ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


ကားပျက်၍ခြေလျင်လျှောက်ခဲ့သော ဗိုလ်ချုပ်
May 21, 2007, 3:10 pm
Filed under: General AungSan

ကားပျက်၍ခြေလျင်လျှောက်ခဲ့သော ဗိုလ်ချုပ်

တစ်ခါက အထက်အညာဒေသ မြို့ရှစ်မြို့မှ စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ ဖိတ်ကြားသခြင့် သွားရောက်ဟောပြောခဲ့ဖူးပါသည်။ ထိုအချိန်က စာဆိုလရာသီဖြစ်သော်လည်း မြန်မာ့လွတ်လပ်ရေး နှစ်ပတ်လည် အခမ်းအနားနေ့ အကြိုကာလလည်း ဖြစ်နေသောကြောင့် မြို့ခံစာပေသမားများက ကျွန်တော့်အား လူငယ်များဗဟုသုတအတွက် “လွတ်လပ်ရေးကြိုးပမ်းမှုနှင့် ဗိုလ်ချုပ်အောင်ဆန်း”ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောပါရန် မေတ္တာရပ်ခံကြရာ ကျွန်တော်လည်းမငြင်းသာဘဲ သူတို့တောင်းဆိုသည့်အတိုင်း “လွတ်လပ်ရေး ဗိသုကာဗိုလ်ချုပ်အောင်ဆန်း” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု ကာလအတွင်း လှုပ်ရှားစွမ်းဆောင်မှုများအကြောင်း ကျွန်တော်က ဟောပြောသွားရင်း ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံရေးအရှိန်အ၀ါကို ခုတုံးလုပ် အခွင့်အရေး မယူတတ်ပုံကို သာဓကများဖြင့် ပြောဆိုခဲ့ပါသည်။ တစ်နေရာတွင် ကျွန်တော်က “ဗိုလ်ချုပ်အောင်ဆန်းဟာ အစိုးရအဖွဲ့ (၀န်ကြီးအဖွဲ့) ခေါင်းဆောင်ဖြစ်ရုံမက ၀န်ကြီးချုပ် ၊ နိုင်ငံခြားရေးဝန်ကြီး ၊ ကာကွယ်ရေးဝန်ကြီး တာဝန်တွေကိုပါ ထမ်းဆောင်နေပေမယ့် သူ့ဆီမှာ မော်တော်ကားတစ်စီးတည်းပဲ ရှိခဲ့ပါတယ်။ အဲဒီ ကားတစ်စီး ပျက်တဲ့အခါဆိုရင် ခြေလျင်လျှောက်သွားခဲ့တယ်”ဟု ပြောခဲ့ပါသည်။

ယင်းအကြောင်းနှင့် ပတ်သတ် ဟောပြောပွဲအပြီးတွင် လူငယ်စာပေသမားအချို့က “ဆရာက ဗိုလ်ချုပ်မှာရှိတဲ့ တစ်စီးတည်းသော မော်တော်ကားပျက်လျှင် ခြေလျင်လျှောက်သွားတယ်ဆိုတာ အဓိပ္ပါယ်လေးနက်အောင် ဥပမာအဖြစ် ပြောခဲ့တာ မဟုတ်လား။ တကယ်တော့ ဗိုလ်ချုပ်ဟာ ကားပျက်လို့ ခြေလျင်လျှောက်သွားခဲ့တယ်ဆိုတာ အမှန်မဟုတ်ဘူး မဟုတ်လား ဆရာ”ဟု မေးပါသည်။

တွင် ကျွန်တော်က ခေါင်းခါပြပြီး “ဥပမာအဖြစ် တင်စားပြောတာ မဟုတ်ဘူးဗျ။ အမှန်တကယ် ဖြစ်ရပ်ကို ပြောတာပါ”ဟု အစချီကာ ဟောပြောပွဲစင်မြင့်ပေါ်တုန်းက မပြောခဲ့သော တကယ့်ဖြစ်ရပ်များကို လူငယ်စာပေ၀ါသနာရှင်များအား ပြောပြခဲ့ရာ သူတို့အားလုံး မယုံကြည်နိုင်လောက်အောင် အံ့သြနေကြပါတော့သည်။

