ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


စနေမိုးနှင့်တနင်္ဂနွေအလွမ်း
February 3, 2008, 9:37 am
Filed under: Poems


စနေမိုးနှင့်တနင်္ဂနွေအလွမ်း

နက်ရှိုင်းစိမ့်ဝင်နေတဲ့

အလွမ်းခါးခါးတွေကို

မိုးကသာ ငြိမ်းသတ်နိုင်မယ်ဆိုရင်

ကြောက်မက်ဖွယ်လျှပ်သံတွေထဲ

ကိုယ်တစ်ယောက်တည်း သွားရဲပါတယ် .. ။

တစ်ညနေလုံး

မိုးမင်းက အသံပေးလို့

လျှပ်ကုံးလျှပ်ပွင့်တို့ အလွင့်လွင့်ဖြာ

မကြာမီ မိုးစက်သံတဖြောက်ဖြောက်

ရင်ခွင်တံခါး လာရိုက်ခတ်ချိန်

ကိုယ်မျှော်နေမိတာတစ်ခုက

နွေးထွေးသော ချစ်သူလက်ဖ၀ါးတစ်စုံ .. ။

မိုးစက်ကျသံကလွဲ

တိတ်ဆိတ်လှပနေတဲ့ စနေည

အလွမ်းလေးတွေ တဆစ်ဆစ်ပျော်ဝင်လို့

ကြိုတင်ရင်ခုန်ကြည်နူးနေတာ

မနက်ဖြန်အတွက် မျှော်လင့်ချက်များ .. ။

ဒါပေမယ့် .. ရုတ်တရက်

ချွန်မြတဲ့ အသိတရားဓါးတစ်လက်

ကောင်းကင်ကိုဝင်းခနဲဖြိုချ

ချောက်ချားစရာအော်မြည်

ကျိန်စာသင့်နတ်တစ်ပါးလို

အမှောင်အတိဖုံးလွှမ်းခဲ့တယ် .. ။

ကြယ်တွေလည်းငို

ကောင်းကင်လည်းပြို

မိုးစက်တွေစို

အလွမ်းနဲ့သဲသဲမဲမဲကျွမ်းလောင်

ပြင်းပျတဲ့မိုးချုန်းသံတွေကြား

ရောင်နီမလာတဲ့ ဒီကောင်းကင်အောက်

တနင်္ဂနွေမိုးလျှပ်သံတွေကို

ကိုယ်တစ်ယောက်တည်း .. ကြိုရတော့မယ် … ။

လင်းလက်ကြယ်စင်


4 Comments so far
Leave a comment

ကြယ်တွေလည်းငို

ကောင်းကင်လည်းပြို

မိုးစက်တွေစို

အလွမ်းနဲ့သဲသဲမဲမဲကျွမ်းလောင်

ပြင်းပျတဲ့မိုးချုန်းသံတွေကြား

ရောင်နီမလာတဲ့ ဒီကောင်းကင်အောက်

တနင်္ဂနွေမိုးလျှပ်သံတွေကို

ကိုယ်တစ်ယောက်တည်း .. ကြိုရတော့မယ် … ။

စာသားလေးတွေမိုက်တယ်ဗျို့…
ဟိုတုန်းက သီချင်းစာသားလေးကိုသွားသတိရတယ်…
အမေ့ရဲ့ အိပ်ယာဝင်တေးလေးပါ…
“ အခုလိုမိုးလေးညို့တော့ချစ်တဲ့သူကို ပိုသတိရတယ်” တဲ့… မိုးအနံ့အသက်နဲ့အတူ မြေသင်းနဲ့လေးရတော့ ဇာတိမြေလေးကို အရမ်းသတိရတယ်ဗျာ… ။

အားလုံးအဆင်ပြေပါစေ ညီမလေးရေ…။

Comment by ပြည့်စုံ

လင်းလက်ရေ မိုးစက်တွေအကြားက ညီမလေးရဲ. ပိုးစိုးပက်စက် အလွမ်းတွေကို လာဖတ်သွားတယ် လွမ်းတတ်သူတို့ အတွက်တော့ မိုးဟာလွမ်းစရာပဲ မလွမ်းတတ်သူတို့ အတွက်တော့ ထီးမပါလာတဲ့အချိန်မိုးရွာရင် မိုးကို မုန်းမိတယ် ညီမလေး

Comment by J Moe

ခုတလော…လင်းလက်စာတွေ၊ကဗျာတွေက အလွမ်းရနံ့တွေနဲ့။ ညီမလေးရေ…လိုချင်တာတွေကို တဆင့်ချင်း ကြိုးစားပေါ့။ ချစ်သူကောင်းနဲ့သားသမီးကောင်း ပြိုင်တူဖြစ်ဖို့ဆိုတာ နဲနဲတော့ရုန်းကန်ရတယ်။ ငြိမ်းချမ်းပါစေ။

Comment by တန်ခူး

ကဗျာလေး အရမ်းထိတယ် ညီမလေးရေ။ စာသားလေးတွေ အရမ်းကောင်းတယ်။

Comment by ကောင်းကင်ကို




Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s



%d bloggers like this: