပဲ။ ဒီနေ့ည ငါရုပ်ရှင်ကြည့်ချင်တယ်ကွာ”

“ဘယ်ရုံကဇတ်ကားကြည့်ချင်တာလည်း ဗိုလ်ချုပ်”

“ပလေဒီယံရုံမှာပြနေတဲ့ အင်္ဂလိပ်ဟာသကား ကြည့်ချင်တယ်။ အပျင်းပြေပေါ့ကွာ”

“ဒါဆိုရင်လွယ်ပါတယ်။ အဲဒီရုံက မန်နေဂျာနဲ့ ကျွန်တော်သိတယ်။ အခု ကြိုတင်ပြီး ဖုန်းလှမ်းဆက်ထားလိုက်မယ်”

ပြောပြောဆိုဆို ကျွန်တော်သည် စားပွဲပေါ်ရှိ တယ်လီဖုန်း စကားပြောခွက်ကို ကောက်ကိုင်လိုက်စဉ် ဗိုလ်ချုပ်က ခပ်ဆတ်ဆတ်ဟန့်တားပါသည်။

“ဟေ့ကောင် တယ်လီဖုန်းကိုပြန်ချလိုက်စမ်း”

ကျွန်တော်လည်း တယ်လီဖုန်းကို ကပျာကယာ ပြန်ချလိုက်တော့မှ ဗိုလ်ချုပ်က ဆက်ပြောပါသည်။

“ဘာလဲ။ မင်းက ရုံးမန်နေဂျာကို တယ်လီဖုန်းဆက်ပြီး မေတ္တာလက်မှတ်တောင်းမလို့ မဟုတ်လား။ မတောင်းရဘူး။ ရုပ်ရှင်ကြည့်ရင် ပိုက်ဆံနဲ့လက်မှတ် ၀ယ်ကြည့်ရမယ်။ မေတ္တာလက်မှတ် တောင်းတယ်ဆိုတာ အခွင့်အရေးယူတာ တစ်မျိုးပဲ။ မင်းတို့ ငါတို့အနေနဲ့ မေတ္တာလက်မှတ်တောင်းတယ်ဆိုတာ အခွင့်အရေးယူတာ တစ်မျိုးပဲ။ မင်းတို့ ငါတို့အနေနဲ့ မေတ္တာလက်မှတ်တောင်းရင် မန်နေဂျာက လက်မှတ်နှစ်စောင်မဟုတ်ဘူး။ ဆယ်စောင်လည်း ပေးမှာပဲ။ မင်းက အရှည်ကိုမစဉ်းစားဘဲကိုး။ ရုပ်ရှင်ရုံပိုင်ရှင်တို့ ၊ မန်နေဂျာတို့ဆိုတာ စီးပွားရေး သမားတွေကွ။ အာဏာရှိတဲ့လူဆိုရင် မျက်နှာလိုမျက်နှာရလုပ်တတ်တယ်။ သူတို့က အခွင့်အရေး တစ်ခုပေးပြီးရင် ဆယ်ခု ပြန်တောင်းလိမ့်မယ်။ ဒါမျိုးတွေ ငါမကြိုက်ဘူး။ ကဲ မင်းမှာ အခု ပိုက်ဆံ ဘယ်လောက်ရှိသလဲ”

ဗိုလ်ချုပ်က မေးသဖြင့် ကျွန်တော်လည်း အကျီအိတ်ထဲသို့ နှိုက်ကြည့်ရာ ငွေစက္ကူ ကျပ်တန်သုံးရွက် ထွက်လာပါသည်။

“ဘယ်လောက်လဲကွ ၊ သုံးကျပ်မဟုတ်လား ။ ဒါဆိုရင် ဖြစ်တယ်။ မင်း မမကြည်နဲ့ ကလေးတွေက လိုက်မှာ မဟုတ်ဘူး။ ဒီတော့ မင်းနဲ့ငါ နှစ်ယောက်ပဲ ညနေခြောက်နာရီခွဲပွဲမှာ ငါးမူးတန်းက လက်မှတ်ဝယ်ကြည့်ကြမယ်။ ငါးမူးတန်း လက်မှတ်နှစ်စောင်ဆိုတော့ တစ်ကျပ်ပဲကုန်မှာမို့ မင်းမှာ ငွေနှစ်ကျပ်တောင် ကျန်ဦးမယ်။ အဲဒီအတိုင်းသာ စီစဉ်တော့”

