ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ

http://linletkyalsin.myanmarbloggers.org
January 31, 2008, 3:45 pm
Filed under: Lin Let Kyal Sin

ကျွန်မ၏ ဤဘလော့ခ်ကို မြန်မာပြည်တွင်းမှ မိတ်ဆွေမောင်နှမများ http://linletkyalsin.myanmarbloggers.org လိပ်စာဖြင့် ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ www.linletkyalsin.com နှင့် http://linletkyalsin.blogspot.com လိပ်စာနှစ်ခုလုံးကို မြန်မာပြည်ဘက်မှ ၀င်ရောက်ကြည့်ရှုမရတော့၍ လိပ်စာအသစ်တစ်ခုကို ထပ်မံဖွင့်ပေးလိုက်ပါတယ်ရှင်။ ဤလိပ်စာသစ်ရရှိရေးအတွက် ကူညီပေးခဲ့သော မမမယ်လိုဒီမောင်အား ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။

နည်းပညာနယ်ပယ်ကို သေနတ်နှင့် ချိန်ရွယ်နေတဲ့ စစ်အစိုးရ … ပညာရှင်အားလုံး စုပေါင်းကာကွယ်ကြ (မင်းထက်ဘုန်းမြတ်)
January 31, 2008, 12:56 am
Filed under: Articles

စစ်အစိုးရဟာ သံဃာတော်များဦးဆောင်တဲ့ စက်တင်ဘာလူထုလှုပ်ရှားမှုပြီးဆုံးသွားချိန်မှ စတင်ကာ နိုင်ငံရေးနှင့်ပတ်သက်လျှက်ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်များစွာနှင့် လူထုလှုပ်ရှား မှုအတွင်း ပါဝင်ခဲ့သူများကို လိုက်လံဖမ်းဆီးခဲ့သည်ကို ကျွန်တော်များ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတိုင်း သိရှိပြီးဖြစ်ပါလိမ့်မယ်။ ယခုအချိန်မှာတော့ စစ်အစိုးရဟာ နိုင်ငံရေးနှင့်ပတ်သက်ပြီး လှုပ်ရှားသူအားလုံးကို ကြောက်လန့်အောင်ခြိမ်းခြောက် ဖမ်းဆီးနိုင်ခဲ့ပြီးဖြစ်သော်လည်း နိုင်ငံလှုပ်ရှားမှုများတွင် တစ်ခန်းတစ်ကဏ္ဍအနေဖြင့်ပေါ်ပေါက်လာကြပြန်တဲ့ နှစ်ဆယ့်တစ်ရာစု၏ သံတော်ဆင့်များဖြစ်ကြတဲ့ ဘလော့ဂါများကိုတော့ အရေးယူနိုင်ခြင်းမရှိသေးဘူးဘဲဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးနဲ့ပတ်သက်ပြီး အစိုးရကို ပွင့်လင်းပျက်သားစွာဝေဖန်ပြောဆိုရေးသားလျှက်ကြသော ဘလော့ဂါများကို ဖိနှိပ်အရေးယူမှုများ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလာကြပြန်ပြီဖြစ်တယ်ဆိုတာကို ဆိုက်ဘာအတိုက်အခံ မြန်မာဘလော့ဂါအားလုံးကို နှိုးဆော်သတင်းပေးလိုက်ပါရစေ။

ဒီလိုပဲ စစ်အစိုးရကိုလည်း ကျွန်တော်များ မြန်မာ့အရေးလှုပ်ရှားသူ ဘလော့ဂါများကိုယ်စားပြောကြားလို တဲ့ အကြောင်းအရာလေးတွေလဲရှိနေပြန်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ ဘလော့ဂါဆိုတာ ဂျိုပါ တဲ့သူတွေမဟုတ်ကြပါဘူး။ ကျွန်တော်တို့ဟာ အခြေခံပြည်သူလူထုတွေနှင့်အတူ ဘက်စ်ကား အတူစီးပြီးနေကြတယ်…ဒီလိုပဲ အခြေခံပြည်သူတွေနှင့်အတူ ခက်ခဲကြမ်းတမ်းတဲ့ စားဝတ်နေရေး ကိုအများနည်းတူ ဖြေရှင်းရင်ဆိုင်နေကြရသူတွေသာဖြစ်တယ်ဆိုတာပါပဲ။ ဒါကြောင့် ဘယ်လိုပင် ဆောင့်ဖမ်းစီးသည်ဖြစ်စေ ကျွန်တော်တို့ဟာ ပြည်သူထဲက ပြည်သူဖြစ်နေကြတဲ့အတွက် အမှန် တရားနဲ့ အများကောင်းကျိုးအတွက် ဆောင်ရွက်နေကြတဲ့ ကျွန်တော်တို့အတွက် အကာအကွယ် ဆိုတာရှိနေမှာပါပဲ။

