ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


လတ်တလောမှ ရောက်လာသူမြန်မာတစ်ဦးနှင့် ခြင်္သေ့ကျွန်းပေါ်တွင် ဆန္ဒမဲပေးခြင်း
April 25, 2008, 2:53 am
Filed under: News And Activities

စင်္ကာပူနိုင်ငံကို လွန်ခဲ့သည့် နှစ်လခန့်ကမှ အုပ်ထိန်းသူအနေဖြင့် ရောက်လာသည့် ဦးလေးကြီးတစ်ဦးဟာ စင်္ကာပူနိုင်ငံမှာ ယနေ့စတင်ကျင်းပသည့် ဆန္ဒမဲပေးရေးနှင့်ပတ်သတ်ပြီး မြန်မာသံရုံးကိုတက်ကြွစွာ ယနေ့မနက် ချီတက်သွားခဲ့ပါတယ်။ သူ၏ရင်တွင်းမှာ ဖြစ်ပေါ်နေသည့် ဆန္ဒတစ်ခုကို အကောင်ထည်ဖော်ချင်သောကြောင့် စောစီးစွာ မြန်မာသံရုံးကို ရောက်ရှိသွားခဲ့ပါတယ်။

ပထမဦးစွာ မြန်မာသံရုံးရှေ့ကိုရောက်ရောက်ချင်း လုံခြုံရေးများကို မည်သည့်ကိစ္စကြောင့် ရောက်လာရသလဲဆိုတာကို သတင်းပို့ရပါတယ်။ လုံခြုံရေးအစောင့်များက ထိုလူကြီးကို စာရွက်အပိုင်းလေးတစ်ပိုင်း ထုတ်ပေးပါတယ်။ စာရွက်ပိုင်းလေးမှာ အမည် ၊ ပါ့စ်ပို့နာပါတ်နှင့် မဲပေးရမည့်အမှတ်စဉ်ဆိုပြီး ရေးသားထားပါတယ်။ ထိုစာရွက်ပိုင်းလေးမှာ ဖြည့်စွက်ပြီး လုံခြုံရေးများကိုပြန်ပေးလိုက်ပြီးနောက် မြန်မာသံရုံးမှဝန်ထမ်းတစ်ဦးက နာမည်နှင့်ပါ့စ်ပို့နာပါတ်ကိုကြည့်ကာ မဲပေးရမည့်အမှတ်စဉ်ကို ရှာဖွေပေးပါတယ်။

မြန်မာသံရုံးနှင့်အဆက်သွယ်ရှိသူများနှင့် မြန်မာသံရုံးမှ ဆန္ဒမဲပေးရန် စာပေးပို့သူများ ဆန္ဒမဲပေးရန်ဟု မြန်မာသံရုံးရှေ့မှာ ကပ်ထားသောစာအရ မြန်မာနိုင်ငံသား မြန်မာလူမျိုးတိုင်း၏နာမည် စာရင်းထဲတွင် ရှိမနေပါ။ ထိုဦးလေးကြီး၏နာမည် ရှိမနေတာကြောင့် မြန်မာသံရုံးနှင့်အဆက်သွယ်ရှိလားဟု မေးမြန်းခဲ့ပါတယ်။ မြန်မာလူမျိုးတိုင်းဟာ ပြည်ပကိုရောက်ချိန်မှာ သက်ဆိုင်ရာ မြန်မာသံရုံးကို သတင်းပေးပို့ခြင်း ၊ အခွန်ဆောင်ခြင်း ၊ ပါ့စ်ပို့သက်တမ်းပုံမှန်လာတိုးခြင်း အစရှိသည်တို့ဟာ မြန်မာသံရုံးနှင့်အဆက်သွယ်ရှိခြင်းဟု သတ်မှတ်ထားပါတယ်။

ဦးလေးကြီးက မြန်မာသံရုံးနှင့်အဆက်သွယ်မရှိပါ ၊ မကြာမီကမှ စင်္ကာပူကိုရောက်လာတာပါဟု ပြန်ဖြေချိန်မှာ ပြည်ပရှိသံရုံးနှင့်အဆက်ဆံ ၊ အဆက်သွယ်မရှိသည့်အတွက် မြန်မာပြည်တွင်သာမဲပြန်ပေးပါဟု မြန်မာသံရုံးက ဖြေကြားခဲ့ပါတယ်။ ဆန္ဒမဲပေးဖို့ စိတ်အားထက်သန်နေသော ဦးလေးကြီးမှာ မခံမရပ်နိုင်ဖြစ်စွာ `မြန်မာနိုင်ငံသားတစ်ဦးဖြစ်တဲ့ မြန်မာလူမျိုးတစ်ယောက်ဟာ ရောက်ရှိနေသော နိုင်ငံ၏သံရုံးမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိကိုရှိတယ် ၊ မြန်မာပြည်ကိုမပြန်နိုင်ပါ´ဟု မြန်မာသံရုံးမှဝန်ထမ်းများကို အချေအတင်ပြောကြားနေခဲ့ပါတယ်။ နောက်ဆုံးမှာ မြန်မာသံရုံးဝန်ထမ်းများမှ အထက်အရာရှိများကို သွားရောက်မေးမြန်းကာ ထိုဦးလေးကြီး၏ ဖုန်းနာပါတ်ကိုယူထားလိုက်ပြီး ၂၉ရက်နေ့မတိုင်ခင် မဲပေးခွင့်ရနိုင်ဖို့အတွက် ပြန်လည်အကြောင်းပြန်လိုက်ပါမည်ဟု ပြောကြားခဲ့ပါတယ်။

ဒီအဖြစ်ပျက်ကိုကြည့်ခြင်းအားဖြင့် မြန်မာသံရုံးနှင့်အဆက်သွယ်မရှိသော မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာသံရုံးကိုစောစီးစွာ သွားရောက်သတင်းပို့ရန် လိုအပ်နေပါတယ်။ သူတို့ဘက်က ၂၉ရက်နေ့မတိုင်ခင် မဲပေးနိုင်ရန်စီစဉ်ပေးပါမည်ဟု ပြောကြားထားသောကြောင့် နောက်ဆုံးရက်နားကပ်မှ သွားရောက်လျင် အခက်ခဲပြဿနာများ ရှိကောင်းရှိလာနိုင်ပါတယ်။ ပါ့စ်ပို့သက်တမ်းတိုးခြင်းကိစ္စမှလွဲ၍ မည်သည့်မြန်မာနိုင်ငံသားကမှ အချိန်အားတိုင်း မြန်မာသံရုံးကိုသွားနေမည်ဟု ကျွန်မ မထင်ပါ။

မြန်မာသံရုံးမှာ ဆန္ဒမဲပေးနိုင်ရန်အတွက် မြန်မာနိုင်ငံသားများဟာ မိမိနာမည်ကို အချိန်မှီစာရင်းပေးသွင်းဖို့ လိုအပ်နိုင်ပါတယ် .. ။ ဒါကြောင့် ကျွန်မတို့ စောစီးစွာ မဖြစ်မနေ ၊ မပျက်မကွက် ၂၅ရက်နှင့် ၂၆ရက် ၊ ၂၇ ရက်များမှာ ကျွန်မတို့နိုင်ငံအတွက် စင်္ကာပူရှိ မြန်မာသံရုံးမှာ သွားရောက်စာရင်းပေး ၊ မဲပေးနိုင်ဖို့ ကြိုးစားကြရပါ့မယ် … ။

အခြေအနေများကို ဆက်လက်ဖော်ပြသွားပါမည်။


2 Comments so far
Leave a comment

i wonder what about sailors? my dad is coming to singapore on 29 April .. 😦 like this situation i worried for the rest of the ppl who do not recieve any letters from stupid embassy.

Comment by Anonymous

လင်းနေဦးမယ့် ကြယ်စင်ရေ
ဘလော့တွေ မရောက်တာလည်း ကြာပေါ့ဗျာ။ စ လုံးက သတင်းတွေကို သိချင်တာနဲ့ မလင်းလက် စိုကိကို ၀င်ဖြစ်ခဲ့ပါတယ်။ ကော်နရှင်မကောင်းလို့ စီဘောက်ကလည်း သုံးစားမရဖြစ်နေလို့ ဒီမှာဝင်ရေးခဲ့ပါတယ်။
သတင်းတွေအတွက် ကျေးဇူး
နေသစ်

Comment by Anonymous




Leave a reply to Anonymous Cancel reply