အထက်ပါဖြစ်ရပ်မှာ နှစ်ပရိစ္ဆေဒ ကြာမြင့်ပြီဖြစ် ယနေ့မျိုးဆက်သစ်လူငယ်များ ဗဟုသုတရစေရန် ဆောင်းပါးဖြင့် ပြန်လည်ရေးသားတင်ပြလိုက်ရပါသည်။

အတိတ်ကိုဇတ်ကြောင်းပြန်ရသော် ၁၉၄၆ခုနှစ် စက်တင်ဘာလ ၂၆ရက် ၊ ကြာသာပတေးနေ့မှ ပြန်လည်စတင်ရမည် ဖြစ်ပါသည်။

ထိုနေ့သည် မြန်မာ့လွတ်လပ်ရေးသမိုင်းမှ အရေးပါသော မှတ်တိုင်တစ်ခုလည်းဖြစ်သည်။ အကြောင်းမူကား လန်ဒန်မြို့ရှိ ဗြိတိသျှအစိုးရ၏ ညွှန်ကြားချက်အရ ရန်ကုန်မှ အင်္ဂလိပ်ဘုရင်ခံက ဗိုလ်ချုပ်အောင်ဆန်းအား အုပ်ချုပ်ရေးအာဏာ လွှဲပြောင်းပေးအပ်ခဲ့သောနေ့ ဖြစ်သောကြောင့်ပင်တည်း။

တစ်နည်းအားဖြင့် ၂၆-၉-၄၆ နေ့သည် ဗိုလ်ချုပ်အောင်ဆန်း အုပ်ချုပ်ရေးအာဏာရရှိကာ ၀န်ကြီးများအဖွဲ့ (ကတ်ဘိနက်) ခေါင်းဆောင်ဖြစ်လာသည့်နေ့ပင်ဖြစ်ပါသည်။

ထိုနေ့နံနက် ရန်ကုန်မြို့ အလုံလမ်းရှိ အင်္ဂလိပ်ဘုရင်ခံအိမ်တော် (ယနေ့ပြည်သူ့လွှတ်တော်တည်ရာ) သို့သွား ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရအဖွဲ့ခေါင်းဆောင်တာဝန်ကို လက်မှတ်ရေးထိုးရယူပြီးနောက် ဗဟုန်းတာဝါလိန်းလမ်းရှိ သူ၏နေအိမ် (ယခု ဗိုလ်ချုပ်ပြတိုက်)သို့ ပြန်ရောက်ရောက်ချင်း ကျွန်တော့်အားခေါ် အရေးကြီးစကားပြောခဲ့ပါသည်။

ဟေ့ကောင် ဒီနေ့စပြီး ငါဟာအစိုးရအဖွဲ့ (ကတ်ဘိနက်) ခေါင်းဆောင်ဖြစ်လာပြီး မင်းကလည်း ငါ့ရဲ့ပီအေအဖြစ် တစ်ရက်နှစ်ရက်အတွင်း တရားဝင်ပြန်တမ်းထွက်လာလိမ့်မယ်။ ဒီတော့ ငါတို့မှာ အဆောင်အယောင် အခွင့်အရေးတွေ ရလာလိမ့်မယ်။ အာဏာရလာတယ်ဆိုရင်ပဲ ငါတို့ကို ချဥ်းကပ်အကူညီတောင်းတာတွေ လာလိမ့်မယ်။ ငါ့ရဲ့ဆွေမျိုးတွေ ၊ ငါ့မိန်းမဘက်က အမျိုးတွေ ၊ ပြီးတော့ မင်းနဲ့ပတ်သတ်တဲ့ အပေါင်းအသင်းတွေအားလုံး ဘယ်သူ့ကိုမှ မတရားအခွင့်အရေးမပေးရဘူး။ သူတို့ အကူညီတောင်းတာကို လုပ်မပေးရဘူး။ မင်းတို့ငါတို့ကလည်း ဘယ်သူ့ဆီကမှ ဘာအကူညီမှ မယူရဘူး။ အခွင့်အရေး မယူရဘူး”

သို့လျှင် ဗိုလ်ချုပ်သည် ကျွန်တော့်အား တိကျပြတ်သားစွာ ပြောခဲ့ရာ တစ်နည်းအားဖြင့် သူ၏ သဘောထားဆန္ဒနှင့် လမ်းညွှန်ချက်ပေးလိုက်ခြင်းပင် ဖြစ်သည်ဟု ဆိုရပေမည်။

ဘယ်သူ့ဆီကမှ အကူညီမယူရဘူး။ အခွင့်အရေး မယူရဘူး”ဟူသော ဗိုလ်ချုပ်စကား၏ အဆုံးသတ်ပုံကို ကျွန်တော်သည် ယနေ့ထိ မမေ့နိုင်ပါ။ မမေ့နိုင်အောင်လည်း ဗိုလ်ချုပ်အောင်ဆန်းသည် သူအမိန့်ပေးညွှန်ကြားသလို သူကိုယ်တိုင်လည်း လိုက်နာကျင့်သုံးခဲ့ကြောင်း ကိုယ်တွေ့ဖြစ်ရပ်တစ်ခု ကြုံတွေ့ခဲ့ရပါသည်။

ယင်းသို့ကြုံတွေ့ခဲ့ရပုံက သို့ပါတည်း။ ထိုအချိန်က “ဘုရင်ခံ၏ အမှုဆောင်ကောင်စီ”ဟု ခေါ်သော အစိုးရအဖွဲ့၏ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းဆောင်ဝန်ကြီးအဖြစ် စီးခဲ့သော မော်တော်ယဉ်မှာ အင်္ဂလန်ပြည်လုပ် ”၀ူစလီ”အမျိုးအစား အနက်ရောင် စလွန်းကားအမှတ် အာအေ^၂၈၇၄ ဖြစ်ပါသည်။

ဗိုလ်ချုပ်၏အိမ်တွင် ထိုကားတစ်စီးမှလွဲ အခြားမော်တော်ကားမရှိခဲ့ပါ။ ဗိုလ်ချုပ်မှာ အစိုးရအဖွဲ့တာဝန်အပြင် နိုင်ငံရေးအဖွဲ့အစည်း (ဖဆပလအဖွဲ့ချုပ်)၏ ဥက္ကဌအဖြစ်လည်း အလွန်အလုပ်များလေရာ သူလှုပ်ရှားသွားလာရာ အထက်ဖော်ပြပါ မော်တော်ကားနှင့်ပင် သွားလာရသောကြောင့် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နှင့် သားသမီးများအနေဖြင့် မော်တော်ကားစီးခွင့် သိပ်မရကြရှာပါချေ။ ရံဖန်ရံခါ ရုံးပိတ်ရက်တနင်္ဂနွေနေ့ညနေဘက်တွင် ဗိုလ်ချုပ်က ဇနီးနှင့်ကလေးများပါခေါ်ပြီး ကန်တော်ကြီးတစ်ပတ် ကားလျှောက်စီးသည့်အခါလောက်တွင်သာ စီးခွင့်ရကြပါသည်။

“ဗိုလ်ကြီး ၊ ကားဘာဖြစ်တယ်မသိဘူး။ စက်နှိုးလို့မရဘူး။ ကျွန်တော်လည်း တတ်သလောက် မှတ်သလောက် အမျိုးမျိုးကြိုးစားပြင်ကြည့်တာပဲ။ ဘယ်လိုမှ နှိုးလို့မရဖြစ်နေတယ်”

“ဟေဟုတ်လား။ မင်းသေသေချာချာ လုပ်ကြည့်ပြီးပြီလား”

ကျွန်တော်က သို့ပြန်မေးလိုက်ခြင်းမှာ ရဲဘော်ကျော်စိန်သည် ကားမောင်းတတ်ရုံမက စက်ပြင်ပညာပါ အသင့်အတင့် တတ်ထားသူဖြစ် မေးလိုက်ခြင်းဖြစ်ပါသည်။

“ဟုတ်ကဲ့ ကျွန်တော်အစွမ်းကုန် ကြိုးစားကြည့်ပြီးပါပြီ၊ လုံးဝစက်နှိုးလို့မရပါဘူး။

ရဲဘော်ကျော်စိန်က ပြန်ပြောချိန်တွင် ကျွန်တော်သည် လက်ပတ်နာရီကိုကြည့်လိုက်ရာ နံနက်၉နာရီခွဲကျော်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် မျက်လုံးပြူးသွားပါသည်။ ထိုနေ့နံနက် ၁၀နာရီတွင် အတွင်းဝန်ရုံး ဗိုလ်ချုပ်က ၀န်ကြီးအဖွဲ့အရေးပေါ် အစည်းအဝေးခေါ်ထားသဖြင့် ကျွန်တော်တို့ရုံးသို့ ၁၀နာရီအရောက်သွားရန် အရေးကြီးသောကြောင့် စိုးရိမ်မိသွားခြင်းဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော်လည်း ချက်ချင်းပင် ဗိုလ်ချုပ်အား အကျိုးအကြောင်း သတင်းပို့မှ ဖြစ်ချေတော့မည်ဟု ဆုံးဖြတ်လျက် ဗိုလ်ချုပ်ရှိရာ အိမ်အောက်ထပ်ဧည့်ခန်းသို့ ခပ်သုတ်သုတ်သွားလိုက်ပါသည်။

ဗိုလ်ချုပ်သည်ကျွန်တော့်ကိုမြင်လျှင် သူ့အား ရုံးသွားရန် လာခေါ်ပြီဟု ယူဆဟန်ဖြင့် “ဘာလဲဟေ့ ၊ ငါတို့သွားကြတော့မလား”ဟု မေးရင်း ထိုင်ရာမှထလိုက်ပါသည်။

ဒီတော့မှ ကျွန်တော်လည်း မော်တော်ကားအခြေအနေကို ပြောပြလိုက်ရပါသည်။

“ဗိုလ်ချုပ်ရုံးသွားလို့ မဖြစ်သေးဘူး။ ဒီနေ့ မော်တော်ကား ပျက်နေတယ်။ ရဲဘော်ကျော်စိန် အမျိုးမျိုးကြိုးစားပြီး နှိုးကြည့်တာပဲ။ ဒါပေမယ့် ဘယ်လိုမှ စက်နှိုးလို့မရနိုင်ဘူး။ ကျွန်တော်တို့ ကားတွေ ပြုပြင်ဖို့ တာဝန်ယူတဲ့ ကုန်းလမ်းပို့ဆောင်ရေးဌာန ၀ပ်ရှော့ကိုပို့ပြီး ပြင်မှဖြစ်မယ်”

“ဟုတ်လား ကားက လုံးဝမောင်းလို့မရဘူးလားကွ”

ဟုတ်ကဲ့ ၊ လုံးဝစက်နှိုးလို့မရဘူးဖြစ်နေတယ်။ ရုံးမှာလည်း ဗိုလ်ချုပ်ခေါ်ထားတဲ့ အစည်းအဝေးက ၁၀နာရီ စဖို့ရှိတယ်။ အခု၉နာရီခွဲကျော်နေပြီ။ ဒါကြောင့် ကျွန်တော်တို့ရုံးကို အချိန်မီသွားနိုင်အောင် တစ်ယောက်ယောက်ဆီက မော်တော်ကားတစ်စီး ဖုန်းဆက်တောင်းလိုက်မယ်”ဟု ပြောပြောဆိုဆို ကျွန်တော်သည် အိမ်ပေါ်ထပ်တက်သည့် လှေကားရင်းရှိ တယ်လီဖုန်းဆီကို လျှောက်သွားစဉ် ဗိုလ်ချုပ်က လှမ်းခေါ်လိုက်ပါသည်။

“ဟေ့ကောင် မင်းကတယ်လီဖုန်းဆက်ပြီး မော်တော်ကားတောင်းမလို့ဟုတ်လား”

ဗိုလ်ချုပ်၏လေသံက တင်းမာနေသဖြင့် ကျွန်တော်လည်း ဆက်မလျှောက်တော့ဘဲ ဗိုလ်ချုပ်ရှိရာသို့ ပြန်လှည့်လာခဲ့ပါသည်။

“ဟုတ်ကဲ့ ၊ ဒါမှ ကျွန်တော်တို့ရုံးကို မြန်မြန်သွားနိုင်မှာ မဟုတ်လား”

ကျွန်တော်က အမှန်အတိုင်းပြန်ဖြေလိုက်ရာ ဗိုလ်ချုပ်သည် ပိုလေသံပြင်းစွာဖြင့် ကျွန်တော်အား အပြစ်တင်ပါလေတော့သည်။

မင်းဟာ တော်တော်ညံ့သေးတာပဲ။ တယ်လီဖုန်းဆက်ပြီး မော်တော်ကားတောင်းဖို့ တစ်ခုတည်းပဲ မင်းတွေးတာကိုး။ မင်းတို့ငါတို့အနေနဲ့ အခုနေအခါ မော်တော်ကားလှမ်းတောင်းလိုက်ရင် တစ်စီးမဟုတ်ဘူး။ ဆယ်စီးလည်းရနိုင်တယ်။ အဲဒါဆက်စပ်ပြီး စဉ်းစားကြည့်မှပေါ့။ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ငါတို့ကို မော်တော်ကားပေးကူညီတာကို အကြောင်းပြုပြီး သူတို့က ငါတို့ဆီက မတရားအခွင့်အရေးတွေ တောင်းလာမှာကိုတော့ မင်းမတွေးမိဘူးမဟုတ်လား။ မင်းကိုငါအစောကြီးကတည်းက ကြိုပြောခဲ့တယ် မဟုတ်လား။ မင်းတို့ငါတို့အနေနဲ့ ဘယ်သူ့ဆီကမှ အကူညီမယူရဘူး။ အခုမင်းက မော်တော်ကားလှမ်းတောင်းတာဟာလည်း အခွင့်အရေးယူတာပဲ။ ဒါကြောင့် မင်းစောစောက စိတ်ကူးသလို တယ်လီဖုန်းဆက်ပြီး မော်တော်ကားမတောင်းရဘူး”

“ဒါဖြင့် ကျွန်တော်တို့ဘာလုပ်ရမလဲ ဗိုလ်ချုပ်”

ဘာမှမလုပ်နေနဲ့။ ငါတို့ကားပျက်နေတယ်မဟုတ်လား။ ဒီတော့ မင်းနဲ့ငါ ရုံးကိုလမ်းလျှောက်သွားကြမယ်။ ရုံးရောက်တော့မှ သယ်ယူပို့ဆောင်ရေးဌာနကို ဖုန်းဆက်ပြီး ငါတို့ကားကို စက်ပြင်သမားတွေလာဆွဲယူသွားပြီး ပြင်ပေးဖို့ပြောပေါ့ ။ ကဲ ပြောနေကြာတယ်ကွာ သွားကြစို့”

ပြောပြောဆိုဆို ဗိုလ်ချုပ်သည် စိတ်မြန်သူပီပီ သူကိုင်နေကျ မိုးကာအကျီကို လက်မောင်းတွင် ခေါက်တင်လျက် အိမ်ရှေ့လှေကားမှဆင်းလျှောက်သွားပါတော့သည်။ ကျွန်တော်လည်း မည်သို့မှ မတတ်နိုင်ဘဲ သူ၏နောက်မှ ခပ်သုတ်သုတ်ပြေးလိုက်သွားရပါသည်။

သူအစိုးရအဖွဲ့အာဏာရယူသည့်နေ့က ပြောခဲ့သော “ဘယ်သူ့ဆီကမှ အကူအညီမယူရဘူး။ အခွင့်အရေးမယူရဘူး” ဟူသော စကားအတိုင်း ဗိုလ်ချုပ်သည် အယူသည်းစွာ ကိုယ်တိုင်လိုက်နာကျင့်သုံး နေပါသည်ပါတကားဟုသာ စိတ်ထဲမှ ဆင်ခြင်သုံးသပ်မိပါသည်။

သို့နှင့်ပင် ကျွန်တော်နှင့် ဗိုလ်ချုပ်တို့ ဆရာတပည့်နှစ်ဦးသည် တာဝါလိန်းလမ်းမှထွက်၍ နတ်မောက်လမ်း ၊ ဗဟန်းလမ်းအတိုင်း လျှောက်ပြီး ဗဟန်းအ၀ိုင်းကိုဖြတ်ကျော်ကာ တိရစ္ဆာန်ရုံဘေးရှိ ပလက်ဖောင်းပေါ်သို့ပင် ရောက်သွားကြပါသည်။

ဗိုလ်ချုပ်ကရှေ့က ခြေလှမ်းသွက်စွာနှင့် လျှောက်ပြီး ကျွန်တော်က နောက်မှလိုက်သွားရာ အော်စတင်အမျိုးအစား မော်တော်ကားငယ်တစ်စီး ကျွန်တော့်အနီးတင် ထိုးဆိုက်လာသဖြင့် ကျွန်တော်လည်း အံ့အားသင့်စွာ လှမ်းကြည့်မိပါသည်။

ထိုကားကလေးကို မောင်းလာသူက မြန်မာ့ရုပ်ရှင်စတင်တီထွင်သူ “ရုပ်ရှင်ဖခင်ကြီး” လန်ဒန်အတ် ဦးအုန်းမောင် ဖြစ်ပါသည်။ ထိုအချိန်က သူသည် ဗဟန်းဝင်္ကဘာလမ်းတွင် ခေတ္တနေထိုင်ပြီး ဆူးလေဘုရားလမ်းရှိ သူ၏လန်ဒန်အတ်ဓါတ်ပုံတိုက်နှင့် ရုပ်ရှင်ကုမ္ပဏီရှိရာသို့ ကိုယ်တိုင်ကားမောင်းသွားခြင်း ဖြစ်ဟန်တူပါသည်။ ကျွန်တော်သည် ကျောင်းသားဘ၀က ရုပ်ရှင်ဝါသနာပါသဖြင့် ရုပ်ရှင်စတူရီယိုများသို့ ရံဖန်ရံခါ သွားရောက်လေ့လာရင်း ဦးအုန်းမောင်နှင့် သိကျွမ်းနေပါသည်။

“ဟေ့မောင်ရင် ၊ ခဏလာပါဦးကွယ့်”

ဦးအုန်းမောင်က ကားရပ်ပြီး လှမ်းခေါ်သဖြင့် ကျွန်တော်လည်း သူခေါ်ရာသို့ ချဉ်းကပ်သွားပါသည်။ ဗိုလ်ချုပ်ကတော့ လုံးဝလှည့်မကြည့်ဘဲ ဆက်လျှောက်သွားနေပါသည်။

“နေစမ်းပါဦး ၊ မောင်ရင်တို့ဆရာတပည့် ဘယ်လိုဖြစ်လာတာလဲ ၊ လမ်းမပေါ် ခြေလျင်လျှောက်ရသလား ၊ မော်တော်ကားကောကွယ့်”

ဦးအုန်းမောင်က မေးသဖြင့် ကျွန်တော်ကလည်း

“ဗိုလ်ချုပ်ရဲ့ကား ပျက်နေလို့ စက်နှိုးမရတာနဲ့ အိမ်မှာပဲ ထားပစ်ခဲ့ရပါတယ်”ဟု ပြန်ပြောလိုက်ပါသည်။

“ဖြစ်မှဖြစ်ရလေ မောင်ရင်ရယ် ၊ ကားပျက်ရင်လည်း တစ်ယောက်ယောက်ဆီက ကားတစ်စီး ခဏတောင်းပြီး စီးသွားရောပေါ့၊ မောင်ရင့်ဆရာ ဗိုလ်ချုပ်လို ပုဂ္ဂိုလ်က လမ်းဘေးပလက်ဖောင်းမှာ ခြေလျင်လျှောက်နေရတာ မသင့်တော်ပါဘူး”

ကျွန်တော်လည်း ဦးလေးပြောသလိုပဲ မော်တော်ကားတစ်စီး ဖုန်းဆက်တောင်းမလို့ပါပဲ ၊ ဒါပေမယ့် ဗိုလ်ချုပ်က မတောင်းရဘူးတဲ့ ။ ဗိုလ်ချုပ်စီးဖို့ မော်တော်ကားကူညီရတာကို အကြောင်းပြုပြီး နောက်ပိုင်းကျရင် မတရားအခွင့်အရေးတွေ တောင်းလာလိမ့်မယ်။ စီးပွားရေးသမားတွေဟာ အဲဒီလို လုပ်တတ်တယ်လို့ဆိုပြီး အတွင်းဝန်ရုံးရောက်အောင် ခြေလျင်လျှောက်ကြမယ်လို့ ပြောပါတယ်”

ကျွန်တော်က ရှင်းပြသည်ကို လန်ဒန်အတ်ဦးအုန်းမောင်သည် နားလည်သဘောပေါက်ဟန်ဖြင့် ပြုံး၍ ခေါင်းညိတ်လိုက်ပါသည်။

“အေးပါ ဗိုလ်ချုပ်ပြောတာကို ဦးလည်း သဘောပေါက်ပါတယ်။ ကိုင်း မောင်ရင်ဆရာ့ဆီ ခပ်မြန်မြန်ပြေးပြီး ပြောလိုက်စမ်းပါ။ လန်ဒန်အတ်ဦးအုန်းမောင်က မြို့ထဲက အလုပ်တိုက်သွားရင်း လမ်းကြုံလို့ ဗိုလ်ချုပ်ကို အတွင်းဝန်ရုံးပို့ပေးပါရစေလို့ ၊ ကျူပ်က ရုပ်ရှင်သမားမို့ စီးပွားရေး လုပ်ငန်းရှင်တွေ ကုန်သည်တွေလို ဘာအခွင့်အရေးမှ မတောင်းပါဘူး။ ဗိုလ်ချုပ်လို နိုင်ငံခေါင်းဆောင်တစ်ဦးက လမ်းမပေါ် ခြေလျင်လျှောက်နေတာလည်း ကြည့်မကောင်းပါဘူး။ ဒါ့ကြောင့် ကျူပ်ကားကလေးနဲ့ ဗိုလ်ချုပ်ကို ရုံးအရောက် ပို့ပေးပါရစေလို့ သွားပြောစမ်းပါကွယ်”

ဦးအုန်းမောင်၏ စကားအဆုံးတွင် ကျွန်တော်လည်း ကပျာကယာဗိုလ်ချုပ်ဆီသို့ ပြေးလိုက်ပြီး သူ၏ လက်မောင်းတစ်ဖက်ကို အသာဆွဲလိုက်ပါသည်။

“ဟေ့ကောင် ၊ ဘာလုပ်တာလဲကွ”

ဗိုလ်ချုပ်က စိတ်တိုဟန်ဖြင့် ငေါက်သဖြင့် ကျွန်တော် ဦးအုန်းမောင်၏ မော်တော်ကားရပ်ထားရာသို့ ညွှန်ပြရင်း ရှင်းပြလိုက်ရပါသည်။

“ဗိုလ်ချုပ် ဟိုကားပေါ်က ပုဂ္ဂိုလ်ကြီးကို သိတယ် မဟုတ်လား ။ ဆရာ ဒီးဒုတ်ဦးဘချိုရဲ့ မိတ်ဆွေကြီး လန်ဒန်အတ် ဦးအုန်းမောင်ပါ။ သူက ဆူးလေဘုရားလမ်းက သူ့ရဲ့အလုပ်တိုက်ကို သွားရင်း လမ်းကြုံလို့ ပြီးတော့ သူက ရုပ်ရှင်သမားမို့ စီးပွားရေးသမား ကုန်သည်ကြီးတွေလို ဘာအခွင့်အရေးမှ မတောင်းပါဘူးလို့လည်း ပြောပါတယ်။ နောက်တစ်ခုက စစ်ကြိုခေတ်က ဗိုလ်ချုပ်တို့ရဲ့ တို့ဗမာအစည်းအရုံးကို လျှို့ဝှက် ကူညီထောက်ပံ့ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။ သူက ကားရပ်ပြီး ခေါ်တာကိုငြင်းရင် အားနာစရာကောင်းပါတယ် ဗိုလ်ချုပ်”

ကျွန်တော်၏စကားအဆုံးတွင် ဗိုလ်ချုပ်သည် လန်ဒန်အတ်ဦးအုန်းမောင်ဘက်သို့ လှည့်ကြည့်လိုက်ပါသည်။

ဦးအုန်းမောင်သည် ဆရာဦးဘချိုနှင့် ခင်မင်ရင်းနှီးရသော မိတ်ဆွေဖြစ်သည့်အပြင် ဦးဘချိုကဲ့သို့ပင် ဆံပင်ရှည် သျှောင်ထုံးနှင့် တဘက်ခေါင်းပေါင်း ပေါင်းထားသဖြင့် မြန်မာလူကြီးတစ်ဦး ပီသစွာ ခန့်ညားကာ ဥပဓိရုပ် အလွန်ကောင်းသူလည်းဖြစ်ပါသည်။

ဗိုလ်ချုပ်သည် ဦးအုန်းမောင်ကိုကြည့်ပြီး အားနာသွားဟန်ဖြင့် ကြိမ်းမောင်းဆူပူခြင်းမပြုဘဲ အော်စတင် ကားလေးရပ်ထားရာသို့ လျှောက်သွားကာ ဦးအုန်းမောင်အား ပြုံး၍နှုတ်ဆက်ပါသည်။

သို့နှင့်ပင် ကျွန်တော်တို့ဆရာတပည့်နှစ်ဦးသည် လန်ဒန်အတ်ဦးအုန်းမောင်၏ ကားကြုံစီး၍ အတွင်းဝန်ရုံးသို့ လိုက်ပါသွားခဲ့ပါသည်။

ဗိုလ်ချုပ်သည် ဦးအုန်းမောင်အား မျိုးချစ်ပုဂ္ဂိုလ်ကြီးတစ်ဦးအဖြစ် လေးစား၍တစ်ကြောင်း ၊ ၀ိသမလောဘသား စီးပွားရေးသမား မဟုတ်သဖြင့် အခွင့်အရေးမတောင်းပါဟု ဆိုခြင်းကို ယုံကြည်၍တစ်ကြောင်း ကားကြုံလိုက်စီးခဲ့ခြင်းပင် ဖြစ်ပါသည်။

တက္ကသိုလ်နေ၀င်း


2 Comments so far
Leave a comment

အမှန်ပြောရရင် မောင်စစ်-ဆို အဲဒီအတိုင်း လိုက်လုပ်မနိုင်ရေးချလုပ်မနိုင်ပါခင်ဗျားးး
အဲဒါကြောင့်မို့လည်း မောင်စစ် သည် ဗိုလ်ချုပ်မဟုတ်တာပေါ့နော်..
အဲလိုမျိုးတွေ ဖတ်ရတဲ့အခါ ကိုယ့်ဘာသာလည်း ရှက်မိတယ်..
ပြီးတော့ ကိုယ့်အမျိုးကိုယ်လည်း ရှက်မိတယ်..
မောင်စစ်- လွန်သွားရင် ဆောရီးဗျ- အကျင့်ပျက်တာကို မိရိုးဖလာ ထုံးစံလိုလို၊ ယဉ်ကျေးမှုလိုလိုနဲ့ လူတွေကြားထဲမှာ ကိုယ့်ဘာသာရွံလို့ပါ။- ပြောမှားဆိုမှားရှိရင်လည်း ခွင့်လွှတ်ကြဦးဗျာ- မောင်စစ် မပြည့်ဝဘူးလို့ပဲဆိုတော့-

Comment by sisain

ညီမရေ.. ဗိုလ်ချုပ်အကြောင်း ဒီပို့စ်လေးတွေ ပြန်တင်ပေးတာ ကျေးဇူးပါ ။ တက္ကသိုလ်နေ၀င်းရဲ့ စာအုပ် ပင်နီဇူးလား စာအုပ်ဆိုင်တခုမှာ ရနိုင်မလား ။ ရှိရင် အမကို ပြောပါဦး ။ ၀ယ်ချင်လို့ ။

Comment by ဂျစ်တူး - gyit_tu




Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: