စိတ်ကိုရှည်ရှည်ထားပြီး ကြိုးစားစောင့်နေရင်း ၅နာရီမိနစ်၄၀ကျော်ကျော်မှ မြင်လိုက်ရသော သူ့ပုံရိပ်ကြောင့် ကျွန်မစိတ်ထဲ ဟင်းခနဲ သက်ပြင်းချနိုင်ပါတော့တယ်။ အလိုလိုပြုံးပျော်နေသော ပုံစံဖြင့် ကားတံခါးကိုဖွင့်လိုက်ချိန်မှ နှုတ်ဆက်လိုက်သော ချစ်သူ့စကားသံနှင့်အတူ အနှစ်သက်ဆုံးပန်းပွင့်လေးတွေက အစီအရီကြိုဆိုလျက် .. ။

`နှင်းဆီနီကိုးပွင့်ရဲ့ အဓိပ္ပါယ်က Together Forever´ဟုဆိုကာ အပြုံးပွင့်လေးတွေဖြင့် ရှင်းပြနေသော ချစ်သူကိုကြည့်ကာ ညနေခင်းတစ်ခုလုံး ပိုမိုအသက်ဝင်သွားရသည်။ ပတ်ဝန်းကျင်မှာလည်း ထိုနေ့မှ မြင်ရသမျှအားလုံးက စုံတွဲတွေချည်းမို့ စိတ်မှာပိုပျော်ရွှင်ရသည်.. ။

ကျွန်မချစ်သော နှင်းဆီရဲရဲများကို ငုံ့ကြည့်ကာ ပြုံးပျော်နေရင်း ထိုအပျော်များက တကမ္ဘာလုံးမှ ပန်းတွေပင် ဖူးပွင့်ကုန်ပြီဟု ထင်ခဲ့ရသည်။ ပန်းပွင့်လေးတွေကိုယ်စီကိုင်ဆောင်ကာ ချစ်သူလက်ကိုတွဲ .. လမ်းမပေါ်မှာ ပြည့်နှက်နေသော စုံတွဲပေါင်းများစွာကိုကြည့်ကာ ယခုနှစ် ချစ်သူများနေ့ကတော့ ကျွန်မမြင်ခဲ့သမျှ နေ့အားလုံးထဲတွင် အလှပဆုံးနေ့တစ်ရက်ဖြစ်ခဲ့သည်။

ချောကလက်ကြိုက်သော ကျွန်မအတွက် ချောကလက်လှလှလေးများကိုကြည့်ရင်း စိတ်ထဲချိုမြခဲ့သည် ..။ ချစ်စဖွယ်ချောကလက်လေးများကို ရွေးချယ်တတ်သော ချစ်သူ၏ရွေးချယ်မှုကိုလည်း ကြည်နူးပျော်ရွှင်ရသည်။ အသဲနှလုံးကိုင်းလေးဖြင့် မွမ်းမံထားသော ဖန်ခွက်စုံတွဲလေးနှင့် ကဒ်ကလေးတစ်ခု ချစ်သူလက်ကို အပ်နှင်းလိုက်ချိန်မှာ ချစ်သူက ကျွန်မအပြုအမူလှုပ်ရှားမှုနှင့်တူသော အရုပ်စုံတွဲလေးတစ်ခုနှင့် ကဒ်ကလေးတစ်ခုကို ကျွန်မလက်ထဲ ထည့်ပေးခဲ့သည်။ အပြုံးများစွာဖြင့် ရီမောနေရင်း ထိုညနေက သွားနေကျ Vivo City တစ်ခုလုံး ကျွန်မမျက်လုံးထဲ ပိုမိုလှပနေခဲ့သည်။ နေရာအနှံ့ရီသံချိုချိုများကလည်း စိတ်နှလုံးကို ပိုမိုရွှင်လန်းစေခဲ့သည်။
ချစ်ခြင်းသီသောနှလုံးသား
ချစ်သူ
မထင်မှတ်ဘဲ
နက်နဲသိမ်မွေ့သော ချစ်ခြင်းတစ်စုံ
မင်းနှလုံးသားက
(ငါ့အတွက်)ဖန်ဆင်းပေးခဲ့တယ်။
အမှတ်တမဲ့မှ
ထာဝရ အမှတ်တရအဖြစ်
ချစ်ခြင်းသီတဲ့မျက်ဝန်းတစ်စုံ
ငါ့ရင်ဘတ်ထဲ
ထိုးဖောက်ဝင်ရောက်လာခဲ့တယ် .. ။
ကြည်နူးရင်ခုန်မြတ်နိုးစွာနဲ့
အမြတ်တနိုးသိမ်းထားရတဲ့
မင်းအကြင်နာမေတ္တာအားလုံးက
ငါ့ဘ၀အတွက်
မမှိန်သော မီးပြတိုက်တစ်စင်းပါပဲ .. ။
မျက်ဝန်းစေရာ
မင်းပုံရိပ်တွေထင်ဟပ်
နာရီစည်းချက်တွေနှင့်အပြိုင်
လွမ်းဆွတ်ချစ်ရသူမို့
အချစ်စစ်တို့ခရောင်းလမ်းမှာ
ကျလုဆဲဆဲ အလွမ်းမျက်ရည်
အနည်မထိုင်နိုင်သေးတဲ့
အခက်အခဲမုန်တိုင်းအချို့
ရိုက်ခတ်မှုလှိုင်းနာကျင်ခြင်းတွေနဲ့
ရင်တစ်ခုလုံး မောလျခဲ့သည့်တိုင်
တွေ့ကြုံရင်ဆိုင်ခံစားရသမျှအားလုံးက
ဆုံဆည်းပျော်ရွှင်စေရာအတွက်ဆို
ချစ်သူ ……
မုန်တိုင်းပင်လယ်တွေဘယ်လောက်ထန်ထန်
အပြာရောင်ကောင်းကင်အောက်မှာ
ချစ်ခြင်းသီတဲ့နှလုံးသားတစ်စုံနဲ့
ယုံကြည်ခြင်းတွေမွေးဖွားရင်း
(ငါ)ဆက်လျှောက်လှမ်းသွားမှာပါ .. ။
လင်းလက်ကြယ်စင်
4 Comments so far
Leave a comment
မြန်မာတွေဖြစ်ရတာ ဂုဏ်ယူသင့်တဲ့အကြောင်း V-Tech တက္ကသိုလ်မှာ အမေရိကန်အစိုးရသတ်ဖြတ်တဲ့အကြောင်းများနဲ့ အခြားသောအကြောင်းများပေါ်မှာ အထောက်အထားတွေနဲ့ ပြောဆိုထားပါတယ်ခင်ဗျာ http://lightofmyanmar.blogspot.com/
Comment by Anonymous February 16, 2008 @ 5:37 pmညီမရေ .. ခုလိုကျ တသိမ့်သိမ့် ပျော်ရွှင် ကြည်နူးတယ်ဟုတ် ဘယ်လို ငှက်နဲ့ တူတယ် ဆိုတာ မေ့နဲ့နော် … တဘ၀လုံး ဒီလို အမြဲ ပျော်နေပါစေ အမ ဆုတောင်းပေးပါတယ်နော်…
Comment by khunmyahlaing February 17, 2008 @ 5:01 pmcongradulation!!!!!!!!!!!!
Comment by chitthamee February 19, 2008 @ 3:05 pm..Little sis..u r confusing with Love and Politics…better b separate…u r desparate in Love too
Comment by Anonymous February 19, 2008 @ 7:36 pm