ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


၁၉ဇူလိုင်မမေ့နိုင်
July 8, 2007, 4:04 am
Filed under: General AungSan


ဇူလိုင်၁၉ဆိုသည်မှာ မြန်မာပြည်သူ ပြည်သားတို့အတွက် ဘယ်သောအခါမှ မေ့ဖျောက်မရနိုင်သော နေ့ရက်တစ်ရက်ဖြစ်သလို ထိုအကြောင်းစာတွေဖတ်လိုက်ရတိုင်းလည်း ရင်ထဲ မကောင်းခဲ့ .. ။ ဗိုလ်ချုပ်သာ မကျဆုံးခဲ့လျှင်ဆိုသော အတွေးဖြင့် ကျွန်မ ရံဖန်ရံခါ ကလေးဆန်ဆန်တွေးမိသည် .. ။ “၁၉ဇူလိုင် မမေ့နိုင်” ဆောင်းပါးကို လက်ဖြင့်စာစီနေစဉ်အချိန်အတွင်း ရင်ထဲတွင် ယူကြုံးမရဖြစ်မိသည်.. ။

၁၉ဇူလိုင်မမေ့နိုင်

ဗိုလ်ချုပ်အောင်ဆန်းအား လူသတ်သမားများက လုပ်ကြံသတ်ဖြတ်ခဲ့ကြပြီးနောက် အခန်းထဲသို့ ပထမဆုံး ရောက်ရှိလာသော ဗိုလ်ထွန်းလှသည် ဗိုလ်ချုပ်အား လဲကျနေရာမှ ထူကြည့်ခဲ့ရာ ရင်ဘတ်တွင် ဒဏ်ရာနှစ်ချက် သုံးချက်ခန့်တွေ့ရသည်။

သို့ရာတွင် ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိသွားပြီးနောက် ဆရာဝန်ကြီးများက အသေအချာ စစ်ဆေးကြည့်ရှုသောအခါ ဗိုလ်ချုပ်၏ကိုယ်တွင် သေနတ်ဒဏ်ရာ ၁၃ချက်တိတိကို တွေ့ကြရသည်။

ဗိုလ်ချုပ်တစ်ဦးတည်း မျှသေနတ်ဒဏ်ရာ အများအပြား ထိမှန်ရခြင်းမှာ လူသတ်သမားများသည် ဗိုလ်ချုပ်ကို “မဲ”ပစ်ခတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။

လူသတ်သမားများ ၀င်ရောက်ပစ်ခတ်ကြသည့် ဗိုလ်ချုပ်၏ အခန်းမှာ တံခါးပေါက် သုံးပေါက်ရှိသည့် အခန်းကျယ်ကြီးဖြစ် လက်ယာဘက်တွင် အပါးတော်မြဲ ဗိုလ်ထွန်းလှ၏ အခန်း ၊ လက်ဝဲဘက်တွင် အတွင်းဝန် ဦးရွှေဘော်၏အခန်း စသဖြင့် အသီးသီးရှိကြသည်။

အဆိုပါ အခန်းကျယ်ကြီးအတွင်း အရှေ့မြောက်ထောင့်တွင် ဗိုလ်ချုပ်အလုပ်လုပ်သော စားပွဲရှိသည်။ တောင်ဘက်နံရံတွင်မူ ၀န်ကြီးများ အစည်းအဝေး ကျင်းပသော စားပွဲကြီးရှိသည်။

ဝန်ကြီးများ၏ အစည်းအဝေး ကျင်းပရာ စားပွဲကြီးမှာ စားပွဲရှည်ကြီး ၃ခုကို (ဂ)ငယ်ပုံအတိုင်း ထိပ်မှတစ်ခု ၊ ဘေးတစ်ဖက်တစ်ချက်မှ တစ်ခုစီထောင့်ချိုး ဆက်ထားခြင်း ဖြစ်သည်။ ထိပ်မှ စားပွဲမှ အလျား၁၀ပေ ၊ အနံ ၃ပေ ခန့်ကျယ် ဘေးတစ်ဖက်တစ်ချက်မှ ဆက်ထားသော စားပွဲများမှာ ၁၈ပေ ၊ ၃ပေခန့် ရှိကြသည်။

ထိုနေ့က အစည်းအဝေးသို့ ၀န်ကြီး ဦးကျော်ငြိမ်း ၊ ဆမားဒူးဝါးဆင်းဝါးနောင် ၊ စောစံဖိုးသင်နှင့် ဦးဝမ်ကိုဟောတို့မှ တစ်ပါး ကျန်ဝန်ကြီးများအားလုံး တက်ရောက်လာကြသည်။ ၀န်ကြီး ဦးကျော်ငြိမ်းမှာ ထိုစဉ်က အင်္ဂလန်သို့ရောက်နေ အခြားဝန်ကြီးသုံးဦးမှာလည်း နယ်များသို့ ခရီးထွက်နေကြသည်။

အစည်းအဝေးကျင်းပရာ ဗိုလ်ချုပ်သည် ထိပ်စားပွဲ၏ အလယ်တည့်တည့်တွင် ထိုင်လျက်ရှိသည်။ လက်ယာဘက် စားပွဲတွင် သခင်မြ ၊ ဦးဘချို ၊ ဆရာကြီးဦးရာဇတ် ၊ ဦးဘ၀င်း ၊ မန်းဘခိုင် စသော ၀န်ကြီးများ အစဉ်အတိုင်းထိုင်ကြ လက်ဝဲဘက် စားပွဲတွင်မူ ဦးဘဂျမ်း ၊ ဦးအောင်ဇံဝေ ၊ ပျော်ဘွယ်ဦးမြနှင့် မိုင်းပွန်စော်ကွားကြီး စပ်စံထွန်း စသည့်ဝန်ကြီးများယှဉ် ထိုင်နေကြသည်။

ဝန်ကြီးများအဖွဲ့အတွင်းဝန် ဦးရွှေဘော်မှာ အစည်းအဝေးကျင်းပစဉ် ဗိုလ်ချုပ်အား လိုအပ်သော စာရွက်စာတမ်းများ ၊ ဖိုင်တွဲများစသည်တို့ကို အဆင်သင့်ရှာဖွေနိုင်ရန် ထိပ်စားပွဲတွင် ဗိုလ်ချုပ်၏ လက်ဝဲဘက် ရှိနေသည်။

အစည်းအဝေးမှာ ၁၀နာရီ ၊ ၁၅မိနစ်တွင် စတင်ကျင်းပခဲ့ရာ အစီအစဉ်အတိုင်း ဌာနလိုက်ဆိုင်ရာ အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးလာခဲ့ကြသည်။

အတောအတွင်း ဗိုလ်ထွန်းလှသည် အစည်းအဝေး ခန်းမထဲသို့ နှစ်ကြိမ်သုံးကြိမ်မျှ ၀င်လာပြီး ဗိုလ်ချုပ်အတွက် လိုအပ်သော စာရွက်စာတမ်းများကို ပေးခဲ့သည်။

သို့နှင့်ပင် ဌာနဆိုင်ရာကိစ္စရပ်များကို အစည်းအဝေး အစီအစဉ်အရ တင်ပြဆွေးနွေးလာခဲ့ကြရာ ၁၀မိနစ် ၊ မိနစ် ၃၀ သာသာခန့်တွင် လမ်းပန်းဆက်သွယ်ရေးဌာနဆိုင်ရာ ကိစ္စများကို ဆွေးနွေးရန် အလှည့်ကျလာခဲ့သည်။ တွ် အဆိုပါဌာနမှ ဒုတိယအတွင်းဝန် အိုင်စီအက်ဦးအုန်းမောင်သည် အစည်းအဝေးခန်းမထဲသို့ ရောက်ရှိလာခဲ့သည်။

သူသည် လက်ယာဘက် စားပွဲထိပ်မှ သခင်မြအနီးတွင် ၀င်ထိုင်ကာ လိုအပ်လာပါက တင်ပြရန် ဖိုင်တွဲများကို အသင့်ပြင်ဆင်နေခဲ့သည်။

အချိန်မှာပင် လူသတ်သမားများသည် အစည်းအဝေးခန်းမထဲသို့ မျက်နှာစာရှိ တံခါးမကြီး ၃ခုအနက် မြောက်ဘက်ဆုံး တံခါးမကြီးမှ ၀င်ရောက်လာကြခြင်းဖြစ်သည်။

လူသတ်သမားများသည် ၁၂နံပါတ် တပ်မတော်တံဆိပ်များဖြင့် ယူနီဖောင်းများ အပြည့်အစုံ ၀တ်ဆင်လာကြသည်ဖြစ်ရာ ရုတ်တရက်အားဖြင့်ဆိုသော် အလွန်အရေးကြီးသော အကြောင်းထူး ကိစ္စရပ်တစ်ခု ပေါ်ပေါက်လာသဖြင့် ၀န်ကြီးများ အစည်းအဝေးသို့ တိုက်ရိုက်အစီရင်ခံရန် ၀င်လာကြသည်ဟု ထင်လိုက်ရသည်။

သို့သော် ထိုသို့မဟုတ်ဘဲ လူသတ်သမားများသည် (ဂ)ငယ် ပုံသဏ္ဌာန် သုံးဖက်ဝိုက်ထားသော စားပွဲသုံးခု၏အတွင်းဘက် အလယ်သို့ တန်းစီဝင်လာကြပြီး ရှေ့ဆုံးမှ ၀င်လာသူသည် “ဟိတ်”ဟု တစ်ခွန်းခပ်ကျယ်ကျယ်အော်လိုက်ကာ အော်ရင်းပစ်ရင်း ဗိုလ်ချုပ်အောင်ဆန်းအား တော်မီဂန်းဖြင့် စပစ်လိုက်သည်။

ဗိုလ်ချုပ်သည် ထိုင်နေရာမှ ရုတ်တရက်ထကာ လူသတ်သမားများကို လက်ကာပြရင်း တစ်စုံတစ်ရာ လှမ်းပြောလိုက်သည်။ သို့သော် ဗိုလ်ချုပ်ပါးစပ်မှ ပြောလိုက်သောစကားသည် ဘာဟူ သဲသဲကွဲကွဲ မပီမသဘဲ စကားမဆုံးမီ “ဒိုင်း .. ဒိုင်း .. ဒိုင်း”ဟူသော တော်မီဂန်း ပစ်ခတ်သံများအကြားတွင် ဗိုလ်ချုပ်မှာ နောက်သို့ ပက်လက်လန်ကာ လူရောကုလားထိုင်ပါ လဲကျသွားရှာသည်။

ထို့နောက် စက္ကန့်ပိုင်းအတွင်းမှာပင် လူသတ်သမားများသည် လက်ဝဲဘက်နှင့် လက်ယာဘက် စားပွဲတွင် ထိုင်နေကြသော ၀န်ကြီးများကို အနီးကပ်ချိန်ရွယ် စတင်းဂန်း ၊ တော်မီဂန်းများဖြင့် တရစပ် ပစ်ခတ်ကြရာ ယမ်းခိုးယမ်းငွေ့များ အကြားတွင် ၀န်ကြီးများမှာ တစ်ယောက်ပြီးတစ်ယောက် အတုံးအရုံးလဲကျကုန်ကြရှာသည်။

ဝန်ကြီးပျော်ဘွယ်ဦးမြနှင့် အတွင်းဝန် ဦးရွှေဘော်တို့မှာမူ နှစ်ယောက်သား ယှဉ်ထိုင်နေရာမှ ရှေ့ဆုံးလူသတ်သမားက ဗိုလ်ချုပ်အား စတင်ပစ်ခတ်လျှင်ပစ်ချင်း သူတို့၏ ကျောဘက်ရှိ ပြတင်းပေါက်မှ အချိန်မီ ခုန်လွှားကျော်ပြေးကြသဖြင့် လုံးဝဒဏ်ရာမရဘဲ အခန်းပြင်ဘက်သို့ လွတ်မြောက်ရောက်ရှိသွားကြသည်။ ၀န်ကြီး ဦးဘဂျမ်းမှာလည်း ရုတ်ခနဲ သတိရှိစွာဖြင့် သူ၏ လက်ဝဲဘက်မှ ဦးအောင်ဇံဝေ၏လက်ကို တအားဆောင့်ဆွဲကာ နှစ်ယောက်သား ကြမ်းပြင်ပေါ်သို့ ပြိုင်တူလှဲချလိုက်သည်။

လူသတ်သမားများသည် (ဂ)ငယ် ပုံသဏ္ဌာန် စားပွဲသုံးခ အလယ်မှနေ ပထမတွင် မတ်တပ်ရပ်ပစ်ကြပြီး နောက်တစ်ဖန် မုဆိုးဒူးထောက်ထောက်ကာ ဆက်ပစ်ကြပြန်သည်။ စိတ်တိုင်းကျ အားရပါးရပစ်ပြီးမှ ဗြုံးခနဲ အပစ်ရပ်ကာ ပြန်ထွက်သွားကြသည်။

လူသတ်သမားများသည် အပေါ်ထပ်မှ ဆင်းပြေးရန် လှေကားဆီသို့ တဟုန်ထိုးပြေးကြရာ လမ်းခုလတ်တွင် ဗိုလ်ထွန်းလှအခန်းမှ ပြေးထွက်လာသော ဗိုလ်သန်းဝင်းနှင့် ပက်ပင်းပါ တိုးမိကြသည်။ လူသတ်သမားများက “ဟေ့ မဆိုင်သူ မကပ်ကြနဲ့ကွ”ဟု အော်ဟစ်ခြိမ်းခြောက်ရင်း သေနတ်များဖြင့် ချိန်ရွယ်လာသည်။ ဗိုလ်သန်းဝင်းကလည်း စစ်ယူနီဖောင်း အပြည့်အစုံဝတ်ဆင်ထားသော လူသတ်သမားများကို ရုတ်တရက်အားဖြင့် တကယ့်စစ်သားများဟု ယူဆကာ တရားခံများကို လိုက်လံဖမ်းဆီးကြသူများဖြစ်သည်ဟု တွေးထင်လိုက်မိသည်။

ထိုအခိုက်မှာပင် လှေကားထိပ်ရှိ အခန်းထဲမှ ဆရာကြီး ဦးရာဇတ်၏ သက်တော်စောင့် ကိုထွေးဆိုသူ ရုတ်တရက် ထွက်လာရာ လူသတ်သမားများသည် ကိုထွေးအား စတင်းဂန်းဖြင့် တစ်ချက်မျှ ဆွဲမွှေ့လိုက်ပြီး လှေကားမှ တရှိန်ထိုး ပြေးဆင်းသွားကြသည်။

အဖြစ်အပျက်မှာ လျင်မြန်လှပြီး မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးသို့ တက်ရောက်လာကြသော ၀န်ကြီးများအနက်မှ ပျော်ဘွယ်ဦးမြနှင့် ဦးအောင်ဇံဝေတို့မှာ ကံအားလျော်စွာ လုံးဝဒဏ်ရာမရဘဲ ရှိခဲ့ကြသည်။ ပျော်ဘွယ်ဦးမြနှင့်အတူ ပြတင်းပေါက်မှ ကျော်လွှားခုန်ချခဲ့သော အတွင်းဝန် ဦးရွှေဘော်မှာလည်း လုံးဝထိခိုက်ခြင်းမရှိခဲ့။

ဦးအောင်ဇံဝေတို့မှာ ဦးဘဂျမ်းက လက်ကိုဆောင့်ဆွဲကြမ်းပြင်ပေါ်သို့ လှဲချလိုက်သဖြင့် ကျည်ဆံတစ်ချက်မှ မထိခဲ့သော်လည်း သူ့လက်ကို ဆောင့်ဆွဲပြီး သူနှင့်အတူ ကြမ်းပြင်ပေါ်သို့ လှဲချခဲ့သော ဦးဂျမ်းမှာမူ လက်ဝဲဘက် နံပါးတွင်တစ်ချက် ၊ လက်ယာဘက် လက်သူကြွယ်တွင်တစ်ချက် ထိမှန်ခဲ့သည်။

သို့သော် ဒဏ်ရာမှာ ကြီးကြီးကျယ်ကျယ် မဟုတ်ဘဲ အပေါ်ယံရှပ်မှန်ခဲ့ခြင်းသာ ဖြစ်သည်။

စင်စစ်အားဖြင့် ဦးဘဂျမ်းသည် ထိုနေ့က ၀န်ကြီးများ အစည်းအဝေးသို့ တက်ရန်မရည်ရွယ်ခဲ့ .. ။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်က သူသည် ဟင်္သာတခရိုင်သို့ ခရီးထွက်ရာမှ ပြန်ရောက်စဖြစ် အအေးမိကာ အနည်းငယ် မကျန်းမမာ ဖြစ်နေသောကြောင့် ဖြစ်သည်။

သို့သော် သူသည် ထိုစဉ်က အရေးကြီးသော သတင်းထူးတစ်ခု ရရှိထားခဲ့သည်ဖြစ်ရာ အဆိုပါသတင်းကို ၀န်ကြီးများ အစည်းအဝေးတွင် အမြန်ဆုံး တင်ပြအစီရင်ခံရန် လိုအပ်သည်ဟု ယူဆကာ ဇူလိုင်လ ၁၉ ရက် ၀န်ကြီးများ အစည်းအဝေးသို့ ကြိုးစား တက်လာခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဦးဘဂျမ်း ရရှိခဲ့သည်ဆိုသော သတင်းမှာ သို့ဖြစ်သည်။

လွန်ခဲ့သော ဇွန်လ နောက်ဆုံးပတ်အတွင်းက ဗိုလ်တထောင် ဘီအိုဒီ ( Base Ordnance Depot ) ခေါ် စစ်ပစ္စည်း သိုလှောင်ရေးတပ်ဖွဲ့မှ ဘရင်းဂန်း အလက် ၂၀၀ကျော် ပျောက်ဆုံးသွားခဲ့သည်။ သို့ပျောက်ဆုံးသွားခဲ့သည်မှာ ဖောက်ထွင်းခိုးယူခြင်းမဟုတ်ဘဲ သက်ဆိုင်ရာ တာဝန်ရှိသော စစ်ဖက်အရာရှိများ၏ လက်မှတ်အတု ၊ တံဆိပ်တုံးအတုများဖြင့် တစ်စုံတစ်ယောက်က ကျကျနန ၊ ပိပိရိရိ လိမ်ထုတ်သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဘရင်းဂန်း ၂၀၀ လိမ်ထုတ်ခြင်းခံရသည့် သတင်းမှာ အပြင်သို့ ပေါက်ကြားရုံမျှမက နေ့စဉ်သတင်းစာများတွင်ပင် စာလုံးမည်းကြီးဖြင့် ဖော်ပြပါရှိနေပြီး ယခုအထိ မည်သူက မည်သို့သော ရည်ရွယ်ချက်ဖြင့် ထုတ်သွားသည်ကို တရားခံမပေါ် ၊ လက်သည်ရှာမရသေးဘဲ ဖြစ်နေခဲ့သည်။

ဝန်ကြီးဦးဘဂျမ်းသည် အဆိုပါ “ဘရင်းဂန်း ၂၀၀ လိမ်ထုတ်သွားသည့်” အမှုကြီးနှင့် စပ်လျဉ်း အရေးကြီးသော သတင်းထူးတစ်ခုကို ရခဲ့ခြင်းဖြစ်သည်။

သူရသော သတင်းကား အခြားမဟုတ်။ အရင်း ၂၀၀ကို ပိပိရိရိ လိမ်ထုတ်သွားသူမှာ ဂုန်ဦးစောပင် ဖြစ်သည်ဟူသော သတင်းပေတည်း။

သို့ဖြစ်ရာ ဦးဘဂျမ်းသည် အဆိုပါအရေးကြီးလှသော သတင်းကို ၀န်ကြီးများအား တင်ပြအစီရင်ခံလိုသဖြင့် အစည်းအဝေးသို့ တက်ရောက်လာခဲ့သည်။

သို့သော် သူသည် တစ်ဖက်ကလည်း အအေးမိကာ နေမကောင်းဖြစ်နေရာ အ၀တ်များကို တတ်နိုင်သမျှ ခပ်ထူထူဝတ် အစည်းအဝေးသို့ ထွက်လာခဲ့သည်။

အတွင်းဝန်များရုံး အပေါ်ထပ် အစည်းအဝေး ကျင်းပသည့် အခန်းထဲတွင် ဦးဘဂျမ်းနှင့် ဗိုလ်ချုပ်တို့ မျက်နှာချင်းဆို ပြိုင်တူရောက်လာကြရာ ခါတိုင်းကဲ့သို့ ခေါင်းစုတ်ဖွားဖြင့်မဟုတ်ဘဲ ဆံပင်ညှပ်ပြီးစ သပ်သပ်ရပ်ရပ်ဖြစ်နေ မြန်မာဝတ်စုံများကို ယနေ့မှ ထူးထူးခြားခြား ၀တ်ဆင်လာသော ဗိုလ်ချုပ်ကိုကြည့်ကာ

“ဗိုလ်ချုပ်က ဒီလိုတော့ အချောကြီးပဲ”ဟူပင် ဦးဘဂျမ်းက လှမ်းနောက်လိုက်သေးသည်။

ထို့နောက် အစည်းအဝေးခန်းမထဲသို့ ၀န်ကြီးများ အစုံအညီ ရောက်နေကြသဖြင့် အစည်းအဝေးကို စတင်ကျင်းပခဲ့ကြရာ မိနစ်နှစ်ဆယ်ကျော်အကြာတွင် လူသတ်သမားများ ဗြုံးခနဲဝင်ရောက်လာပြီး အထက်ပါအတိုင်း ပစ်ခတ်ကြခြင်းဖြစ်သည်။

ဦးဘဂျမ်းသည် ဦးအောင်ဇံဝေကိုဆွဲကာ နှစ်ယောက်သား လှဲချ ကြမ်းပြင်ပေါ်တွင် မှောက်နေခိုက် လက်ဝဲဘက် နံပါးနှင့် လက်ယာဘက်လက်သူကြွယ်တို့တွင် ဒဏ်ရာနှစ်ချက် ထိမှန်ခဲ့သည်။

သို့သော် ကံအားလျော်စွာ နံပါးတွင် ထိသောဒဏ်ရာမှာ သူ့ကိုယ်တွင် အထပ်ထပ်ဝတ်ဆင်လာသော အ၀တ်အစားများကြောင့် ကျည်ဆံသည် အသားထဲသို့ မ၀င်ဘဲဖြစ်နေခဲ့သည်။ အဆိုပါ ကျည်ဆံထိမှန်သောနေရာတွင် သူဝတ်ဆင်ထားသော အ၀တ်အစားများမှာ အပေါ်ဆုံးမှ သက္ကလပ်တိုက်ပုံအကျီ ၊ ထို့နောက် လုံချည် ၊ ဘောင်းဘီ ၊ ရှပ်အင်္ကျီ၊ ဆွယ်တာလက်ပြတ်၂ထည်နှင့် စွပ်ကျယ် စသည်ဖြင့် စုစုပေါင်း ၇ ထပ်ရှိနေသခြင့် အသက်မသေဘဲ ဖြစ်ခဲ့ရသည်။

လမ်းပန်းအဆောက်အအုံနှင့် ပြန်လည်ထူထောင်ရေး ဌာနဆိုင်ရာ ၀န်ကြီးဖြစ်သူ ဦးဘဂျမ်းအနေနှင့် အသက်ဘေးမှ ထိုကဲ့သို့ သီသီကလေး လွတ်မြောက်လာခဲ့သော်လည်း သူ့ဌာနမှ အတွင်းဝန်ဖြစ်သူ ဦးအုန်းမောင်မှာမူ သေနေ့သေရက်စေ့သည်ဟု ဆိုရမည်လားမသိ ၊ အစည်းအဝေးခန်းမထဲသို့ သူဝင်လာ သူ့ဌာနဆိုင်ရာ ဖိုင်တွဲ ၊ စာတွဲများကို လိုအပ်လျှင် တင်ပြရန် ပြင်ဆင်နေစဉ် နှစ်မိနစ် သုံးမိနစ်အကြာတွင် လူသတ်သမားများ ရောက်ရှိလာကြပြီး ပစ်ခတ်ခြင်းခံလိုက်ရသဖြင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရရှာသည်။

ဦးအုန်းမောင်ကဲ့သို့ပင် သေမင်းနှင့် ပက်ပင်းတိုးမိသလို ဖြစ်ရသော အခြားပုဂ္ဂိုလ်တစ်ဦးမှာ ၀န်ကြီး ဦးရာဇတ်၏ သက်တောင်စောင့် ကိုထွေးပင်ဖြစ်သည်။ ကိုထွေးမှာ လူသတ်သမားများ ပစ်ခတ်နေစဉ်က အစည်းအဝေး ခန်းမထဲတွင် မရှိသော်လည်း အခန်းထဲမှအထွက် လှေကားအနီးတွင် ရင်ဆိုင်တိုးမိရာမှ စတင်းဂန်းဖြင့် အပစ်ခံရရှာခြင်း ဖြစ်သည်။ ကိုထွေးမှာ ဒဏ်ရာ ၄ ချက်ထိ ဆေးရုံတွင် သေဆုံးသွားရှာသည်။ သူ့အသက်မှာ ထိုအခါက ၁၈ နှစ်မျှသာ ရှိသေးသည်။

ဒီးဒုတ်ဦးဘချိုနှင့် မိုင်းပွန်စော်ဘွားကြီးတို့မှာလည်း ဆေးရုံရောက်ပြီးမှ ဒဏ်ရာပြင်းထန်လှသဖြင့် သေဆုံးခဲ့ကြရှာသည်။ အခြားဝန်ကြီးများ ဖြစ်ကြသော ဗိုလ်ချုပ်အောင်ဆန်း ၊ သခင်မြ ၊ ဆရာကြီး ဦးရာဇတ် ၊ မန်းဘခိုင်နှင့် ဦးဘ၀င်းတို့မှာမူ နေရာတွင်ပင် ပွဲချင်းပြီး အသက်ပျောက်ခဲ့ကြရှာသည်။

ဗိုလ်ချုပ်အောင်ဆန်းမှာ ထိုအချိန်က ၀န်ကြီးများအဖွဲ့၏ ဒုတိယ သဘာပတိဖြစ် တစ်ချိန်တည်းတွင် ကာကွယ်ရေးဝန်ကြီးအဖြစ်လည်းကောင်း ၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ယူနေရသည်။ ၁၉၁၅ ခု ၊ ဖေဖော်ဝါရီလ ၁၃ ရက် ( ၁၂၇၆ ခု ၊ တပေါင်းလဆန်း ၁ ရက် ) စနေနေ့တွင် မွေးဖွားခဲ့သော ဗိုလ်ချုပ်သည် လူသတ်သမားလက်ချက်ဖြင့် ကျဆုံးရှာသည့်အချိန်တွင် အသက် ၃၃နှစ်မျှသာ ရှိသေးသည်။

သခင်မြမှာ ဘဏ္ဍာရေးဝန်ကြီးဖြစ် အသက် ၄၃ နှစ်ရှိပြီ ဖြစ်သည်။ လူသတ်သမားများ၏ ကျည်ဆံဖြင့် အဆုတ်တွင် ဒဏ်ရာရကာ နေရာတွင်ပင် ကျဆုံးခဲ့ရှာသည်။

ဒီးဒုတ်ဦးဘချိုမှာ ပြန်ကြားရေးဝန်ကြီးဖြစ်သည်။ သူကိုယ်တိုင် ဦးစီးထုတ်ဝေခဲ့သော “ဒီးဒုတ်” ဂျာနယ်ကို အကြောင်းပြု “ဒီးဒုတ်ဦးဘချို”ဟု အမည်တွင်ခဲ့ခြင်း ဖြစ်သည်။ သတင်းစာဆရာ ၊ စာရေးဆရာ တစ်ယောက် အဖြစ်သာမက ထင်ရှားသော ဂီတပညာရှင်တစ်ယောက်အဖြစ် တပည့်တပန်း ပေါများလှသူဖြစ်ရာ အများပင် “ဆရာ ၊ ဆရာကြီး”ဟူ ခေါ်လေ့ရှိကြသည်။ ဆရာတွင် သေနတ်ဒဏ်ရာ ၅ ချက်ထိခဲ့ရာ တစ်ချက်မှာ ဦးခေါင်းတွင်ဖြစ်၍ ဦးနှောက်ကိုပါ ဖောက်သွားခဲ့သည်။ သို့တိုင်အောင် ဆရာသည် ရုတ်တရက် အသက်မသေဘဲ ဆေးရုံရောက်ပြီး ထိုနေ့ညနေဘက်တွင်မှ ကွယ်လွန်သွားခဲ့ရှာသည်။

ဆရာကြီးဦးရာဇတ်မှာ ပညာရေးနှင့် အမျိုးသား စီမံကိန်းဌာနဆိုင်ရာဝန်ကြီး ဖြစ်သည်။ အမည်ရင်းမှာ အဗ္ဗဒူလ်ရာဇတ် ( Mr Abdul Razak ) ဖြစ်သည်။ မန္တလေးမြို့ အမျိုးသားကျောင်းအုပ်ကြီးအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သဖြင့် အများကပင် ဆရာကြီးဟု ခေါ်ကြသည်။ ဆရာကြီးဦးရာဇတ်မှာ လူသတ်သမားများ လက်ချက်ဖြင့် ဒဏ်ရာ ၆ ချက်ရကာ နေရာတွင်ပင် ကျဆုံးခဲ့ရှာသည်။

မန်းဘခိုင်မှာ စက်မှုလက်မှုနှင့် အလုပ်သမားဌာနဆိုင်ရာဝန်ကြီးဖြစ်သည်။ ထင်ရှားသော ကရင်အမျိုးသားခေါင်းဆောင် တစ်ယောက်အဖြစ် ဗိုလ်ချုပ်၏ ယုံကြည်ကိုးစားမှုကို ရရှိခဲ့သူဖြစ်သည်။ ဒဏ်ရာ ၁၅ ချက်တိတိရရှိခဲ့၍ အများဆုံး ထိမှန်ခြင်း ခံရသည်။ အသည်းတစ်ခုလုံး ကြေမွပြီး နေရာတွင်ပင် ချက်ချင်း ကျဆုံးခဲ့ရှာသည်။

မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်းမှာ နယ်ခြားဒေသဆိုင်ရာဝန်ကြီး ဖြစ်၍ ရှမ်းအမျိုးသားခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ဦးခေါင်းတွင် ဒဏ်ရာနှစ်ချက်ရရှိ၍ ဆေးရုံတွင် ကောင်းစွာသတိရနေခဲ့သေးသည်။ ဇူလိုင်လ ၂၀ ရက်နေ့ မွန်းတည့်ချိန်လောက်မှ ကွယ်လွန်သွားရှာသည်။

ဦးဘ၀င်းမှာ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီး ဖြစ်သည်။ ဗိုလ်ချုပ်၏ အစ်ကိုအရင်းဖြစ်၍ ယခင်က ကျောင်းဆ၇ာတစ်ယောက်အဖြစ် ရိုးသားဖြောင့်မတ်စွာ နေထိုင်လာသူဖြစ်သည်။ သေနတ်ဒဏ်ရာ ၈ ချက်တိတိထိမှန်၍ သူ၏ချစ်လှစွာသော ညီဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးခဲ့ရှာသည်။

ဤသို့ဆိုလျှင် ထိုနေ့ထိုရက်က တစ်မျိုးသားလုံး၏ ချစ်ခင်မြတ်နိုးယုံကြည်ကိုးစားခြင်း ခံရသော ဗိုလ်ချုပ်နှင့်တကွ အပေါင်းပါခေါင်းဆောင်ကြီးများသည် မသမာလူသတ်သမားများ လက်ချက်ဖြင့် ကျဆုံးခဲ့ကြသည်ဖြစ်ရာ ထိုမည်သော ၁၉ဇူလိုင်ကို အဘယ်မှာလျှင် မေ့နိုင်ပါတော့မည်နည်းးးးးးးးးးးးးးးးးး ။။။။။။။။။။။။


Leave a Comment so far
Leave a comment



Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: