Filed under: My Opinion
ဒီသတင်းနဲ့ပတ်သတ် ကျွန်မစိတ်ထဲဖြစ်ပေါ်လာတာ ရေးသင့်လား ၊ မရေးသင့်လား တော်တော်လေး စဉ်းစားနေမိတယ် .. ။ နောက်တော့ ရေးမယ်ကွာ .. ဘာဖြစ်လဲ .. ဆိုပြီး စိတ်ပိုင်းဖြတ်လိုက်တယ် .. ။
အမိမြေ မှန်ကန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ဖို့ ဘ၀တွေ အသက်တွေပေး တကယ်လုပ်နေကြသူတွေ ရှိတာကို ကျွန်မ သိပ်ပြီးလေးစားပါတယ် .. ။ အချို့ကတော့ တက်ကြွစွာ ကူညီသူ ၊ ပါဝင်သူ ၊ ဦးဆောင်သူတွေ .. ။ အချို့ကတော့ ထောက်ခံအားပေးသူတွေ ၊ ရင်ဖွင့်သူတွေ အစရှိသဖြင့် ကိုယ်နိုင်ရာပါဝင်ကူညီရင်း ဒီတိုက်ပွဲကြီးက ရှေ့ဆက်နေပါတယ် .. ။ ကန်ပိန်းတွေလည်း ကိုယ်နဲ့လက်လှမ်းမှီရာ လုပ်ကြ ၊ ရင်ဖွင့်သံတွေ ပြုလုပ်ကြ ၊ တကယ့်ထိရောက်စွာ လုပ်နိုင်ဖို့ စတင်လုပ်ကိုင်နေကြ …. တကယ်ကို စုံလင်လှပါတယ် .. ။
ကန်ပိန်းတော်တော်များများကို ကိုယ်တိုင်ထောက်ခံအားပေး ကျွန်မ သွားရောက်လေ့ရှိပါတယ် .. ။ အခုခပ်ဟော့ဟော့လေးဖြစ်နေတဲ့ ကိစ္စတစ်ခုကို ကျွန်မကို လူတွေက မြင်တိုင်း မေးနေကြတာ ကျွန်မလည်း ရှက်လွန်းလှပါတယ် .. ။
“လင်းလက်ရေ panties တွေ ပို့ပြီးပြီလား”တဲ့ .. ။
ဒါချည်းပဲ လာလာ မေးနေကြတယ် .. ။ သူများတော့ မသိဘူး .. ။ ကျွန်မတော့ အမေးခံရတိုင်း
စိတ်ထဲကသိကအောင့်ဖြစ်သလို စိတ်လဲတိုမိသလို ရှိန်းခနဲ ရှိန်းခနဲပဲ။
လူသားတိုင်း ၊ လူသားတိုင်းက မိမိစိတ်ထဲ ခံစားနေရတဲ့ မတရားမှုကို လွတ်လပ်စွာ ဖော်ကျူးခွင့်ရှိတာမို့ ကျွန်မက သိပ်ပြီးတော့ မပြောလိုပါဘူး .. ။ ဒါပေမယ့် မြန်မာအမျိုးသမီးတွေ အားလုံးကို တစ်ခုပဲ အကြံပြုချင်ပါတယ်ရှင် .. ။
ကျွန်မတို့က ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေပါ .. ။ ဗုဒ္ဓဘာသာ မဟုတ်တဲ့ အခြားဘာသာဝင် မြန်မာလူမျိုးတွေလဲ မြန်မာ့ယဉ်ကျေးမှုဆိုတာကိုတော့ နားလည်သိရှိကြပါတယ် .. ။ ကျွန်မတို့က နအဖအစိုးရရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် နှလုံးသားတွေလဲ ကွဲကြေနေရပါတယ် .. ။ ကျွန်မတို့ မြန်မာလူမျိုးတွေသာမက အခြားလူမျိုးတွေကပါ ဘာသာတရားကို စော်ကားခြင်းကို ခါးသီးပြင်းရှစွာ ခံစားနေရပါတယ် .. ။ ကျွန်မတို့ ရင်ထဲမှာ နအဖရဲ့လုပ်ရပ်ကို ဘယ်လောက်ထိ မုန်းတီးစက်ဆုပ်သွားမလဲဆိုတာ ကျွန်မ ကောင်းကောင်း သိပါတယ် .. ။
ဒါပေမယ့် ကျွန်မတို့ရဲ့ တုံ့ပြန်မှုက ညစ်ညမ်းမှုတွေ မဖြစ်သင့်ဘူး .. ။ ကျွန်မတို့ မိန်းမတွေက မိန်းမတွေ လုပ်နိုင်တဲ့ ပါဝါကို ပြတယ်ဆိုရာမှာ ညစ်ပတ်တဲ့အမည်ကြီး မဖြစ်သွားစေဖို့အတွက် အားလုံး သတိပြုဖို့လောက်ပဲ ကျွန်မ အကြံပြုပါရစေ .. ။
ကျွန်မတို့ မိန်းမတွေ လုပ်နိုင်တဲ့ အခြားနည်းလမ်းတွေ အများကြီးပါ .. ။ ကျွန်မက သံရုံးအသိုင်းဝိုင်းကို ကျဉ်ထားတဲ့ မိန်းကလေးပါ .. ။ ဒါပေမယ့် ဘယ်သူ့ကိုမှ ရိုင်းစိုင်းစွာ မဆက်ဆံပါဘူး .. ။ သူတို့က နအဖရဲ့ အမှုထမ်းတွေဖြစ်ပေမယ့် သူတို့တွေက နအဖရဲ့ စစ်သားတွေ မဟုတ်ပါဘူး .. ။ သူတို့ဘက်က ကျွန်မ ဘက်လိုက်ပြောနေတာ မဟုတ်ပါဘူး .. ။ မဆိုင်တဲ့လူတွေကို သွားရမ်းတာမျိုး မဖြစ်စေချင်လို့ပါ .. ။
လူသားတစ်ယောက်ရဲ့ ဆန္ဒကို ဖော်ထုတ်ပြခွင့်က လူသားတိုင်းရဲ့ လွတ်လပ်ခွင့်မို့ စင်္ကာပူ မြန်မာသံရုံးရှေ့မှာ ဟိုတစ်လောက ပြုလုပ်တဲ့ သံရုံးရှေ့မှာ ရေးချင်ရာရေးပြီး ကပ်ထားတဲ့ စာသားတွေကို ကျွန်မ ကန့်ကွက်ခြင်း မရှိသလို အားပေးခြင်းလည်း မပြောခဲ့ပါဘူး ။
ဒါပေမယ့် panties တွေပို့တယ်ဆိုတာကတော့ လူအချင်းချင်း အပြန်အလှန် စော်ကားခြင်းအဆင့်ကို ရောက်နေတဲ့အတွက် မသင့်တော်လှပါဘူး .. ။
စစ်မှန်သောဒီမိုကရေစီစနစ်ကို လိုလားပြီး အားပေးထောက်ခံတဲ့ အာရှတိုက်က မိန်းမတွေရဲ့ လုပ်ရပ်က ဒီလိုကြီးလားဆိုပြီး သမိုင်းမှာ အမည်မကျန်ခဲ့ကြပါစေနဲ့ရှင် .. ။
ဖြည့်စွက်ချက် ။ ကျွန်မ ဒီစာကို သေသေချာချာ လေးရေးထားတာပါ ။ ပြင်းထန်စွာ ရှုံ့ချခြင်း သဘော လုံးဝ မသက်ရောက်မိအောင် စဉ်းစားရေးထားတာပါ ။ မြန်မာပြည်အတွက် စိတ်စေတနာရှိတဲ့လူမျိုးအားလုံးကို အသိမှတ်ပြုပါတယ် ။ အခုက ကျွန်မဘက်က ခံစားမှုကိုပဲ လွတ်လပ်စွာ ရေးထားတာပါ ။ ဒီလိုကန်ပိန်းမျိုးကို မကြိုက်ဘူး ကြိုက်တယ်ဆိုတာက စာဖတ်သူ သဘောပါ ။ ကျွန်မကတော့ ရှင်းရှင်းပဲ ။ စိတ်စေတနာကို အသိမှတ်ပြုတယ် ။ ကျွန်မကိုယ်တိုင်တော့ အားမပေးဘူး ။ မကြိုက်ဘူး ။ လွတ်လပ်စွာ အမြင်ကွဲနိုင်ပါတယ် ။
ကျွန်မတို့ မြန်မာပြည်အတွက် ရင်ဖွင့်သံတွေပဲဖြစ်ဖြစ် ၊ ထိရောက်တဲ့ လုပ်ဆောင်ချက် ကြိုးစားမှုတွေပဲဖြစ်ဖြစ် ၊ ဆုတောင်းပွဲတွေပဲဖြစ်ဖြစ် ၊ မကျေနပ်မှုကို ထုတ်ဖော်ပြသတဲ့ ခံစားချက်ပဲဖြစ်ဖြစ် အားလုံး တက်ညီလက်ညီ လုပ်ကိုင်ကြပြီး ညစ်တီးညစ်ပတ်လုပ်ရပ်တွေကိုတော့ နအဖလူတန်းစားတွေမရှောင်ပေမယ့် အမျိုးကောင်းသားသမီးပီသစွာ ကျွန်မတို့ ရှောင်ရှားကြပါစို့ .. ။
11 Comments so far
Leave a comment
ကျွန်တော်လည်း မလင်းလက်ကြယ်စင်ပြောတဲ့ Related Link မှာသွားဖတ်ကြည့်တော့ စိတ်ထဲမှာ ကသိကအောက်ဖြစ်သွားတယ်. ကျွန်တော်အမြင်အရဆိုရင် အဲဒီလို စည်းစနစ်မမှန်တဲ့ နည်းလမ်းတွေနဲ့ တုံ့ ပြန်တိုက်ခိုက်တာကို အားမပေးချင်ဘူး. ဒါမျိုးက အကျိုးမရှိနိုင်တဲ့ အပြင် တကယ်တမ်း အသက်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့်တကွ အစစအရာကိုယ်ကျိုး စွန့် လွှတ်စတေးပြီး တိုင်းပြည်အတွက်ဆောင်ရွက်နေသူတွေ အပေါ်မှာပါ အရိပ်မည်းထင်ဟပ်စေပါတယ်။
Comment by Nypian October 19, 2007 @ 10:23 pmမြန်မာပြည်တွင်သာမက ကမ္ဘာတ၀န်းမှာရှိတဲ့ မြန်မာပြည်သူပြည်သားတွေအားလုံးရဲ့ ရင်ထဲမှာ အစိုးရရဲ့ လုပ်ရပ်တွေကို စက်ဆုပ် ရွှံရှာမုန်းတီးနေမှာ မလွှဲမသွေပါပဲ။ ဒါပေမယ့် အဲဒီမကျေနပ်တွေကို ဘယ်လိုထုတ်ဖော်မလဲဆိုတာကိုသာ အရင်သုံးသပ်ပါ။ ပြီးမှ စည်းစနစ်တကျ ပူးပေါင်းဆောင်ရွှက်သင့်ပါတယ်။ အဲဒါမှလည်း ထိရောက်တဲ့ အကျိုးရလဒ်ကို ကျွန်တော်တို့ ခံစားရမှာပါ။
ဒါကြောင့်မို့ ယခု တော်လှန်ရေးဟာ မအောင်မြင်သေးမယ့် စိတ်ရှည်ရှည်ထားပြီး အကျိုးမဖြစ်စေနိုင်တဲ့ တိုက်ခိုက်မှုတွေကိုလုပ်မယ့်အစား တကယ်ထိရောက်စေနိုင်တဲ့ ဆောင်ရွှက်ချက်တွေနဲ့ ကိုယ်ရဲ့ ဦးတည်ချက်ကိုသာ တစိုက်မက်မက် လျှောက်လှမ်းသင့်တယ်လို့ အကြံပြုချင်ပါတယ်။
လင်းလက် ရေ…
Comment by ခင်မင်းဇော် October 20, 2007 @ 9:35 amအန်တီလဲ လင်းလက်နဲ့ သဘောထားချင်းတူပါတယ်။ ကိုယ်တို့က ဆန့်ကျင်တယ် ဆိုတာတောင် ဂုဏ်သိက္ခာရှိရှိ ဆန့်ကျင်ပြချင်တာ။ သူတို့ရိုင်းသလို တို့လိုက်ရိုင်းလို့ မဖြစ်ဘူး။
ဆိုးပါတယ်ဗျာ… ဒီလို အကြံပဲ ထွက်တဲ့ အမျိုးသမီးတွေဆို ကျနော်တို့က ဘာလို့ ပါလီမန်မှာ ထိုင်ခုံ ၃၀% ပေးတော့မလဲ။ မြန်မာအမျိုးသမီးတွေ ဦးနှောက်ဟာ ဒါ့ထက်တော့ ပိုစဉ်းစားတတ်ပါတယ်ဗျာ။ ကျနော်လဲ မလင်းလက် ခံစားရတာမျိုးကို သဘောတူပါတယ်။
Comment by Htoo Myat October 21, 2007 @ 5:42 amကျွန်မ ဗုဒ်ဓဘာသာဝင်တစ်ယောက်မဟုတ်ပါဘူး
Comment by chaos October 22, 2007 @ 9:00 amဒါပေမယ့် ကျွန်မတတ်နိုင်တဲ့ ဘက်က ဆုတောင်းပေးတယ်
အဲ့လိုမျိုးလုပ်တာကတော့ လွန်တယ်
ဒါလဲ ကျွန်မ အမြင်နော်………
HI LINLET,
I ABSOLUTELY AGREE WITH YOU.AS YOUR THOUGHTS FOLLOW DAMA, SHAME TO BE DONE BAD THINGS AND FEAR FORM DOING BAD THINGS.AND SO FIRST, I WANA CONGRADULATE YOU AND RESPECT YOUR INTELLIGENCE AS OF YOUR AGE.SECOND,IT’S WHAT ALL MYANMAR GIRLS SHOULD HAVE THAT KIND OF KNOWLEDGE AND CONSCIUOSNESS LIKE THIS IMPORTANT MOMENT.
Comment by myo October 23, 2007 @ 9:46 amညီမလေးလင်းလက်ရဲ့ သဘောထားကိုအကိုလည်းထပ်တူရပါတယ်။
Comment by တေဇာတေ October 23, 2007 @ 7:06 pmလင်းရေ.. အန်တီကကျတော့ ဘယ်လိုစဉ်းစားလဲဆိုတော့.. သမိုင်းကြောင်းတခုမှာ မတရားအစိုးရအပေါ် လူတွေက နည်းမျိုးစုံနဲ့ တိုက်ခိုက်ခဲ့ကြတယ်လို့ ယူဆတယ်။ ဥပမာ ဖြေဖ၀ါးမှာ သူတို့ ပုံတွေကပ်တာမျိုး၊ ယတာချေတာမျိုးတွေရောပေါ့။ အဲလိုပဲ သဘောထားပါတယ်။
Comment by မေငြိမ်း October 24, 2007 @ 2:48 amညီမလေးရေ လာဖတ်သွားရင်း အတွေးတူပေမဲ့ ကိုယ်တိုင်မရေးဖြစ်တာကို (မရေးတတ်တာပဲဆိုဆို) ကြိုက်လို့ မသွားပါရစေနော်
Comment by MELODYMAUNG October 24, 2007 @ 8:05 amIt is ugly from the view of Burmese and Buddhist communities, and I don’t believe most (if not none) Burmese lady will do that. But women are viewed differently in other countries, so they’re just protesting in their own way.
Comment by Anonymous October 24, 2007 @ 4:23 pmမမလဲ ညီမလေးပြောတာကို အပြည့်အ၀ ထောက်ခံတယ်၊ ကိုယ်တောင် ဘာမှမဆိုင်ပဲနဲ့ ဖတ်လိုက်ရတာတောင် စိတ်ထဲမှာ ဟင် ဆိုပြီ ဖြစ်သွားသေးတာ၊ သူများယုတ်ညံ့တိုင်း ကိုယ်လိုက် ယုတ်ညံ့ရင် ကိုယ်ပါ အဲဒီအတန်းအစားထဲ က ဖြစ်သွားမှာပေါ့၊ ဒါကြောင့် ညီမလေးရဲ့ သဘောထားကို အပြည့်အ၀ ထောက်ခံပါတယ်
Comment by Chit Lay Pyay October 26, 2007 @ 5:40 ampeople have to be creative even in protesting. To get media attention, to exite protesters and to be effective at the same time, a protest needs kind of creative action. well, it’s boring to protest at embassy with the same shouting again and again. now people have reasons to protest. they want it known worldwide so the whole world would hear them and their statements.
please don’t be too sensitive too much. just send one yourself.
and give advice how best to protest the next time. just be creative.
Comment by wet fire October 28, 2007 @ 7:52 pm