ကျွန်မ၏ခံစားမှုများ သီကုံးရာ လွတ်လပ်ခြင်းအနုပညာ


လွတ်ကျခဲ့တဲ့မြို့တော်မှ မိတ်ဆွေတစ်ယောက်
February 6, 2008, 12:01 am
Filed under: Best Wishes

`ကိုနေဘုန်းလတ်´ကို လူချင်းမရင်းနှီးပေမယ့် စာပေအရတော့ အချင်းချင်းခင်မင်ရင်းနှီးနေပါတယ်။ ကိုနေဘုန်းလတ်အဖမ်းဆီးခံရတယ်သတင်းကြားမိတော့ အင်မတန်အံ့သြ၀မ်းနည်းမိသွားတယ်။ ပြစ်ချက်မရှိ ၊ အကြောင်းပြချက်မရှိဘဲ လူတစ်ယောက်ကို ကြက်ကလေး ငှက်ကလေးဖမ်းသလို ယုတ်မာရိုင်းစိုင်းစွာ ဖမ်းဆီးခဲ့တဲ့ နအဖလက်အောက်ငယ်သားတွေကို အော့နှလုံးနာမိပါတယ်။ မြန်မာဘလော့ခ်ဂါတွေကို အငြိုးထားတဲ့ စစ်အာဏာရှင်အုပ်စုဟာ အကြောင်းပြချက်မပေးဘဲ ယုတ်မာရမ်းကားနေကြပါတယ်။ အခြားမြန်မာဘလော့ခ်ဂါများအားလုံးလည်း မိမိတို့ရဲ့လုံခြုံရေးအတွက် အားလုံးဂရုစိုက်ကြဖို့ အကြံပြုချင်ပါတယ်။ ဆုတောင်းပေးတယ်ဆိုတာ အလုပ်မဖြစ်ပေမယ့် နှလုံးသွေးတွေနဲ့ ရင်းထားတဲ့ ခံစားချက်တွေနှင့်အတူ ရဲဘော်ရဲဘက်စိတ်မျိုးနဲ့ ကိုနေဘုန်းလတ် အမြန်ဆုံးပြန်လည်လွတ်မြောက်လာစေဖို့ ဆုတောင်းပေးနေမိပါတယ်။

လွတ်ကျခဲ့တဲ့မြို့တော်မှ မိတ်ဆွေတစ်ယောက်


ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း “မြို့စားကြီးနေဘုန်းလတ်” လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ”လွတ်ကျခဲ့တဲ့မြို့တော်” ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း “လွတ်ကျခဲ့တဲ့မြို့တော်”တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ်မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေလန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူအစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကိုမပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီးရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောကအကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကိုအပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခုဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင်သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီးစောင့်နေကြတယ်။ ” မြို့စားကြီး ” လို့ စနောက်ကြဖို့ စောင့်နေကြတယ် …ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက်အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကိုကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက်ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ
ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။


2 Comments so far
Leave a comment

မကြီးလင်းလက်လို့ ခေါ်မလို့ပဲ။ အိမ်မှာ အမတွေကို အမလို့ပဲ ခေါ်နေကြဆိုတော့ ကျွန်တော် တွေ့သမျှ မိန်းကလေးတွေ အမလို့ပဲ ခေါ်နေမိတယ်။ ခု ညီမလေးလို့ ခေါ်ရမလိုပဲ။ မလင်းလက်ရေ ကျွန်တော့ဘလော့မှာ ဒေါ်စု မိန့်ခွန်းလေးတွေကို Slide Show သဘောမျိုး လုပ်ထားတယ် မလင်းလက် ကြိုက်ရင် မလင်းလက်ဘလော့မှာ တင်ပေးဖို့ တောင်းဆိုချင်ပါတယ်။ အဲဒီ ကုဒ်လေးတွေကို ကြေညာ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိပါတယ်။ ဗိုလ်ချုပ်ပုံကိုလည်း ကိုဒေါင်းကြီးနှင့် တိုင်ပင်ပြီး အသစ်ပြန်လုပ်ထားပါတယ်။ ကုဒ်တွေလာယူလှည့်ပါဦး။ Chevron ဆန္ဒပြဖို့လည်း ကုဒ်လုပ်ထားပါတယ်။

ကျေးဇူး
အကို မင်းမင်း

ဟက်ဟက် အကိုဖြစ်ပြီ။

Comment by Min Min

ကိုနေဘုန်းလတ် ကို တော့ မ သိဘူးဗျာ၊
keyboard player blogger တွေ
တော့ အများကြီးနော် ၊လူတွေလဲ ဖတ် ရတာတွေ များ လို့ အတင်း တွေ ကော သတင်း တွေ ကော နဲ့
စိတ် ရှုပ် လာ မှာ သေချာတယ်၊
သတင်းတွေ ကလဲ blog တခု နဲ့တခု ထပ် နေ တာ ဘဲ၊
ဒီမိုသမား တွေ က လဲ အနှစ် ၂၀ လုံး လုံး ထောက်ပံ့ ကြေးလေး တွေနဲ့ ကြိတ် ဝါး လုပ် လာပြီး အစိုးရ ကို
အုပ် ချုပ် ရေး သက်တမ်း ရှည် အောင် လုပ် ခဲ့ ပြီး
အခု မှ ပြည်သူ ကိုရှေ့ တန်း အတင်းပြန် တွန်းပို့ ပြီး
ိdemocracy ကို နေ့ချင်းည ချင်း တိုက် ယူ ကြတော့ မဲ့
အတိုင်း ဘဲ ဗျာ
မြန်မာပြည် က ဆင်းရဲ သားတွေ နဲ့ ခပ်တုံး တုံး ပြည် သူတွေ ကတော့ အစိုးရ နဲ့ အလှပြ ပြည်ပ နိုင် ငံရေး သမားတွေ ရဲ့ အားပြိုင် နေ တဲ့ ထဲ မှာ စွမ်းအားရှင် တွေရဲ့ ဝါးရင်း တုတ် ဘဲ မိ မလား ၊ လုံထိန်းတွေ ရဲ့ ကျည် ဆန် ဘဲ ထိ မလား၊ တရိပ် ရိပ် တက် လာ တဲ့ ကုန် ဈေးနှုန်း နဲ့ ဘဲ ငတ် ပြီး သေ ကြ မလား တော့ မသိဘူး…..သားကောင် တွေတော့ ထပ် ဖြစ် ကြ အုန်းမယ်၊

Comment by Anonymous




Leave a comment