ဗိုလ်ချုပ်က အဆုံးအဖြတ်ပေးလိုက်သဖြင့် ကျွန်တော်လည်း ဘာမှပြန်မပြောသာတော့ပါ။

(မှတ်ချက်။ ၁၉၄၆ခုနှစ်က ရုပ်ရှင်ကြည့်ခနှုန်းမှာ စစ်ကြိုခေတ်ကအတိုင်း ရှေ့ဆုံးကတစ်မတ် ၊ ထို့နောက် ငါးမူးတန်း ၊ စတောလ်ဟုခေါ်သည့် အောက်ထပ်နောက်ဆုံးက တစ်ကျပ် ၊ ဒီစီဟုခေါ်သည့် အပေါ်ထပ်က နှစ်ကျပ်ဖြစ်သည်။ ငွေကြေးစနစ်ကလည်း အိန္ဒိယမှာကဲ့သို့ပင် ကျပ် ပဲ ပိုင် စနစ်ဖြစ်၍ ယခုလို ပြားတစ်ရာ ၊ တစ်ကျပ်စနစ်မရှိသေးပါ။ ဗိုလ်ချုပ်အောင်ဆန်းသည် ရေကျော်လမ်း ၊ တို့ဗမာအစည်းအရုံးမှာ ဆင်းရဲကျပ်တည်းစွာ နေခဲ့စဉ်က ရံဖန်ရံခါ အင်္ဂလိပ်ရုပ်ရှင်ကားများ ကြည့်တတ်သည်။ ငွေကြေးအခက်အခဲကြောင့် ရုပ်ရှင်ပိတ်ကားနှင့် အနီးဆုံးဖြစ်သော ဈေူးအနည်းဆုံး တစ်မတ်တန်းက ကြည့်လေ့ရှိသည်။ ယခု သူဝန်ကြီးဖြစ်နေ၍ တစ်မတ်တန်းမှ ကြည့်ရန်မသင့်ဟု တွေးကာ ငါးမူးတန်း ( ရှစ်ပဲ ) တန်းမှ ကြည့်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်)

ထိုနေ့ ညနေက ပလေဒီယံရုံသို့ ကျွန်တော်တို့ ရောက်သွားသောအခါ အနည်းငယ်နောက်ကျနေသဖြင့် ငါးမူးတန်း၏ ရှေ့ဆုံးတန်းမှသာ လက်မှတ်ရပါသည်။ ငါးမူးတန်း၏ ရှေ့ဆုံးတန်းဆိုသည်မှာ တစ်မတ်တန်း၏ နောက်ဆုံးတန်းနှင့် ဘာမျှမခြားတော့။ သို့သော် ဗိုလ်ချုပ်က ဘာမှမပြော။ ထိုင်ကြည့်ရရင် ပြီးတာပဲဟုဆိုကာ ခပ်တည်တည်ပင် ၀င်ထိုင်ကြည့်လိုက်ပါသည်။

ထိုခေတ်က ရုပ်ရှင်ပြချိန်မှာ နေ့လယ် ၁၂နာရီခွဲ ၊ မွန်းလွဲသုံးနာရီခွဲ ၊ ညနေခြောက်နာရီခွဲနှင့် ညကိုးနာရီခွဲ စုစုပေါင်း လေးပွဲပြသည်။ ယခုလည်း တစ်နေ့လေးပွဲပြနေလင့်ကစား ပြချိန်ချင်းမတူတော့ချေ။

အချိန်တန်၍ ရုပ်ရှင်ရုံအတွင်း မှောင်သွားပြီး စတင်ပြပါလေပြီ။ မှောင်သည်ဆိုသော်လည်း ခေတ္တမျှအကြာတွင် မျက်စိကျင့်သားရ၍ ရုံအတွင်း မြင့်သင့်သလောက်မြင်ရပါသည်။ ဤတွင် ကျွန်တော်တို့ရှေ့ တစ်မတ်တန်းမှ ပရိသတ်သည် ငါးမူးတန်းရှေ့ဆုံးတန်းမှ ဗိုလ်ချုပ်အောင်ဆန်းကို သတိပြုမိကြတော့သည်။ နေ့စဉ်လိုလို သူ၏ ဓါတ်ပုံသတင်းစာထဲ ပါနေသဖြင့် မှတ်မိနေကြဟန်တူသည်။ ထို့ကြောင့် တစ်မတ်တန်း နောက်ဆုံးမှ လူများသည် ရုပ်ရှင်ဓါတ်ကားကို မကြည့်ဘဲ ဗိုလ်ချုပ်ကိုသာ နောက်ပြန်လှည့်ကြည့်နေကြသည်။ ဗိုလ်ချုပ်ကမူ ဘာကိုမှ သတိပြုမိပုံမရဘဲ ရုပ်ရှင်ပိတ်ကားကိုသာ အာရုံစိုက်ကြည့်နေသည်။ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိ။ အနေရခက်နေတော့သည်။

မိနစ်အနည်းငယ်ကြာသောအခါ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ငါးမူးတန်းမှ ရုပ်ရှင်ကြည့်နေသည်ဟူသော သတင်းသည် ရုံမန်နေဂျာရုံးခန်းသို့ ရောက်သွားတော့သည်။

မန်နေဂျာ ဦးမြဟန်ဆိုသူ (ယခုကွယ်လွန်)မှာ ကျွန်တော်နှင့် ခင်မင်ရင်းနှီးသဖြင့် ချက်ချင်းအောက်ထပ်သို့ ပြေးဆင်းလာပြီး ရုံဝန်ထမ်းတစ်ဦးအား ကျွန်တော့်ကို အပြင်ဘက် စင်္ကြသို့ခေတ္တထွက်ခဲ့ရန် ခေါ်ခိုင်းပြီး အပြစ်တင်ပါလေတော့သည်။

“ဘယ်လိုလုပ်လိုက်တာလဲ သူငယ်ချင်း ၊ ဗိုလ်ချုပ် ရုပ်ရှင်ကြည့်မယ်ဆိုရင် စောစောက ငါ့ဆီကြိုတင်ဖုန်းဆက်လိုက်ရောပေါ့။ ဘာကြောင့် မဆက်တာလဲ”

“အေးငါလည်း မင်းဆီဆက်မလို့ပါပဲ။ ဗိုလ်ချုပ်က မဆက်ရဘူးလို့ ငါ့ကိုဟောက်တယ်။ မေတ္တာလက်မှတ် တောင်းပြီး ရုပ်ရှင်ကြည့်တာဟာ အခွင့်အရေးတစ်မျိုးယူတာပဲတဲ့။ နောင်တစ်ချိန်ကျ၇င် မင်းတို့လို စီးပွားရေးသမားတွေက မတရားအခွင့်အရေးတွေ တောင်းလာလိမ့်မယ်တဲ့။ ဒါကြောင့် ငါ့မှာရှိတဲ့ ပိုက်ဆံသုံးကျပ်ထဲက တစ်ကျပ်ပဲကုန်အောင် ငါးမူးတန်းက ၀င်ကြည့်ကြတာပဲကွ”

“ဗိုလ်ချုပ်ပြောတာ မှန်သင့်သလောက် မှန်ပါတယ်။ စီးပွားရေးသမားဆိုတာတော့ အကြံအဖန်လုပ်ဖို့ ၊ မတရား အခွင့်အရေးတောင်းဖို့ အမြဲအကွက်ချောင်းနေတာပဲ။ ဒါပေမယ့်ကွာ မင်းဆရာဗိုလ်ချုပ်ကို သွားပြောစမ်းပါ။ ငါက အင်းယားဟောလ်ရှေ့မှာနေတဲ့ ရန်ကုန်ရုပ်ရှင်ကုမ္ပဏီပိုင်ရှင် ဒေါ်မမရဲ့သား မြဟန် ၊ ဒီရုံကိုလည်း ငါတို့ပဲ ပိုင်တယ်။ ငါတို့အလုပ်က ရုပ်ရှင်ရုံနဲ့ပဲ ပတ်သတ်တော့ သွင်းကုန် လိုင်စင်တောင်းတာမျိုးတို့ ဘာအခွင့်အရေးမှ ယူဖို့လည်း မလိုဘူး။ အခုလို အင်္ဂလိပ်ကားမျိုးဆိုတာကလည်း ရုံမပြည့်ဘဲ အပေါ်ထပ်သီးသန့်တန်းမှာ နေရာတွေ အများကြီးလွတ်နေတယ်။ ဗိုလ်ချုပ်လို နိုင်ငံခေါင်းဆောင်ကြီးအနေနဲ့ ငါးမူးတန်းရှေ့ဆုံးမှာ ထိုင်ကြည့်နေတာ မသင့်တော်တဲ့အပြင် လုံခြုံရေးရှုထောင့်က ကြည့်ရင်လည်း လုံးဝမကောင်းပါဘူး။ ဒီတော့ ဘာအခွင့်အရေးမှ မတောင်းပါဘူးဆိုတဲ့ အာမခံချက်လည်း ပေးပါမယ်။ ဗိုလ်ချုပ်ကို အပေါ်ထပ် ဒီစီတန်းမှ တက်ကြည့်ဖို့ သွားပြောပေးစမ်းပါ သူငယ်ချင်း”

မန်နေဂျာ ဦးမြဟန်က အတင်းပြောသဖြင့် ကျွန်တော်လည်း ရုံထဲပြန်ဝင်ကာ ပိတ်ကားပေါ်မှ ဟာသကွက်များကို ကြည့်ပြီး သဘောကျနေကာ ရယ်မောနေသူ ဗိုလ်ချုပ်၏လက်မောင်းကို အသာဆွဲလိုက်ပါသည်။

“ဟေ့ကောင် ဘာလဲကွ ၊ ရုပ်ရှင်ကြည့်ကောင်းနေတုန်း ဘာဖြစ်ပြန်ပလဲ”

ဗိုလ်ချုပ်က စိတ်တိုဟန်ဖြင့် ကျွန်တော့်အား ငေါက်ရာ ကျွန်တော်လည်း မန်နေဂျာ ဦးမြဟန်ပြောသည့်အတိုင်း ခပ်တိုးတိုးရှင်းပြလိုက်ရပါသည်။

ဗိုလ်ချုပ်သည် ရုတ်တရက် ဘာမှပြန်မပြောသေးဘဲ ခေတ္တမျှ ပိတ်ကားပေါ်မှ ရုပ်ရှင်ကိုသာ ဆက်ကြည့်ရင်း စဉ်းစားနေဟန်တူပါသည်။ မန်နေဂျာဦးမြဟန်၏မိခင် ဒေါ်မမကို လူချင်းမရင်းနှီးသော်လည်း သူသိနေသည်။ ထို့ပြင် ၁၉၃၆ခုနှစ် တက္ကသိုလ်သပိတ်အရေးတော်ပုံတုန်းက ကျောင်းသားများအား သွယ်ဝိုက်၍ ကူညီခဲ့ကြောင်းကိုလည်း သိထားသည်။ ယခု မန်နေဂျာ ဦးမြဟန်က ဘာအခွင့်အရေးမှ မတောင်းပါဘူးဟု အာမခံချက်ပေးထားပါတယ်ဟူသော စကားကို သဘောကျသွားဟန်ဖြင့် ဗိုလ်ချုပ်သည် ထိုင်ရာမှ ထလိုက်သည်။

“ဟေ့ကောင် အပေါ်တက်မယ်ဆိုရင်လည်း မြန်မြန်တက်ကွာ ၊ မင်းက ရှေ့ကသွား ၊ အချိန်ကြာနေရင် ရုပ်ရှင်ဇတ်လမ်း ဇတ်ကွက်တွေ လွတ်ကုန်ပါဦးမယ်”

သူပြောသည့်အတိုင်း ကျွန်တော်လည်း ခပ်သွက်သွက်လျှောက်ထွက်ကာ ဦးမြဟန်လွှတ်ထားသော ရုံဝန်ထမ်း လူငယ်တစ်ဦးနှင့်အတူ ဒီစီခေါ် အပေါ်ထပ် နှစ်ကျပ်တန်းသို့ တက်ကြည့်ကြပါသည်။

ရုပ်ရှင်ပြီး၍ အပြန်တွင် ကားပေါ်၍ဗိုလ်ချုပ်က

“မင်းသိတဲ့အတိုင်း ငါတို့ကရုပ်ရှင်ကို မေတ္တာလက်မှတ်တောင်းပြီး အလကားကြည့်တာ မဟုတ်ဘူး။ ငါးမူးတန်းက လက်မှတ်နှစ်စောင်ဝယ်ကြည့်တယ်။ နောက်မှ မင်းသူငယ်ချင်းမန်နေဂျာက အတင်းလာခေါ်ပြီး အပေါ်ထပ် တက်ကြည့်ဖို့ခေါ်တော့ သူ့အမေကြီးကိုလည်း အားနာလို့ တက်ကြည့်ခဲ့တာပဲ”ဟု ပြောခဲ့ပါသေးသည်။

ဤသို့ပြောနေစဉ် ကျွန်တော်သည် ၂၆-၉-၄၆ နေ့က ဗိုလ်ချုပ်ကိုယ်တိုင်က

“ဟေ့ ငါ့တပည့်ရဲဘော်တွေကိုပြောသလို ငါကိုယ်တိုင်လုပ်တာကွ”ဟု အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုခဲ့ပုံကို ပြန်လည်သတိရကြားယောင်နေမိပါသတည်း။


9 Comments so far
Leave a comment

မှတ်သားဖွယ်စာတွေကို တင်ပေးတဲ့အတွက် ကျေးဇူးတင်တယ်ညီမလေး

Comment by Anonymous

ညီမလင်းလက်..။ ဒီစာကို ပဒုမ္မာ ဖိုရမ်က ဗိုလ်ချုပ်အကြောင်း စုစည်းဖော်ပြနေတဲ့ တော့ပစ် တခုအောက်မှာ ကူးယူဖော်ပြချင်တယ်။ ညီမရဲ့ ဘလော့ခ်လင့်ခ် ကိုပါ ထည့်ပေးလိုက်မယ်။ ရမလား။ အကို ဒီကို ထပ်မလာဖြစ်ရင် မသိမှာစိုးလို့ ညီမသဘောထားကို အကို့စီဘောက်စ်မှာ ဖြစ်ဖြစ် လာပြောပေးပါ။ ညီမ အချိန်အားရင်ပေါ့။🙂

အကိုသံလွင်

Comment by ကလိုစေးထူး

copy cat…
ဘာလို့ ဘယ်က ကူးချလာသလည်းဆိုတာမပြောထားတာလည်း

Comment by Anonymous

လင်းလက်-ရေ
လိုက်နာကျင့်သုံးအပ်တဲ့စကားတွေကို လက်ဆင့်ကမ်းတဲ့အတွက် (ကိုယ်တိုင်အတွက်ရော) အများအတွက်ပါ ကျေးဇူးတင်ပါတယ်။

အပေါ်က ကိုအမည်မဖော်လိုသူက စာဖတ်ရှန်းသွားတယ်ထင်တယ်-
တက္ကသိုလ်နေ၀င်း ရဲ့ အမှတ်တရဗိုလ်ချုပ်အောင်ဆန်းစာအုပ် ပါလို့ အသေအချာပြောထားပါတယ်ဗျာ။

Comment by sisain

အားလုံးကိုကျေးဇူးတင်ပါတယ် .. အကိုသံလွင်ကို ညီမခွင့်ပြုပြီးသားနော် .. အကိုစစ်အိမ် ကျေးဇူးပါအကို …

အမည်မဖော်ထားတဲ့ ကိုယ်တော်ချော ၊ ကျမကို အပြစ်ပြောချင်စိတ်သာရှိနေပြီး ဘာတွေရေးထားလည်း မဖတ်တာလောက် သနတာ မရှိဘူးနော် .. ဒီဆောင်းပါးက ဘယ်က ဖော်ပြထားတာလည်းဆိုတာကို ပြူးနေအောင် ရေးထားတယ် .. ကန်းနေလား .. မြင်အောင်ကြည့်နော် … နောက်ဆုံးမဖော်ပြထားရင်တောင် ဒီဆောင်းပါးကို ဖတ်ပြီး ကျေးဇူးပဲတင်သင့်တယ် …. မကျေနပ်ရင် လာမဖတ်နဲ့ .. မဖတ်မနေရ မသတ်မှတ်ထားဘူး ….. ပါစင်နယ်အရကြည့်မရတာနဲ့ လာမတိုက်ခိုက်နဲ့ … သတ္တိရှိရင် နာမည်အမှန်နဲ့လာပြောပါလား .. ချုံပုတ်ထဲက လက်သီးလာမဆုပ်ပြနဲ့ .. ရွံတယ်..

Comment by LIN LET KYAL SIN

လင်းလက်ရေ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဒီစာပိုဒ်လေးပြန်ဖတ်ရတာ..
ဗိုလ်ချုပ်ကိုတကယ်ပဲ အောက်မေ့သတိရမိပါတယ်။
ကျေးဇူးတင်ပါတယ်နော်…လင်း

Comment by Anonymous

လင်းလက်ရေ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဒီစာပိုဒ်လေးပြန်ဖတ်ရတာ..
ဗိုလ်ချုပ်ကိုတကယ်ပဲ အောက်မေ့သတိရမိပါတယ်။
ကျေးဇူးတင်ပါတယ်နော်…လင်း ..

ဟုတ်ကဲ့ရှင့် .. ဆက်လက်ဖော်ပြသွားမှာပါ .. အခုကွန်မန့်ပေးတာ story လားဟင် .. ကျေးဇူးတင်ပါတယ်နော်..

Comment by LIN LET KYAL SIN

လင်းလက်က တော်တော် အပိုပြောတတ်တယ်နော်

Comment by Anonymous

လင်းလက်က တော်တော် အပိုပြောတတ်တယ်နော်

Comment by Anonymous




Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: