Filed under: Lin Let Kyal Sin
နောက်ထပ် TAG တစ်ခုနာမည်က `ပထမဆုံးများ´တဲ့။ အခြားဘလော့ခ်ဂါအသိတွေ ရေးထားတာ ဖတ်ပြီးကတည်းက သိနေပေမယ့် ကိုယ့်ကို ဘယ်သူမှ TAG မလုပ်သေးတာရော ၊ ကိုယ်တိုင်ကလည်း ခေါင်းနည်းနည်းခြောက်ရမယ့် ခေါင်းစဉ်ဖြစ်တာကြောင့် မသိချင်ယောင်ဆောင်နေပေမယ့် ကိုမင်းမင်း TAG လိုက်ပြီဆိုတော့ သေချာပြန်စဉ်းစားပြီး မှတ်မိသလောက်ရေးပေးလိုက်ပါတယ်ရှင်။
ပထမဆုံးနေခဲ့ဖူးသည့်အိမ် – ရန်ကုန် မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်မှာ တည်ရှိတဲ့ ပဲခူးတိုင်းရဲ့ ဇာတိမြို့ကလေးတစ်ခုမှာပါ။ အဲဒီအကြောင်းကို ဇာတိမြေ (သို့မဟုတ်)အိမ် ပို့စ်မှာ ဖတ်ရှုနိုင်ပါတယ်ရှင်။
ပထမဆုံးတက်ခဲ့သည့်ကျောင်း – ဇာတိမြေမှာရှိသည့် တစ်ခုတည်းသော အထက်တန်းကျောင်းကြီးမှာပါ။ ကျွန်မအမေက ဇာတိမြေမှာ တာဝန်ထမ်းဆောင်နေတော့ ကျွန်မလည်း သူတာဝန်ထမ်းဆောင်တဲ့ကျောင်းမှာပဲ သူငယ်တန်းကိုအစပြုတက်ခဲ့ရပါတယ်။
ပထမဆုံး ဆရာမ – ကလေးဘ၀ မူကြိုမတက်ခင် အိမ်မှာကြိုတင်စာသင်နေခဲ့တာက ကျွန်မအမေပါ။ အဲဒါကြောင့် ကျွန်မရဲ့ ပထမဆုံးဆရာမက `အမေ´လို့ပြောလို့ရပါတယ်။ ဘလော့ခ်ဂါတွေထဲမှာ ကျွန်မအမေရဲ့ တပည့်အချို့နဲ့ စာဖတ်သူတွေ ၊ သူငယ်ချင်းတွေထဲမှာ ကျွန်မအမေကိုသိသူနှင့် တပည့်တွေ တော်တော်များများရှိတာမို့ ကျွန်မအမေ ဘယ်လောက်စာသင်လဲဆိုတာတော့ ပြောပြစရာမလိုတော့ပါဘူး။
ပထမဆုံး ရခဲ့သောဆု – သူငယ်တန်းမှာ ဘာဆုမှ ကျွန်မ မရခဲ့ပါဘူး။ ပထမတန်းရောက်မှ တတိယဆုချိတ်ခဲ့ပါတယ်။
ပထမဆုံး ကျေနပ်ခဲ့သောဆု – (၅)နှစ်ဆက်တိုက် ပထမဆုရှင်များအဖြစ် ကျွန်မဆဌ္စမတန်းနှစ်အတွက် ဆုယူချိန်မှာ ထူးထူးခြားခြား ချီးမြှင့်ခဲ့ခြင်းပါ။ အရင်က အဲဒီလို ဆက်တိုက်ဆုရှင် တစ်ခါမှ မပေးခဲ့တဲ့အတွက် ဆုရသူအားလုံး အံ့သြကျေနပ်ခဲ့သောနှစ်။ ကျွန်မအမေရဲ့ စာသင်မှု ၊ အားပေးမှု ၊ စည်းကမ်းကြီးမှုများကြောင့် ရခဲ့သောဆုလည်းဖြစ်တဲ့အပြင် ပြည်ပရောက်နေတဲ့ ကျွန်မအဖေထံက လက်ဆောင်အဖြစ် ပန်းရောင်ဂါဝန်လှလှလေး လက်ခံရရှိခဲ့တဲ့အတွက် သိပ်ကျေနပ်ခဲ့ပါတယ်။
ပထမဆုံး သူငယ်ချင်း – ကျွန်မနဲ့ တစ်လမ်းတည်းနေသော ကစားဖော် ကစားဖက် ဖြူဖြူသင်း။
ပထမဆုံးဖတ်ဖူးသည့် စာအုပ် – သူငယ်တန်းသင်ပုန်းကြီးဖတ်စာအုပ်က ကျွန်မ ပထမဆုံးစာဖတ်ဖူးတဲ့ စာအုပ်လို့ ယူဆလို့ရပါတယ်။ ကျောင်းစာမဟုတ်ဘဲ အပြင်စာပေဆိုရင်တော့ ကာတွန်းစာအုပ်တွေပါပဲ။
ပထမဆုံး နားထောင်ခဲ့ဖူးသောသီချင်း – အိမ်မှာ အမြဲရေဒီယိုဖွင့်တာရော ၊ သီချင်းကြိုက်တဲ့အမေမှာ အခွေတွေရှိတာကြောင့် သီချင်းတွေကို ငယ်ငယ်လေးကတည်းက နားထောင်ခဲ့ရပါတယ်။ ကျွန်မ မှတ်မိသလောက် အဆိုတော်ဇော်ဝင်းထွဋ်နဲ့ မြန်မာပြည်သိန်းတန်သီချင်းတွေကို အမေက အရမ်းဖွင့်တာကြောင့် ကျွန်မငယ်စဉ်ကလေးဘ၀က အဲဒီသီချင်းတွေကို တော်တော်များများ အလွတ်ရနေခဲ့ပါတယ်။ ဇော်ဝင်းထွဋ်ဆို စွဲစွဲလမ်းလမ်းကြိုက်တဲ့ အမေနဲ့ တွံတေးသိန်းတန်သီချင်းတွေလောက်ပဲ နားထောင်တဲ့အဖေ ခဏခဏ စကားနိုင်လုကြတာတော့ မှတ်မိတယ်။ ကျွန်မက အဖေကြိုက်တဲ့သီချင်းတွေကို စိတ်မ၀င်စား အလွတ်မရဘဲ အမေနားထောင်တဲ့သီချင်းတွေကိုပဲ အလွတ်ရတော့ အဖေ တစ်နယ်တကျေးကနေ အိမ်ပြန်လာခါနီးဆို သူကြိုက်တဲ့သီချင်းတွေကို နည်းနည်းပါးပါးရအောင် ကြိုတင်နားထောင်ရသေးတာကလည်း တကယ့်ရီစရာ။
ပထမဆုံးအရိုက်ခံရခြင်း – ပထမတန်းတက်စဉ်က ကျွန်မသူငယ်ချင်းတစ်ယောက် စာအုပ်ထဲမှာ ကျွန်မလက်ရေးနဲ့ သင်္ချာတွေတွက်ပေးမိလို့ သူငယ်ချင်းကိုကူညီတဲ့အမှုနဲ့ အတန်းပိုင်ဆရာမက လက်ဖ၀ါးကို ရိုက်ခဲ့တာကို အခုထိ ကျွန်မ မှတ်မိနေပါသေးတယ်။
ပထမဆုံးသဘောကျခဲ့သူ – သူငယ်ချင်းလည်းဖြစ် ၊ စာပြိုင်ဘက်လည်းဖြစ်တဲ့ ကျွန်မတို့သူငယ်ချင်းတွေကြားမှာ ပေါ်ပြူလာဖြစ်သော ငယ်သူငယ်ချင်း။ ကျွန်မ (၅)တန်းမှာ ဘက်စုံထူးချွန်သူများကို ဂျပန်နိုင်ငံကိုအလည်ပို့သော ဘက်စုံစာမေးပွဲဝင်ဖြေရတဲ့ပြိုင်ပွဲမှာပါ။ အဲဒီနေ့က သူနှင့်ကျွန်မတို့မိသားစု(၂)စုလုံး ပဲခူးမြို့ပေါ်ကို အတူတူသွားပြီး စာမေးပွဲဖြေရတယ်။ နှစ်ယောက်လုံး ကျောင်းစိမ်းဝတ်စုံကို မြန်မာအဆန်ဆုံး သေချာကျကျနန၀တ်ထားရင်း အဲဒီနေ့မှာ စတင်သဘောကျစိတ်လေး နည်းနည်းဖြစ်ခဲ့မိတယ်လို့ ထင်ပါတယ်။ ရည်းစားတွေဘာတွေဆိုတာတော့ ကျွန်မ အဲဒီအရွယ်က နားမလည်ခဲ့သေးပါဘူး။ နောက်ပိုင်းနှစ်တွေအားလုံးမှာ သူက ကျွန်မတို့အတန်းအားလုံးရဲ့ ပေါ်ပြူလာအဖြစ်ဆုံး ယောက်ျားလေး ဖြစ်လာခဲ့ပါရဲ့။
ပထမဆုံး အပေးခံရသည့် ရည်းစားစာ – (၇)တန်းနှစ်ကုန်ခါနီးမှာပါ။ အဲဒီနေ့က တော်တော်ရီရပါတယ်။ ကျွန်မ သဘောကျတဲ့ ငယ်သူငယ်ချင်းက မုန့်စားဆင်းချိန်ဆို တခါတလေ ကျွန်မဆီလာတတ်ပါတယ်။ အဲဒီနေ့က သူက ရှက်ကိုးရှက်ကန်းနဲ့ ကျွန်မရှေ့ကိုလာရပ်ပြီး အတန်းထဲမှာ လူလည်းသိပ်မရှိတော့ ကျွန်မလည်း အဲဒီအချိန်မှာ ရှက်တယ်ဆိုသော ခံစားမှုကို စတင်ခံစားမိခြင်းပါ။ အရင်က အမြဲနောက်လိုက် ကစားလိုက်နေခဲ့သော သူငယ်ချင်းကို အဲဒီနေ့မှာ သူက ကိုယ့်ရှေ့လာရပ်ပြီး ကြည့်နေတော့ ခေါင်းကိုဟိုလှည့် ဒီလှည့်နဲ့ ဘာပြောရမှန်းမသိခဲ့ဘူး။ အဲဒီအချိန်မှာ သူက စာအုပ်လာပေးတာဆိုပြီး စာအုပ်လေးတစ်အုပ် ထုတ်ပေးတယ်။ စာအုပ်က ကျွန်မ ကျူရှင်မသွားခဲ့တဲ့အတွက် ပြန်ကူးရမယ့်စာအုပ်ပါပဲ။ ဒါပေမယ့် သူ့အမူအရာက တစုံတခုထူးခြားနေတော့ ကျွန်မလည်း အဲဒီအချိန်က ရင်တုန်နေမိတယ်။ သူပြန်ထွက်သွားချိန် စာအုပ်ထဲကို လှန်ကြည့်တော့ စာအိတ်လေးနဲ့ စာရွက်ကလေးတစ်ရွက်ကို တွေ့တယ်။ ဘုရား ဘုရား ငါ့ကိုများ ရည်းစားစာ ပေးသလားဆိုပြီး ရင်တောင်ခုန်သွားခဲ့မိသေးတယ်။ စိတ်ကခပ်တုန်တုန်နဲ့ တစ်ညနေလုံး စာတောင်ကောင်းကောင်း သင်ခဲ့လို့မရဘူး။ ညနေ အိမ်ပြန်ရောက်ပြီး အိမ်မှာ စာကိုခိုးဖွင့်ဖတ်မိတော့ ဒေါသတွေထွက်လိုက်ရတာ။ သူနဲ့တော်တော်လေးခင်တဲ့ ကျွန်မ လုံးဝကြည့်မရသော ယောက်ျားလေးတစ်ယောက်က သူ့ကို စာရေးခိုင်းပြီး ကျွန်မကိုပေးသော ရည်းစားစာ။ သူ့သူငယ်ချင်းနဲ့ ကျွန်မက မြင်ရင် လုံးဝမတည့်တာမို့ သူက ကြားကနေ အောင်သွယ်လာလုပ်ပေးနေခဲ့တာ။ သူ့လက်ရေးကို အလွတ်ရနေတဲ့ ကျွန်မ သူ့လက်ရေးမှန်းသိပေမယ့် ပေးသူ နေရာမှာ ကျွန်မ ကြည့်မရသော နာမည်ကိုတွေ့လိုက်ရတော့ ရင်ခုန်တာတွေတောင် ပျောက်ပြီး ဒေါသတွေထွက်လိုက်တာ။ နောက်၂ပတ်လောက် ကျွန်မ သူ့ကို ကျောင်းမှာရော ၊ ကျူရှင်မှာပါ စိတ်တိုတိုနဲ့ မခေါ်ခဲ့ဘဲ တောင်းပန်မှ စိတ်ပြေသွားခဲ့ရတယ်။
ပထမဆုံး ရူးကြောင်ကြောင် ရီစရာလုပ်ရပ် – အလယ်တန်းပြီးခါနီးမှာ ကျွန်မတို့အခင်ဆုံးအဖွဲ့ထဲက သင်းအိက ကျွန်မသဘောကျသော ငယ်သူငယ်ချင်းကို ကြိုက်တယ်လို့ ရင်လာဖွင့်ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်မငယ်သူငယ်ချင်းနဲ့ ကျွန်မကို ရည်းစားမဖြစ်ဘဲ အားလုံးက အတွဲလို့ နောက်နောက်ပြောင်ပြောင် သတ်မှတ်ထားကြတယ်။ တစ်ယောက်နှင့်တစ်ယောက် ခိုးကြည့်တာတွေ ၊ ရှက်ကိုးရှက်ကန်းဖြစ်တာတွေ ၊ သူက ခေါင်းစည်းကြိုးနဲ့ ဘောပင်လက်ဆောင်လေးတွေ လစ်ရင်လစ်သလို လာပေးတာကို အကြောင်းသိသူငယ်ချင်းတွေက နောက်လေ့ရှိပါတယ်။ သင်းအိက သူ့ကိုကြိုက်တယ်ဆိုလို့ ကျွန်မက ရုပ်ရှင်တွေထဲကလို အချစ်ဆုံးသူငယ်ချင်းအတွက် နောက်ဆုတ်ပေးတယ်ဆိုပြီး သူ့ကိုမြင်ရင် မပြုံးပြတော့တာ ၊ ရှောင်တာ ၊ မပတ်သတ်တော့တာ ၊ ခါတိုင်းလို သူက ခေါင်းစည်းကြိုးတွေ လက်ဆောင်လာပေးရင် မယူတော့တာတွေကို လုပ်ပေးခဲ့ရင်း ကိုယ့်ကိုယ်ကိုယ် `နောက်ဆုတ်ပေးသူ´ဆိုပြီး အဟုတ်ကြီးထင်ခဲ့မိချိန်လေ။
ပထမဆုံး ထားခဲ့ဖူးသည့်ရည်းစား – စင်္ကာပူရောက်ပြီး လေလှိုင်းပေါ်မှာ ကျွန်မနဲ့ခင်သော သူငယ်ချင်းတစ်ယောက်နဲ့ပါ။ အဲဒီတုန်းက တစ်ယောက်တစ်နိုင်ငံဆီဆိုတော့ ဖုန်းချည်းဆက်နေရတာ ဖုန်းဘေလ်တွေ နှစ်ယောက်လုံးတက်ခဲ့ရသောနှစ်ပါ။ နောက်တော့လည်း ကျွန်မရဲ့ ရင့်ကျက်မှုတိုးလာတာရော ၊ စိတ်မ၀င်စားတော့တာရောပေါင်းပြီး အရာအားလုံးပြီးဆုံး အေးအေးချမ်းချမ်းပဲနေလာခဲ့ပါတယ်။
ပထမဆုံး ချစ်သူ – `ဘ၀လက်တွဲဖော်´ထဲက ချစ်သူကိုကိုပေါ့။ ကျွန်မဘ၀မှာ တရားဝင်ချစ်သူလည်းဖြစ် ၊ သဘောကျဆုံးလည်းဖြစ်ပြီး လက်တွဲဖို့ဆုံးဖြတ်ခဲ့သော ပထမဆုံးသော ချစ်သူ .. ။ နောက်ဆုံးချစ်သူလို့လည်း ပြောလို့ရပါတယ်။ တော်ကြာ လာမေးနေမှာစိုးလို့ 😛 ။
ပထမဆုံးရောက်ခဲ့သော နိုင်ငံခြား – လက်ရှိနေထိုင်နေသော ကျွန်းကလေး။
ပထမဆုံး ချက်ဖူးသောဟင်း – ကျွန်မအသက်၁၈နှစ်ကျော်မှ ဟင်းစချက်ဖူးတယ်လို့ပြောရင် လူတွေလှောင်မှာလားမသိ။ ချစ်သူရပြီးချိန် သူစားချင်တယ်ဆိုသော ကျွန်မလက်ရာအတွက် ပြင်ဆင်ခဲ့ချိန်ပါ။ မနှစ်က သူ့မွေးနေ့မှာ ကျွန်မ ကောင်းကောင်းချက်ကျွေးချင်တဲ့အတွက် မွေးနေ့မရောက်ခင် အဝေးကတည်းက အိမ်မှာ ဟင်းချက်စာအုပ်ကြီးဖွင့်ပြီး တစ်ယောက်တည်း စမ်းသပ်ခဲ့ချိန်ပါ။ ပထမဆုံးပြင်ဆင်ချက်ခဲ့သော ဟင်းများက ကန်စွန်းရွက်ချဉ်ရေဟင်း ၊ ကြက်သားသုပ်နှင့် ပုဇွန်ကြော်။
ပထမဆုံး အပြင်းအထန် မမျှော်လင့်စွာ စိတ်မကောင်းဖြစ်ရချိန် – ကျွန်မငယ်စဉ်ကတည်းက အပြင်းအထန် တစ်ခါမှ မတုန်လှုပ်ဖူးခဲ့။ ၂၀၀၇ခုနှစ် အစည်းအဝေးတစ်ခုမှအပြန် လမ်းကြုံသူတွေကို မိတ်ဆွေတစ်ဦးက ကားနဲ့ပြန်လိုက်ပို့ပေးချိန် .. ကျွန်မ ရင်ထဲ တစ်စုံတစ်ယောက်နှင့် ပတ်သတ်ပြီး ဒွိဟဖြစ်နေသောအရာတစ်ခုကို ထိုမိတ်ဆွေက ရှင်းပြပြောဆိုပေးခဲ့သော နေ့ရက် .. ။ အဲဒီစကားလေးတစ်ခွန်းက ကျွန်မဘ၀တစ်ခုလုံး ဆုံးဖြတ်ချက်ကို တော်တော်လေး တုန်လှုပ်စိတ်မကောင်းဖြစ်သွားစေခဲ့ပါတယ်။
ပထမဆုံး အရှုံးပေးလိုက်ရသော အရာ – တစ်စုံတစ်ယောက်၏ ကံကြမ္မာ။
ပထမဆုံး ဘုရားပေးသည့် အမြတ်တနိုးလက်ဆောင် – ကျွန်မရင်ထဲက ခံစားမှု ၊ နာကျင်မှု ၊ ကြေကွဲမှု အားလုံးကို သိရှိနားလည်ပေးခဲ့သော ချစ်သူ .. ။ ဘ၀၏ဘယ်လိုအခြေအနေမှာမဆို ကျွန်မနားမှာ ခိုင်ခိုင်မြဲမြဲရပ်တည်ပေးနေခဲ့သူ။ ဒါတွေကြောင့်လည်း ကျွန်မနှလုံးသားဗီဇဟာ အများကြီး စိတ်လျှော့ပေးနိုင်ခဲ့ပါတယ်။
ပထမဆုံးသောက်ဖူးသည့် ဆေးလိပ်၊အရက် – ကျွန်မအဖွားက ဆေးပေါ့လိပ်တွေ သောက်တဲ့အတွက် တစ်ရက်မှာ သူက ကျွန်မကို မီးသွားတို့ခိုင်းချိန် ဆေးပေါ့လိပ်သောက်ရင် ဘာအရသာရှိလည်းဆိုပြီး ကျွန်မစမ်းပြီး သောက်ကြည့်လိုက်တာ ချောင်းတွေဆိုး ၊ လည်ချောင်းတွေသီးပြီး မွှန်သွားတာပဲ သိလိုက်ပါတယ်။ အရက်နှင့်ပတ်သတ်ပြီးက .. ကျွန်မငယ်ငယ်လေးတုန်းက အဖေ မြန်မာပြည်ကိုပြန်လာစဉ် သူငယ်ချင်းတွေနဲ့ အပျော်တမ်း သောက်နေချိန်မှာ ကျွန်မ အအေးခွက်နဲ့သူတို့အရက်ခွက်ကို မှားပြီးသောက်ချလိုက်မိတာ လည်ချောင်းတွေပူပြီး ခေါင်းတော်တော်မူးသွားတာပဲ မှတ်မိတော့တယ်။ ကလေးပဲရှိသေးတဲ့အတွက် အိပ်ပျော်သွားတယ်လို့ ထင်ပါတယ်။
ပထမဆုံးလိမ်ညာလှည့်စားခံရမှု – ကျွန်မအမြဲတမ်းကူညီနေခဲ့ရတဲ့ အခင်ဆုံးသူငယ်ချင်းတစ်ယောက်က မြန်မာငွေ(၅)သိန်းကျော် ခဏယူပြီး ယုံကြည်ခင်မင်မှုတွေကို တန်ဖိုးဖြတ်အလွဲသုံးစားလုပ်ကာ အဆက်သွယ်မလုပ် ၊ ရှောင်ဖယ်ထွက်ပြေးသွားချိန် .. ။
ပထမဆုံး ဖတ်ဖူးသော ဘလော့ခ်များ – ဘယ်ဘလော့ခ်ကို အရင်စဖတ်ခဲ့သလဲ သေချာမမှတ်မိတော့ပေမယ့် ပထမဆုံးဖတ်ခဲ့ ၊ သိခဲ့သော ဘလော့ခ်ဂါများကတော့ ကိုညီလင်းဆက် ၊ ကိုဒဿန ၊ မောင်လေးထူးမြတ် ၊ ကိုချမ်းမြစိုး ၊ Myanmar Blues တို့ဖြစ်ပါတယ်။
ပထမဆုံး ရေးခဲ့ဖူးသော ကဗျာ – လှောင်အိမ်ထဲက ငှက်ငယ် ဆိုသော ကဗျာလေးပါ။
ပထမဆုံး ရေးခဲ့ဖူးသော ၀တ္ထုတို – `အချစ်လို့မထင်ခဲ့တဲ့အချစ်´ ၀တ္ထုတိုလေးပါ။ ပလန်းနက်မှာ တင်ခဲ့ဖူးပါတယ်။ ပလန်းနက်ဝဘ်ဆိုဒ်ကြီး ရေစုန်မျောသွားတော့ အဲဒီတစ်ပုဒ်ကို မကူးထားခဲ့မိတဲ့အတွက် ပြန်ရှာမရတော့ပါဘူး။ နောက်ပိုင်း ချယ်ရီသစ္စာ နှင့် သံလွင်အိပ်မက်က စာမူတွေတော့ လက်ဝယ်ရှိနေဆဲ .. ။
အကောင်းဆုံးကို မှတ်မိသလောက် ကြိုးစားပြီး ရေးပေးလိုက်ပါတယ် အကိုမင်းမင်းရေ။ ပထမဆုံးဆိုသော ခေါင်းစဉ်လေးက အရမ်းကိုနက်နဲသိမ်မွေ့ပါတယ်။ မိမိရေးရင်ရေးသလောက် ဖြစ်လာတာမို့ ကိုယ်ရေးရာဇ၀င်တောင် ဖြစ်လာနိုင်ပါသေးတယ်။ မိမိစိတ်ကူးထဲမှ မှတ်မိသလောက် ပထမဆုံးများကို ရေးပေးဖို့အတွက် ကျွန်မTAG မည့် အသိများက
၃) ကိုညီလင်းသစ်
၎) ကိုပေါ
၅) Green Girl
၆) သံလွင် Hero တို့ပဲဖြစ်ပါတယ်။
12 Comments so far
Leave a comment
ပထမဆုံး ဘုရားပေးသည့် အမြတ်တနိုးလက်ဆောင်..It’s not Buddha way,if you are Christian, i am sorry.
Comment by Anonymous October 3, 2008 @ 6:57 amaung maw
ညီမလေး လင်းလက်ရေ- အချစ်တွေ စိုလက် ရွှန်းမြ နေတဲ့..ပထမဆုံး တွေကို ဖတ်သွားတယ်။ မကြာခင် လာတော့မယ့်..ပထမ ဆုံး တခု အတွက် လည်း.. ပျော်ရွှင်ပါစေ။
Comment by Kay October 3, 2008 @ 7:21 amသတိတရ ထည့် TAG ထားတဲ့အတွက် ကျေးဇူးပါ ညီမလေးရေ…ရေးပေးမယ်နော် 🙂
Comment by GreenGirl October 3, 2008 @ 11:35 amပိုက်ဆံလိမ်သွားတာကိုတော့နှမျောဆုံးပဲ…
Comment by သံလွင် HeRo October 3, 2008 @ 3:05 pmငါးသိန်းကြီးများတောင်…အားလားလား
Gucci တစ်အိတ်လောက်ဝယ်လို့ရတယ်…
အောင်မြင်စွာ ရေးပြီးကြောင်း အစီရင်ခံ တင်ပြအပ်ပါသည်ခများ…
Comment by Htoo Myat October 4, 2008 @ 5:31 amငါ့ညီမတယောက်လဲ ဒီပို့စ်နဲ့မှ အကုန်ပေါ်တော့တာပဲ ထင်တယ်။ 😛 ဒါတောင် ချန်ထားတာတွေ ရှိသေးလား မသိပါဘူး။ ဖုန်းဘေလ်တွေ အပြန်အလှန်တက်ကြတဲ့ ပထမဆုံးကို ဖတ်ပြီးတော့ ပြုံးနေတာကွ။ 😀
Comment by ကလိုစေးထူး October 5, 2008 @ 6:59 amညီမလေးရေ…ရေးပြီးပါပြီကွယ် 🙂
Comment by GreenGirl October 5, 2008 @ 7:57 amရေးပါ့မယ်။ ခေါင်းစဉ်တော့ နည်းနည်းကွဲမယ်။ အခုတော့ ရေးဘို့ အားယူနေတုန်း။
Comment by Ko Paw October 6, 2008 @ 12:55 amညီမလေးရေ မင်္ဂလာဆောင်ကျရင်တော့ ပို့စ် အရှည်ကြီးကို ဓါတ်ပုံတွေနဲ့တကွ တင်ရမယ်နော်
တို့တွေ မမြင်ဘူးရပေမယ့် စာဖတ်ပြီးခင်နေတဲ့ ဘလော့ဂါတွေကိုရော ဖိတ်ထားရဲ့လား
ညီမလေး မင်္ဂလာပွဲ အောင်မြင်ပျော်ရွှင်စွာ ရောက်ရှိခံစားနိုင်ပါစေ..
ချစ်တဲ့
Comment by Anonymous October 6, 2008 @ 5:45 am…
ွဇာတိတူ(မွေးရပ်တူ) သူလို့ သယ်ရင်းတစ်ယောက်က ပြောလို သိပါတယ်.မင်္ဂလာပါ။
Comment by puluque October 8, 2008 @ 7:39 amညီမရေ ပထမဆုံးဟင်းချက်ပုံကို ဖတ်ပြီး မြင်ယောင်လာတယ်။ စာအုပ်ကြီး ဘေးမှာချ၊ ဟင်းအိုး ပြေးမွှေလိုက်၊ စာအုပ်ပြေးကြည့်လိုက် နဲ့  ဒေါင်ချာစိုင်းနေတဲ့ပုံကို။
Comment by ဇင်ယော် October 11, 2008 @ 6:10 pmပထမဆုံး ရေးခဲ့ဖူးသော ၀တ္ထုတို – `အချစ်လို့မထင်ခဲ့တဲ့အချစ်´ ၀တ္ထုတိုလေးပါ။ ပလန်းနက်မှာ တင်ခဲ့ဖူးပါတယ်။ ပလန်းနက်ဝဘ်ဆိုဒ်ကြီး ရေစုန်မျောသွားတော့ အဲဒီတစ်ပုဒ်ကို မကူးထားခဲ့မိတဲ့အတွက် ပြန်ရှာမရတော့ပါဘူး။
ဖြစ်တတ်ပါတယ်လေ..။ ဒါမျိုးတွေကတော့။ ကျွန်တော်တောင် နှမြောသလိုဖြစ်မိပါတယ်..။ ဘာလို့လဲဆိုတော့ ပထမဆုံးအမှတ်တရ ကလေးမိုလို့လေ..။
Comment by tattlu October 20, 2008 @ 6:25 pm