ကျွန်တော်တို့ဟာ မြန်မာ့ဒီမိုကရေစီအရေးအတွက် အသက်စွန့်ကြိုးပမ်းသွားကြတဲ့ သူရဲကောင်းများအပေါ် တာဝန်ကျေသူများဖြစ်ဖို့ ကြိုးစားနေကြသူများသာလျှင်ဖြစ်ကြပါတယ်။ ကျွန်တော်တို့ဟာ သူတို့လို အသက်မစွန့်နိုင်ကြသေးပေမယ့် ကျွန်တော်တို့စွန့်နိုင်သည်များကို ကျွန်တော်တို့စွန့်နေကြခြင်းသာလျှင်ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ပြည်သူပြည်သားများ အားလုံးအတွက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးဆိုသည်များတွက် ကျွန်တော်တို့ဟာ ဆိုက်ဘာ တော်လှန်ရေးဆင်နွဲနေကြခြင်းဖြစ်ပါတယ်။ ဒါကြောင့် ယခုလို စစ်အစိုးရနှင့် ၄င်းတို့ရဲ့ အခြေခံ အာဏာပိုင်အဖွဲ့အစည်းများက ဆိုက်ဘာတော်လှန်ရေးသမားများအပေါ် အရေးယူဆောင်ရွက်နိုင် ခြင်းမရှိကြစေရန် သန်းပေါင်း (၆၀) ကျော်သော မြန်မာပြည်သူတို့ရဲ့ လွတ်လပ်ရေး၊ တရားမျှတရေး တို့အတွက် ဆောင်ရွက်နေကြသူ ဘလော့ဂါများအပေါ် စေတနာမေတ္တာတရားများရှေ့ထားပြီး ပညာရှင်အပေါ်မှ စစ်အစိုးရဲ့ ခြိမ်းခြောက်ရန်ပြုမှုကို အတူတကွပူးပေါင်းကာကွယ်ပေးကြဖို့ နိုးဆော်ချင်ပါ တယ်။

စစ်အစိုးရဟာ ယခုအချိန်မှာ ရန်ကုန်မြို့တွင်းရှိ အင်တာနက်ဆိုင်များမှာ စပိုင်ဆော့ဝဲ ယားများထည့်သွင်းပေးထားပြီး ဆောင့်ဆိုင်းကြည့်ရှုပြီး ဘလော့ဂါများကိုဖမ်းစီးနိုင်သလို အခြားပုံစံ တစ်မျိုးဖြစ်တဲ့ အင်တာနက်ဆိုင်များတွင် စွမ်းအားရှင်များကို ထည့်သွင်းပြီး နိုင်ငံရေးဝက်ဘ်ဆိုက် များကို ကြည့်ရှုသူ ဒါမှမဟုတ် ရေးသားသူများကို ဖမ်းဆီးနိုင်ဖို့အတွက် အကွက်ချစီမံလျှက်ရှိနေ ကြပါတယ်။ ဒါကြောင့် ပြည်တွင်းမှနေပြီး အနာဂတ်ဘ၀ရှေ့ရေးများကို ထည့်မတွက်ပဲ သန်းခြောက် ဆယ်သော ပြည်သူတို့အတွက် စွန့်လွှတ်အနစ်နာခံပြီး ဘလော့များရေးသားနေသော ဘလော့ဂါ များအတွက် မိမိတို့စီးပွားရေး၊ အကျိုးစီးပွားမပျက်ဆီးစေနိုင်စေမယ့် ဘယ်လိုအကြောင်းအကြောင့် ပဲဖြစ်ဖြစ် နည်းပညာရှင်များနှင့် အင်တာနက်ဆိုင်ပိုင်ရှင်များကို ဒီစာဖြင့် မေတ္တာရပ်ခံအပ်ပါတယ်။

မင်းထက်ဘုန်းမြတ်

(Update)Rambo 4 ရုပ်ရှင်ကားအား စင်္ကာပူရှိမျိုးချစ်မြန်မာများအားလုံး အတူကြည့်ရှုကြစို့
January 30, 2008, 2:51 pm
Filed under: Invitation, News And Activities
စင်္ကာပူရှိ ရွှေမြန်မာများအားလုံး တောင်းဆိုအားပေးမှုကြောင့် ယခင်ရုပ်ရှင်ရုံအနေအထားနှင့်လူဦးရေမှာ လာရောက်ကြည့်ရှုချင်သူများအားလုံးအတွက် မလုံလောက်ပေ။ စည်းလုံးညီညွတ်မှုကို ပြသသည့်အနေဖြင့် တချိန်တည်း တနေရာတည်းမှာ မျိုးချစ်မြန်မာအားလုံး ရမ်ဘိုကားအား အတူကြည့်ရှုနိုင်ရန်အတွက် ယခင်ရုပ်ရှင်ရုံအခန်းထက် လူဦးရေပိုဆန့်သော အခန်းကို စင်္ကာပူရှိ Overseas Burmese Patriots အဖွဲ့မှ အခက်ခဲများကြားမှ ရအောင်ကြိုးပမ်းပေးခဲ့ပြီးဖြစ်သည်။ ၃၀ရက်နေ့ ညနေခင်းမတိုင်ခင်အချိန်ထိ ယခင်လက်မှတ်များကို ၀ယ်ယူထားသော မိတ်ဆွေများအနေဖြင့် လက်မှတ်သစ်ကို မပျက်မကွက် အမြန်ဆုံးလာရောက် လဲပေးကြပါရန် လေးစားစွာ အသိပေးအပ်ပါသည်။ ၃၁ရက်နေ့ ညနေ ၇နာရီခွဲမတိုင်ခင်ထိ ပန်နီဆူးလားရှိ စင်းမြန်မာဆိုင်တွင် လဲပေးမည်ဖြစ်ပါသည်။ စိတ်အနှောင့်အယှက်တစ်စုံတစ်ရာဖြစ်မိပါက နားလည်ခွင့်လွှတ်ပေးပါရန် လေးစားစွာပန်ကြားအပ်ပါသည်။

Rambo 4 ရုပ်ရှင်ကားအား စင်္ကာပူရှိမျိုးချစ်မြန်မာများအားလုံး အတူကြည့်ရှုကြစို့
January 29, 2008, 1:28 am
Filed under: Invitation, News And Activities

ယခုနှစ် အခါသမယကို အဆုံးသတ် တိုက်ပွဲ ၂၀၀၈ (သို့) မင်္ဂလာရှိသောနှစ် ဖြစ်စေရန် ပြည်တွင်းပြည်ပရှိ မျိုးချစ်မြန်မာ လူတန်းစား အလွှာအသီးသီးမှ နည်းမျိုးစုံဖြင့် တိုက်ပွဲဝင်ကြရန် ပြင်ဆင်ပြုလုပ်နေကြသည်ကို မျိုးချစ်မြန်မာများ အားလုံး သိကြပြီး ဖြစ်ပေလိမ့်မည်။

ထိုသို့ ဖြစ်မြောက်ရန်မှာလည်း လူတစ်ဦး၊ အဖွဲ့အစည်း တစ်ဖွဲ့ ပြုလုပ်ရုံနှင့် မရရှိနိုင်ပါ။ မြန်မာပြည်သူ လူထု တစ်ရပ်လုံး စည်းလုံးညီညွတ်စွာ အင်တိုက်အားတိုက် ပါဝင်ဆင်နွှဲမှသာ ဖြစ်နိုင်မည်ကိုလည်း အားလုံး သဘောပေါက် နားလည်ပြီး ဖြစ်နေမည်ဟုလည်း အပြည့်အ၀ ယုံကြည်ပါသည်။

ပဏာမဦးစွာ စည်းလုံးညီညွတ်ကြောင်း ပြသသည့် အနေဖြင့် ကမ္ဘာတစ်ဝှမ်းတွင် ရုံတင်ပြသနေသော စစ်အာဏာရှင် မိစ္ဆာကောင်တို့၏ ယုတ်မာရက်စက်မှုကို ပေါ်လွင်ထင်ရှားအောင် ရိုက်ကူးထားသော RAMBO 4 အား ပြည်ပရောက် မျိုးချစ်မြန်မာများမှ လာမည့် တနင်္ဂနွေနေ့ (၃ ဖေဖော်ဝါရီလ၂၀၀၈)၊ ညနေ ၅း၅၅ နာရီ တွင် Bugis Cinema ၌ စင်္ကာပူရောက် မြန်မာများ အားလုံး အတူတကွ ကြည့်ရှု အားပေးနိုင်ရန် THEATRE တစ်ခုလုံးအား ကြိုတင်လက်မှတ် ၀ယ်ယူထားပြီး ဖြစ်ပါသည်။

စင်္ကာပူရှိ မျိုးချစ်မြန်မာများ အားလုံးသည်လည်း ပြည်တွင်းနှင့် အခြားသော ပြည်ပရှိ မျိုးချစ်မြန်မာများနှင့် တစ်သွေးတစ်သားတည်း ရှိကြောင်း ပြသသည့် အနေဖြင့် အတူတကွ ကြည့်ရှုကြပါရန် လေးလေးနက်နက် တိုက်တွန်းအပ်ပါသည်။

လက်မှတ် ၀ယ်ယူရန်
၁) Sin Myanmar ၂) လင်းလက် ၃) ရွှေနဒီ ၄) သပြေနု ၅) Vilas Saloon

လက်မှတ် တန်ဖိုး မူလတန်ဖိုးအတိုင်း $ 9.50

အချိန် နှင့် နေ့ရက်
ညနေ ၅း၅၅ နာရီ ၊ ၃ ရက် ဖေဖေါ်ဝါရီလ၂၀၀၈ ၊ တနင်္ဂနွေနေ့

နေရာ Bugis Junction, Shaw Theatre, Bugis 2

မှတ်ချက်။ မျိုးချစ်စိတ်အတက်ကြွလွန်ကြပြီး ရုပ်ရှင်ရုံထဲတွင် ရိုင်းစိုင်းစွာမပြုမူကြရန် ၊ မိမိလူမျိုးနှင့်နိုင်ငံ၏ဂုဏ်သိက္ခာကို ထိန်းသိမ်းသည့်အနေဖြင့် မည်သည့်ပြဿနာတစ်စုံတစ်ရာမျှ မဖြစ်ပေါ်စေရန် လာရောက်ကြမည့် မျိုးချစ်မြန်မာများအားလုံး ဂရုပြုပေးကြပါဟု ကျွန်မ လင်းလက်ကြယ်စင်မှ ဆန္ဒပြုပါတယ်ရှင်။

ပီနန်ဆရာတော်ကြီး ဦးပညာဝံသ၏ သြ၀ါဒပေးပွဲအခမ်းအနား
January 27, 2008, 3:49 pm
Filed under: Invitation

ပီနန်ဆရာတော်ကြီး ဦးပညာဝံသ၏ သြ၀ါဒပေးပွဲအခမ်းအနားကို ဇန်န၀ါရီလ ၂၉ရက်နေ့ (အင်္ဂါနေ့) ညနေ ၇နာရီခွဲတွင် စင်္ကာပူနိုင်ငံရှိ တိုပါးရိုးဘုန်းကြီးကျောင်းမှာ ပြုလုပ်ကျင်းပမှာ ဖြစ်ပါတယ်။ အားလုံး တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကျေးဇူးပြုပြီး အနီရောင်တီရှပ်ကို ၀တ်ဆင်ပေးခဲ့ကြဖို့ တိုက်တွန်းလိုပါတယ်။

လူမျိုးနှင့်နိုင်ငံသား
January 27, 2008, 12:24 am
Filed under: My Opinion

`ဘာလူမျိုးလဲ´

`ဘာနိုင်ငံသားလဲ´

ဒီမေးခွန်းတွေကို အပြင်ရောက်နေတဲ့ မြန်မာလူမျိုးတွေ ကြားဖူးနေကျ မေးခွန်းဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် နေထိုင်ခွင့်ပုံစံကို အမျိုးမျိုးခွဲထားတဲ့ စင်္ကာပူလိုနိုင်ငံမှာ ပိုကြားရပါလိမ့်မယ်။ အချို့လူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် စင်္ကာပူနိုင်ငံသားကိုပြောင်းယူသွားကြတဲ့လူတွေ အများကြီးပါ။ အပေါ်ယံမှာကြည့်ရင်တော့ `ဘာကြောင့်ပြောင်းကြတာလဲ´ဆိုသော မေးခွန်းကို နားမလည်ဖြစ်ကြပါလိမ့်မယ်။ စင်္ကာပူရဲ့အုပ်ချုပ်ပုံစည်းကမ်းအရ နေထိုင်ခွင့်ရထားတာချင်း မတူရင် စရိတ်တွေအားလုံးက မတူတာတစ်ချက် ၊ နိုင်ငံသားနှစ်ခုကို အတူတကွ ကိုင်ဆောင်ခွင့်မရှိတဲ့အချက်ရယ်ကြောင့် ပြောင်းသွားကြတာလို့ မြင်မိပါတယ်။ နေထိုင်ခွင့်တွေဖြစ်တဲ့ Student Pass ၊ Work Permit ၊ S Pass ၊ Permanent Resident & Singapore Citizenship အစရှိသဖြင့် အမျိုးမျိုးကွဲပြားမှုတိုင်းမှာ စရိတ်တွေအားလုံးကလည်း မတူကြပါဘူး။ အကွာခြားဆုံးကတော့ စင်္ကာပူလူမျိုးခံယူထားသူနှင့် အခြားနေထိုင်ခွင့်ကိုရထားသူတွေအားလုံးပါ။ အိမ်ဝယ်စရိတ် ၊ ဆေးကုသစရိတ် ၊ ကျောင်းစရိတ် အစရှိသဖြင့် အားလုံးကွာခြားပါတယ်။ ကွာခြားပုံခြင်းက အတော်ကွာခြားတာကိုလည်း သတိပြုမိကြပါလိမ့်မယ်။ မြန်မာနိုင်ငံဘက်မှာ ကွာခြားချက်ကတော့ စင်္ကာပူလူမျိုးခံယူလိုက်ရင် မြန်မာသံရုံးကိုနှစ်စဉ်ပေးဆောင်ရတဲ့ အခွန်စရိတ်များ မရှိတော့ခြင်းပါ။ စင်္ကာပူနှင့် မြန်မာပြည် နှစ်ဘက်လုံး အခြေအနေတွေကြောင့် စင်္ကာပူနိုင်ငံသား ပန်းရောင်ကဒ်ကလေးကို ပြောင်းလဲသွားကြတာ များပါတယ်။ စင်္ကာပူရဲ့ ခွဲခြားဆက်ဆံတဲ့ စံနစ်ကလည်း လူတွေကို နိုင်ငံသားပြောင်းလဲဖို့ အခွင့်အရေးရရင် ပိုမိုတိုက်တွန်းနေသလို ဖြစ်နေတတ်ပါတယ်။

ကျွန်မရဲ့မျက်လုံးထဲမှာတော့ `ဘာနိုင်ငံသားခံယူထားလဲ´ဆိုတဲ့ မေးခွန်းထက် `ဘာလူမျိုးလဲ ၊ ဘာတွေလုပ်နေလဲ ၊ ဘယ်လိုမျိုးစိတ်ဓါတ်ရှိလဲ´ဆိုတာကို ပိုမိုစိတ်ဝင်စားပါတယ်။ လူတစ်ယောက်နဲ့ အလုပ်တွဲလုပ်တော့မယ်ဆိုရင် ဘယ်နိုင်ငံသားခံယူထားလဲက ကျွန်မအတွက်တော့ သိပ်အရေးမကြီးလှပါဘူး။ သူ့ရဲ့လုပ်ဆောင်မှုအတိုင်းအတာကိုပဲ ကျွန်မက ကြည့်တတ်ပါတယ်။ မြန်မာလူမျိုးစစ်စစ်ဖြစ်ပြီး မြန်မာနိုင်ငံသားတွေဖြစ်တဲ့ နအဖ အသိုင်းဝိုင်းတစ်ခုလုံးက မြန်မာပြည်သူလူထုကို နှိပ်စက်နေကြတာထက် မြန်မာနိုင်ငံသားမဟုတ်တော့တဲ့ မြန်မာလူမျိုးပဲဖြစ်ဖြစ် ၊ အခြားလူမျိုးခြားပဲဖြစ်ဖြစ် ..မြန်မာပြည်ကောင်းဖို့အတွက် လုပ်ဆောင်နေကြရင် .. အဲဒီလူမျိုးတွေကို ပိုမိုကြိုဆိုပါတယ်။ အထူးသဖြင့် ကျွန်မတို့ မြန်မာအသိုင်းဝိုင်းက မြန်မာလူမျိုးအချို့က သဘောထားသိပ်မကြီးကြဘူး ။ နိုင်ငံသားနှစ်ခုကို အတူကိုင်ဆောင်ခွင့်မရှိတဲ့ စင်္ကာပူလိုနိုင်ငံမျိုးမှာ စင်္ကာပူနိုင်ငံသားခံယူထားပြီး မြန်မာ့အရေးတွေ တတ်နိုင်သမျှ ၀င်ရောက်ကူညီရင် အသိမှတ်သိပ်မပြုချင်သူတွေ ရှိပါတယ်။ တကယ်တော့ ဒီအတွေးအခေါ်က သိပ်နောက်ကျလွန်းပါတယ်။ စင်္ကာပူနိုင်ငံသားကိုခံယူထားပြီး မြန်မာ့အရေးကို မျိုးချစ်စိတ်ဓါတ်နှင့် တကယ်လုပ်နေသူတွေကို ဘာမှစွန့်လွှတ်ခြင်း ၊ ခံရခြင်းတွေ မရှိဘူးလို့ အပေါ်ယံသတ်မှတ်သူတွေရှိပါတယ်။ ကျွန်မစိတ်ထဲမှာတော့ အဲဒီလို မမြင်မိပါဘူး။ အဲဒီလိုလူမျိုးတွေမှာ စတေးရတာရှိပါတယ်။ သူဟာ စင်္ကာပူနိုင်ငံသားဖြစ်သွားတဲ့အတွက် မြန်မာ့အရေးကို မျိုးချစ်စိတ်ဓါတ်နှင့် ၀င်ရောက်လုပ်ကိုင်ချိန်မှာ ယုတ်မာတဲ့စစ်အာဏာရှင်အုပ်စုတွေ ဒုက္ခပေးလာရင် မြန်မာပြည်ပြန်ဝင်ခွင့် အခွင့်အလမ်း နည်းပါးသွားပါတယ်။ ဒါဟာ ထိုလူတွေအတွက် ကြီးမားသော ဆုံးရှုံးမှုပါ။ မြန်မာလူမျိုးတိုင်း အမိမြေမှာ ဆွေမျိုး အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်ဆိုတာရှိပါတယ်။ အားလုံးဟာ မိမိရပ်ရွာဒေသနှင့်တော့ ခွဲချင်စိတ်မရှိကြပါဘူး။

အချို့နေရာတွေမှာ မိမိရဲ့ မိသားစု ဘ၀အခြေအနေတွေအားလုံးနဲ့ ဆုံးဖြတ်ရတာတွေရှိပါတယ်။ အရိုးစွဲနေတဲ့ အတွေးအခေါ်ဟောင်းကြီးကိုတော့ ပစ်ပယ်သင့်ပြီလို့ ကျွန်မယူဆပါတယ်။ ကျွန်မ ဒီလိုပြောတော့ `မြန်မာပြည်မှာ မြန်မာလူမျိုး မြန်မာနိုင်ငံသားတွေလျော့နည်းသွားမှာပေါ့´ဆိုပြီး ပြန်တိုက်ခိုက်ချင် တိုက်ခိုက်ကြပါလိမ့်မယ်။ စာရွက်ပေါ်က ပြောင်းလဲပေါ်တစ်ခုဟာ ရွေးကောက်ပွဲဝင်မရတာ ၊ မဲပေးမရတာကလွဲရင် ကျန်တဲ့အပိုင်းတွေမှာ လုံးဝဆုံးရှုံးသွားတယ်လို့ မမြင်မိပါဘူး။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အခြေအနေ ၊ ဖြစ်တည်နေပုံတွေက မတူညီကြပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် အခြားနိုင်ငံသားခံယူထားပြီး မြန်မာပြည်အတွက် မျိုးချစ်စိတ်နဲ့လုပ်ကိုင်ပေးနေတယ်ဆိုရင် ကျွန်မတို့ လေးစားအသိမှတ်ပြုပေးရမှာပါ။ စင်္ကာပူတင်မဟုတ် နှစ်နိုင်ငံသားခံယူလို့မရတဲ့ အခြားနိုင်ငံမှာ လူမျိုးခြားနိုင်ငံသားခံယူထားတဲ့ မြန်မာတွေအနေနှင့်လည်း တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဘ၀အခြေအနေတွေပေါ်မှာ မူတည်ပါတယ်။ ကျွန်မတို့အားလုံးဟာ လူတွေအားလုံးရဲ့မတူညီတဲ့ ဘ၀အခြေအနေတွေပေါ်မှာ စာတန်းတစ်ခုတည်းနဲ့ ပုံသေသွားသတ်မှတ်လို့မရပါဘူး။ ဒါကို နားလည်သဘောပေါက်ကြဖို့ လိုအပ်ပါတယ်။ အမြင်ကျယ်ပြီး လူ့အခွင့်အရေးကိုစာနာ ၊ တရားမျှတမှုကိုမြတ်နိုး ၊ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ကျင့်သုံးမည့်အစိုးရဟာ အခြားနိုင်ငံသားခံယူထားသော မြန်မာများကို တစ်နေ့ မြန်မာပြည်မှာ `ပြည်တော်ပြန်´များအဖြစ် ပြန်လည်လက်ခံမယ်ဆိုတာ အခြားနိုင်ငံသားခံယူထားသူအားလုံးအတွက် ကျွန်မ ယုံကြည်မိပါတယ်။

`မြန်မာဟာ မြန်မာပဲ´ဆိုတာ မှန်ပါတယ်။ အားလုံးဟာ ဘယ်နိုင်ငံသားခံယူထားသည်ဖြစ်စေ မြန်မာပါလို့ ဖြေကြတာ များပါတယ်။ ဒါပေမယ့် စီးပွားရေးကိစ္စတွေအတွက် နိုင်ငံတကာလှည့်လည် ခရီးသွားချိန် ၊ အရှေ့ အနောက် တောင် မြောက် ကူးနေရချိန်တွေမှာ လေဆိပ်တစ်ခုကိုဝင်လို့ မြန်မာအနီရောင်ပါ့စ်ပို့ကြောင့် ဘေးဖယ်တန်းစီခံနေရတာတွေ ၊ ပိုမိုစစ်ဆေးတာတွေ ၊ ကြည့်ကြတဲ့မျက်လုံးတွေရဲ့အရောင်တွေအားလုံးအောက်မှာ မြန်မာလူမျိုးအားလုံးခံစားချက်တွေကတော့ တထပ်တည်းဖြစ်နေမှာပါ။ `မြန်မာဟာ မြန်မာပဲ ၊ မြန်မာပြည်မှာပဲ နေရမယ်´ စကားကို အမှန်တကယ်လက်တွေ့ကျင့်သုံးချင်ရင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့အတွက် မြန်မာလူမျိုး မြန်မာနိုင်ငံသားတွေအားလုံးနှင့် အခြားနိုင်ငံသားခံယူထားသော မြန်မာလူမျိုးများအားလုံးမှာ တာဝန်ကိုယ်စီရှိနေကြောင်း မမေ့မလျော့ လုပ်ဆောင်ကြဖို့က အများကြီးပိုအရေးကြီးပါတယ်။